Song of Songs 8
8:1 ကျွန်မသည်မောင်တော်အား ကျွန်မမိခင်၏နို့ချိုကို သောက်စို့ခဲ့သူ၊ ကျွန်မ၏အကိုအရင်းအချာ ဖြစ်စေချင်စမ်းပါဘိ။ သို့မှသာလျှင် ကျွန်မသည်မောင်တော်နှင့်လမ်းတွင် တွေ့ဆုံ၍ မောင်တော်အားနမ်းရှုပ်ခဲ့သော် သူတစ်ပါးတို့ကဲ့ရဲ့မည်မဟုတ်ပါ။
8:2 မောင်တော်အားကျွန်မမိခင်အိမ်သို့ခေါ်ဆောင်ကာ ကျွန်မအား၊ ချစ်ဖော်နှောနိသျည်းကို သွန်သင်ပေးနိုင်ရန် အမွှေးအကြိုင်စိမ်ထားသည့်စပျစ်ရည်ကိုလည်းကောင်း၊ သလဲရည်ကိုလည်းကောင်းတိုက်ပါမည်။
8:3 မောင်တော်သည်မိမိ၏လက်ဝဲလက်ပေါ်တွင် ကျွန်မကိုအိပ်စေလျက်၊ လက်ယာလက်ဖြင့် ဖက်လျက်နေတော်မူ၏။
8:4 အချင်းယေရုရှလင်မြို့သူတို့၊ ကျွန်မတို့၏ချစ်ခြင်းမေတ္တာကိုအနှောင့်အယှက် မပေးရန်ကတိပြုကြပါလော့။
8:5 မိမိချစ်သူနှင့်လက်တွဲ၍ သဲကန္တာရမှလာနေသူကား အဘယ်သူဖြစ်ပါသနည်း။ ကျွန်မသည်မောင်တော်မွေးဖွားရာအရပ် သစ်သော့ပင်အောက်တွင် မောင်တော်အားနှိုးခဲ့ပါ၏။
8:6 ကျွန်မမှတစ်ပါးအခြားအဘယ်သူကိုမျှ ချစ်တော်မမူပါနှင့်၊ ကျွန်မမှတစ်ပါးအခြားအဘယ်သူကိုမျှ ပိုက်ပွေ့တော်မမူပါနှင့်။ အချစ်စိတ်သည်သေခြင်းကဲ့သို့တန်ခိုးကြီးပါ၏။ အချစ်မီးသည်မရဏာနိုင်ငံကဲ့သို့ ခွန်အားကြီးပါ၏။ ယင်းသည်ရုတ်တရက်အလျှံထကာ၊ အရှိန်ပြင်းသည့် မီးကဲ့သို့လောင်ကျွမ်းစေတတ်၏။
8:7 အချစ်မီးကိုရေဖြင့်ငြိမ်းသတ်၍ မရနိုင်ပါ။ ယင်းကိုအဘယ်မြစ်ရေမျှလည်း မလွှမ်းမိုးနိုင်ပါ။ လူသည်မိမိ၏စည်းစိမ်ဥစ္စာဖြင့် မေတ္တာကို ဝယ်ယူရန်ကြိုးစားလျှင်၊ ကဲ့ရဲ့လှောင်ပြောင်ခြင်းကိုသာ ခံရမည်။
8:8 ငါတို့တွင် ရင်သားမပေါ်သေးသည့် ညီမငယ်တစ်ယောက်ရှိပါ၏။ သူ့အားချစ်ကြိုက်သူပေါ်လာသောအခါ ငါတို့အဘယ်သို့ပြုရကြပါမည်နည်း။
8:9 အကယ်၍သူသည်မြို့ရိုးဖြစ်ပါကငါတို့သည် ထိုမြို့ရိုးပေါ်တွင် ငွေပြအိုးကို တည်ဆောက်ပေးမည်။ အကယ်၍သူသည် မြို့ရိုးတံခါးပေါက်ဖြစ်လျှင်မူကား ငါတို့သည် ထိုတံခါးပေါက်တွင် သစ်ကတိုးမှန်ပုံတံခါးများတပ်ဆင်၍ အကွယ်အကာပေးကြပါမည်။
8:10 ကျွန်မသည်မြို့ရိုးဖြစ်၍ ကျွန်မ၏ရင်းသားတို့သည် မြို့ရိုးပြအိုးများဖြစ်ပါ၏။ ကျွန်မသည်သူနှင့်အတူနေရလျှင်ရောင့်ရဲ၍ ရွှင်လန်းချမ်းမြေ့လျက်ရှိကြောင်း ကျွန်မ၏ချစ်သူမောင်တော်သိပါ၏။
8:11 ရှောလမုန်မင်းတွင် ဗာလဟာမုန်နာမည်တွင်သော အရပ်၌ဥယျာဉ်တစ်ခုရှိပါ၏။ မင်းကြီးသည် ဥယျာဉ်စောင့်တို့ကိုရွေးချယ်၍ သီးစားချထားတော်မူပါ၏။ သူတို့သည် မင်းကြီးအားငွေသားတစ်ထောင်စီ ဆက်သရကြ၏။
8:12 ရှောလမုန်မင်းသည် မိမိရထိုက်သည့် ငွေတစ်ထောင်ကိုလည်းကောင်း မင်းကြီး၏ဥယျာဉ်စောင့်တို့သည်မိမိတို့ဝေစု ငွေသားနှစ်ရာစီကိုလည်းကောင်းယူနိုင်ကြပါ၏။ ငါသည်မိမိ၏ကိုယ်ပိုင်ဥယျာဉ်ကိုမိမိလက်ဝယ် သိမ်းထားပါ၏။
8:13 ငါ၏ချစ်နှမ၊ ဥယျာဉ်ထဲမှသင်၏အသံကို ငါကြားပါရစေ။ သင်၏စကားသံကိုငါ၏အပေါင်းအဖော် များသည်လည်းနားစွင့်လျက်နေကြပါ၏။
8:14 ကျွန်မ၏ချစ်သူမောင်တော်၊ ဒရယ်ငယ် ကဲ့သို့လည်းကောင်း၊ နံ့သာပင်မျိုးစုံတို့ပေါက်ရောက်ရာတောင်များပေါ်က ဆတ်ထီးပျိုကဲ့သို့လည်းကောင်း၊ ကျွန်မထံသို့ကြွလာတော်မူပါ။ ရှောလမုန်မင်းကြီးသည် ခရစ်တော်နှင့်အသင်းတော်၏ မေတ္တာကိုကြောင်းပြု၍ စီရင်ရေးထားသော သီချင်းစာပြီး၏။