Isaiah 39
39:1 ထိုအချိန်ကာလလောက်၌ပင်ဗာလဒန်၏ သားဗာဗုလုန်ဘုရင်မေရောဒပ္ဗာလဒန်သည် ဟေဇကိမင်းဖျားနာလျက်ရှိကြောင်းကြား သိရသဖြင့်၊ သဝဏ်လွှာတစ်စောင်နှင့်လက် ဆောင်ပဏ္ဏာပေးပို့ဆက်သလေ၏။-
39:2 ဟေဇကိသည်စေတမန်တို့ကိုလက်ခံပြီး လျှင် မိမိ၏ဘဏ္ဍာတော်များဖြစ်သည့် ရွှေ၊ ငွေ၊ နံ့သာမျိုး၊ နံ့သာဆီနှင့်လက်နက်ကိရိယာ ရှိသမျှတို့ကိုပြ၏။ ပစ္စည်းသိုလှောင်ခန်းများ နှင့်နိုင်ငံတော်အရပ်ရပ်တို့တွင်ထိုသူတို့ အားမင်းကြီးမပြသည့်အရာတစ်စုံ တစ်ခုမျှမရှိ။-
39:3 ထိုနောက်ဟေရှာယသည်ဟေဇကိမင်းထံ သွား၍``ထိုသူတို့သည်အဘယ်အရပ်မှလာ ပါသနည်း။ သူတို့ကအရှင့်အားအဘယ် သို့ပြောဆိုကြပါသနည်း'' ဟုမေး၏။ ဟေဇကိက``သူတို့သည်အလွန်ဝေးသော ဗာဗုလုန်ပြည်မှလာပါသည်'' ဟုဆိုလျှင်၊
39:4 ``သူတို့သည်နန်းတော်တွင်း၌အဘယ်အရာ များကိုတွေ့မြင်သွားကြပါသနည်း'' ဟု မေးမြန်း၏။ ဟေဇကိက``သူတို့သည်နန်းတော်တွင်း၌ရှိ သမျှသောအရာတို့ကိုတွေ့မြင်ကြပါ၏။ ပစ္စည်းသိုလှောင်ခန်းများတွင်သူတို့အားငါ မပြသောအရာတစ်စုံတစ်ခုမျှမရှိ'' ဟု မိန့်တော်မူ၏။
39:5 ထိုအခါဟေရှာယသည်မင်းကြီးအား၊ ``အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့် တော်မူသည်ကိုကြားနာလော့၊-
39:6 အရှင့်နန်းတော်တွင်ရှိသမျှသောအရာတို့ ကိုလည်းကောင်း၊ ယနေ့တိုင်အောင်အရှင့်ဘိုး ဘေးတို့စုဆောင်းထားရှိခဲ့သည့်ပစ္စည်းဥစ္စာ မှန်သမျှကိုလည်းကောင်း ဗာဗုလုန်ပြည်သို့ ဆောင်ယူသွားရာနေ့ရက်ကာလရောက်ရှိ လာလိမ့်မည်။ အဘယ်အရာတစ်စုံတစ်ခု မျှကျန်ရစ်လိမ့်မည်မဟုတ်။-
39:7 အရှင့်သားမြေးအရင်းအချာအချို့တို့ သည်လည်းအဖမ်းခံရလျက် ဗာဗုလုန်ဘုရင် ၏နန်းတော်တွင်မိန်းမစိုးများအဖြစ်ဖြင့် အမှုထမ်းရကြလိမ့်မည်'' ဟုလျှောက်လေ သည်။
39:8 ဤလျှောက်ထားချက်ကိုဟေဇကိမင်းသည် မိမိ၏လက်ထက်၌ငြိမ်းချမ်းမှုနှင့်ဘေးမဲ့ လုံခြုံမှုရှိလိမ့်မည်ဟု အနက်အဋ္ဌိပ္ပါယ် ကောက်ယူလျက်``ငါ့အားသင်ဖော်ပြသည့် ထာဝရဘုရားထံမှသတင်းတော်သည် ကောင်းပေ၏'' ဟုဆို၏။