Song of Songs 7
7:1 သင်သည်အလွန်အံ့ဩဖွယ်ကောင်းသည့် အမျိုးသမီးဖြစ်ပါသည်တကား။ ကြိုးသိုင်းဖိနပ်စီးထားသောသင်၏ခြေတို့သည် အလွန်လှပတင့်တယ်ပါပေသည်။ သင်၏တင်သားများသည်၊ ပန်ချီဆရာ၏ လက်ရာနှင့်တူပါ၏။
7:2 သင်၏ချက်သည် အမွှေးအကြိုင်စိမ်ထားသည့် စပျစ်ရည်ခွက်နှင့်တူပါ၏။ သင်၏၀မ်းသည်နှင်းပန်းများစီချယ်ထားသည့် ဂျုံစပါးပုံနှင့်တူပါ၏။
7:3 သင်၏ရင်သားများသည်ဒရယ် အမွှာညီနောင်နှင့်လည်းကောင်း၊ သမင်နှစ်ကောင်နှင့်လည်းကောင်းတူပါ၏။
7:4 သင်၏လည်တိုင်သည်ဆင်စွယ်ရဲတိုက်နှင့်တူ၍ သင့်မျက်လုံးများသည် ဟေရှဘုံမြို့တံခါးအနီးရှိ ရေအိုင်များနှင့်တူပါ၏။ သင်၏နှာတန်သည်ဒမာသက်မြို့ကိုကွယ်ကာလျက် နေသောလေဗနုန်ရဲတိုက်နှင့်တူပါ၏။
7:5 သင်၏ဦးခေါင်းသည် ကရမေလတောင်ထိပ်ကဲ့သို့ မော့လျက်နေပါ၏။ ကျစ်ထားသည့်သင့်ဆံပင်သည် ပိတုန်းရောင်ထ၍ ဘုရင်မင်းကိုပင်ပြုစားနိုင်စွမ်းရှိပါ၏။
7:6 သင်သည်အလွန်ပင်လှပပါပေသည်။ အလွန်ချစ်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။
7:7 သင်ည်စွန်ပလွံပင်ကဲ့သို့ခန့်ညားတင့်တယ်လျက် သင်၏ရင်သားတို့သည် စွန်ပလွံသီးပြွတ်နှင့်တူပါ၏။
7:8 ငါသည်စွန်ပလွံပင်ကိုတက်၍အသီးများကို ဆွတ်ခူးပါမည်။ သင်၏ရင်သားတို့သည် စပျစ်သီးခိုင်နှင့်လည်းကောင်း၊ သင်ရှူထုတ်သောလေသည်သစ်သော့သီး ရနံ့နှင့်လည်းကောင်း၊
7:9 သင်၏နှုတ်သည်အချိုဆုံးစပျစ်ရည်နှင့်လည်းကောင်း၊ တူသည်ဟုငါထင်မှတ်၏။ ယင်းသို့ဖြစ်ပါမူထိုစပျစ်ရည်သည် ကျွန်ချစ်သူမောင်တော်၏နှုတ်ခမ်းများနှင့် သွားများကိုဖြတ်ကျော်၍ ခံတွင်းသို့ချောမွေ့စွာစီးဆင်းသွားပါစေ။
7:10 ကျွန်မ၏ချစ်သူမောင်တော်သည် ကျွန်မကိုပိုင်ပါ၏။ သူသည်ကျွန်မကိုတမ်းတလျက်နေပါ၏။
7:11 ကျွန်မ၏အသဲစွဲချစ်သူမောင်တော်၊ လာခဲ့ပါလော့။ လယ်ကွင်းများထဲသို့၊ သွားကြပါစို့။ ကျေးရွာများတွင် ညအခါတည်းခိုကြပါစို့။
7:12 ကျွန်မတို့သည်နံနက်စောစောထ၍စပျစ်ပင်များ ဖူးမဖူးကိုသော်လည်းကောင်း၊ စပျစ်ဖူးများအာလာသည်မလာသည် ကိုသော်လည်းကောင်း၊ သလဲပင်များပွင့်မပွင့်ကိုသော်လည်းကောင်း ကြည့်ရှုကြပါမည်။ ထိုအရပ်တွင်မောင်တော်အားကျွန်မ၏မေတ္တာကို အပ်နှင်းပါမည်။
7:13 ပီယဆေးသီးများ၏ရနံ့ကိုမောင်တော်ရရှိနိုင်ပါ၏။ ကျွန်မတို့အခန်းတံခါးအနီးတွင်ချိုမြိန်သော သစ်သီးမျိုးစုံရှိပါ၏။ အသည်းစွဲချစ်သူမောင်တော်၊ ကျွန်မသည် မောင်တော်အတွက်သစ်သီးမျိုးစုံကို သိုမှီးထားပါ၏။