Library · my

Song of Songs 5

5:1 ငါ၏ကြင်ရာ​လောင်းနှမ၊ ငါ့ဥယျာဉ်တော်သို့ဝင်ခဲ့ပါပြီ။ ငါသည်မုရန်နှင့် သစ်ဆီမွှေးကိုစုသိမ်းလျက်၊ ရှိပါ၏။ ပျားရည်နှင့် ပျားလပို့ကိုစား၍ စပျစ်ရည်နှင့် နို့ကို​သောက်လျက်နေပါ၏။ ချစ်သူတို့စားကြ​လော့၊ သောက်ကြလော့။ မူးယစ်သည်တိုင်​အောင်​သောက်ကြလော့။ 5:2 ကျွန်မသည် အိပ်​ပျော်နေသော်လည်း ကျွန်မ၏စိတ်နှလုံးသည်နိုးထလျက်နေပါ၏။ အိပ်မက်ထဲတွင်ချစ်သူမောင်တော် တံခါးခေါက်သံကြားပါ၏။ ငါ၏အသဲစွဲချစ်သူ၊ ငါ၏ချိုးငှက်၊ အပြစ်ကင်းသူ၊ ငါ၏ချစ်နှမ၊ ငါ့အားဝင်ခွင့်ပြုပါလော့။ ငါ၏ဦးခေါင်းသည်နှင်းနှင့်လည်းကောင်း၊ ငါ၏ဆံပင်သည်နှင်း​ပေါက်နှင့်လည်းကောင်း၊ စိုစွတ်လျက်နေပါ၏။ 5:3 ငါ၏အဝတ်အစားများကိုချွတ်ထားပြီးလေပြီ။ သို့ဖြစ်၍အဘယ်ကြောင့်ပြန်လည်ဝတ်ဆင် ရပါမည်နည်း။ ခြေများကိုလည်းဆေးကြောပြီးလေပြီ။ အဘယ်ကြောင့်တစ်ဖန်ပြန်လည်ညစ်ပေ စေရပါမည်နည်း။ 5:4 ကျွန်မ၏ချစ်သူ​မောင်တော်သည် တံခါးကိုကိုင်လိုက်သောအခါ ကျွန်မသည်ရင်ခုန်လာပါ၏။ 5:5 ကျွန်မသည်မိမိချစ်သူအတွက်တံခါးကို ဖွင့်ရန်ထလိုက်သောအခါ ကျွန်မ၏လက်မှမုရန်ဆီသည် ယိုကျလာပါ၏။ ကျွန်မ၏လက်ချောင်းများမှတံခါးလက်ကိုင်ပေါ်သို့ စီးဆင်းလာပါ၏။ 5:6 ကျွန်မသည် မိမိကိုယ်တိုင်ချစ်သူမောင်တော်အား တံခါးကိုဖွင့်ပေးပါသော်လည်း၊ ချစ်သူမောင်တော်ကားမရှိ​တော့ပါ။ ကျွန်မသည်သူ၏အသံကိုအလွန် ကြားချင်လှပါသည်တကား။ သူ့ကိုရှာ​သော်လည်းမတွေ့ပါ။ ကျွန်မခေါ်သော်လည်းထူး​တော်မမူပါ။ 5:7 မြို့ကိုလှည့်လည်ကြသည့်ကင်းစောင့်တို့သည် ကျွန်မကိုတွေ့မြင်သောအခါနာကျင်စွာ ရိုက်နှက်ကြပါ၏။ မြို့ရိုးအစောင့်တပ်သားတို့သည်လည်း ကျွန်မ၏ခြုံထည်ကိုဆုတ်ဖြဲပစ်ကြပါ၏။ 5:8 ယေရုရှလင်မြို့သူတို့၊ ကျွန်မချစ်သူမောင်တော်ကို သင်တို့တွေ့လိုပါက၊ ကျွန်မသည်ချစ်စိတ်နှင့် နွမ်းနယ်လျက်နေကြောင်း ပြောပြရန်ကတိပြုပါလော့။ 5:9 အမျိုးသမီးတကာတို့၏အလှဘုရင်မ၊ သင့်ချစ်သူမောင်တော်သည်အခြားသူတို့နှင့် အဘယ်သို့ကွာခြားပါသနည်း။ သင့်အားကျွန်မတို့ကတိပေးရလောက်အောင် သင့်ချစ်သူသည်အဘယ်မျှအံ့ဩဖွယ် ကောင်းပါသနည်း။ 5:10 ကျွန်မ၏ချစ်သူမောင်တော်သည်ရုပ်ရည်ချောမော၍ ခွန်အားကြီးပါ၏။ လူတစ်သောင်းတွင်သူ့လိုလူ တစ်ယောက်သာရှိပါ၏။ 5:11 သူ၏မျက်နှာသည်ကြေးဝါအဆင်းရှိ၍ ချောမွတ်ပါ၏။ သူ၏ဆံပင်သည်လှိုင်းထလျက်၊ ကျီးအ၏ အဆင်းကဲ့သို့မည်းနက်ပါ၏။ 5:12 သူ၏မျက်လုံးများသည်ရေစီးသည့် ချောင်းငယ်အနီးတွင် နို့ရည်ချိုး၍ရပ်နေသည့်ချိုးငှက်နှစ်ကောင်ကဲ့သို့ လှပါ၏။ 5:13 သူ၏ပါးတို့သည်ဆေးပင်များ၊ နံ့သာပေါင်းပင်များနှင့် ပြည့်ဝသည့်ဥယျာဉ်ကဲ့သို့ရှုချင်ဖွယ်ကောင်းလှပါ၏။ သူ၏နှုတ်ခမ်းများသည် မုရန်ဆီသုတ်လိမ်းထားသည့် နှင်းပန်းများနှင့်တူပါ၏။ 5:14 သူ၏လက်များသည် အချိုးအစားကျပါ၏။ သူသည်ကျောက်မျက်ရတနာစီချယ်ထားသည့် လက်စွပ်များကိုလည်းဝတ်ဆင်ထားပေသည်။ သူ၏ကိုယ်ခန္ဓာသည်နီလာကျောက်များဖြင့် ချယ်လှယ်ထားသည့်ဆင်စွယ်ကဲ့သို့ချောမွတ်ပါ၏။ 5:15 သူ၏ပေါင်တို့သည်ရွှေဖိနပ်ခံထားသည့် ကျောက်ဖြူတိုင်များနှင့်တူပါ၏။ သူသည်မြင့်မားသည့်သစ်ကတိုးပင်များပေါက်ရာ လေဗနုန်တောင်ကဲ့သို့ခန့်ညားပါ၏။ 5:16 သူ၏နှုတ်ခမ်းသည်အလွန်ချစ်စရာကောင်း၍ သူ၏အပြုအမူမှန်သမျှသည်အလွန် နှစ်မြို့ဖွယ်ကောင်းပါ၏။ ယေရုရှလင်မြို့သူတို့၊ ဤကားငါ့ချစ်သူမောင်တော်၏ ပုံပန်းသဏ္ဌာန်ပင်ဖြစ်သတည်း။