Song of Songs 6
6:1 အမျိုးသမီးတကာတို့၏အလှဘုရင်မ သင့်ချစ်သူမောင်တော်သည်အဘယ်အရပ်သို့ သွားပါသနည်း။ သူသည်အဘယ်လမ်းသို့သွားပါသနည်း။ သင်နှင့်အတူဝိုင်း၍ရှာပေးနိုင်ရန် ကျွန်မတို့အားပြောကြားပါလော့။
6:2 ကျွန်မ၏ချစ်သူမောင်တော်သည် သစ်ဆီမွှေးပင်များပေါက်ရာသူ၏ဥယျာဉ်သို့ သွားတော်မူပါသည်။ သူသည်မိမိသိုးအုပ်စုကို ဥယျာဉ်ထဲတွင် ကျက်စားစေ၍နှင်းပန်းပွင့်များကို ဆွတ်ခူးလျက်နေပါ၏။
6:3 ကျွန်မ၏ချစ်သူမောင်တော်ကိုကျွန်မပိုင်၍ ကျွန်မကိုသူပိုင်ပါ၏။ သူသည်မိမိသိုးအုပ်စုကိုနှင်းပန်းပင်တောတွင် ကျက်စားစေတတ်ပါ၏။
6:4 ငါ၏ချစ်နှမ၊ သင်သည်ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၍ တိရဇမြို့ကဲ့သို့ရှုချင်စဖွယ် ကောင်းပါ၏။ ဤနှစ်မြို့စလုံးကဲ့သို့ပင်ရင်သတ် အံ့ဩလောက်အောင်လှပပါပေသည်။
6:5 သင်၏မျက်စိများကိုငါ့ဘက်သို့မလှည့်ပါစေနှင့်။ ယင်းတို့သည်ငါ့အားပြုစားထားလေပြီ။ သင်၏ဆံပင်သည်လည်း ဂိလဒ်တောင်ကုန်းများပေါ်မှ ခုန်ပေါက်ပြေးဆင်းလာသော ဆိတ်အုပ်ကဲ့သို့ကခုန်လှုပ်ရှားလျက်နေပါ၏။
6:6 သင်၏သွားများသည်ရေချိုးပြီးကာစသိုးစုကဲ့သို့ ဖြူဖွေးလျက်ရှိပါ၏။ တစ်ချောင်းမျှမကျိုးသေးပါ။ အားလုံးပင်အပြစ်ဆိုဖွယ်မရှိအောင် ကြည့်ရှု၍ကောင်းပါသည်။
6:7 သင်၏ပါးအို့ကလေးများသည်လည်း ဇာပုဝါနောက်ကွယ်တွင်သလဲသီးရောင် ထလျက်ရှိပါ၏။
6:8 ရှင်ဘုရင်တွင်မိဖုရားခြောက်ဆယ်၊ မောင်းမမိဿံရှစ်ဆယ်နှင့် အပျိုတော်များ မရေမတွက်နိုင်အောင်ရှိပါစေ။
6:9 သို့သော်ငါ့မှာချစ်သူတစ်ဦးတည်းသာရှိ၍ သူသည်ချိုးငှက်ကဲ့သို့မြတ်နိုးဖွယ်ကောင်းပါ၏။ သူသည်မိခင်၏တစ်ဦးတည်းသောသမီး အချစ်ဆုံးသောသမီးဖြစ်ပါ၏။ အမျိုးသမီးအပေါင်းတို့သည် သူ့ကိုကြည့်၍ ချီးကျူးကြပါ၏။ မိဖုရားများ၊ မောင်းမမိဿံများသည် သူ၏ဂုဏ်ကိုချီးကျူးသီဆိုကြပါ၏။
6:10 လင်းအရုဏ်တက်နှင့်တူသောမျက်စိဖြင့်ကြည့်သည့် အမျိုးသမီးကားအဘယ်သူဖြစ်ပါသနည်း။ သူသည်နေကဲ့သို့ထွန်းတောက်၍ လကဲ့သို့ လှပတင့်တယ်ပါ၏။
6:11 ငါသည်ချိုင့်ဝှမ်းတွင်ရှိသောအပင်ငယ်များ ကိုလည်းကောင်း၊ စပျစ်နွယ်များသစ်ရွက်ထွက်သည်ကိုလည်းကောင်း၊ ကြည့်ရှုရန်၊ ဗာဒံပင်များအကြားကိုဖြတ်ဆင်းခဲ့ပါ၏။
6:12 ငါသည်တုန်လှုပ်လျက်ရှိပါ၏။ သင်သည်ငါ့အားစစ်ပွဲဝင်ရန်စိတ်ဇောသန်သည့် ရထားမှူးကဲ့သို့၊ သင်နှင့် ချစ်ဖော်နှောရန်စိတ်ဇောသန်စေပါ၏။
6:13 အချင်းရှုလံမြို့သူ၊ ကပါလော့၊ ကပါလော့။ သင်ကသည်ကို အကျွန်ုပ်တို့ကြည့်ပါရစေ။ စီတန်းကြည့်ရှုနေသူတို့၏ကြားတွင် ကျွန်မကသည်ကို အဘယ်ကြောင့်သင်တို့ ကြည့်လိုကြပါသနည်း။