Isaiah 40
40:1 သင်တို့ဘုရားသခင်က``ငါ၏လူမျိုးတော်ကို နှစ်သိမ့်စေကြလော့။ သူတို့ကိုနှစ်သိမ့်စေကြလော့။
40:2 ယေရုရှလင်မြို့သူမြို့သားတို့ကို အားပေးကြလော့။ သူတို့သည်ကြာမြင့်စွာဆင်းရဲဒုက္ခ ရောက်ခဲ့ကြသဖြင့်၊ သူတို့၏အပြစ်များကိုယခု ငါဖြေလွှတ်တော်မူပြီဖြစ်ကြောင်း၊ သူတို့အားကြားပြောကြလော့။ ငါသည်သူတို့အားမိမိတို့အပြစ်များ အတွက် အပြစ်ဒဏ်အပြည့်အဝခတ်ခဲ့လေပြီ'' ဟု မိန့်တော်မူ၏။
40:3 အသံတစ်ခုက``တောကန္တာရ၌ထာဝရဘုရား ကြွတော်မူရန်ခရီးလမ်းကိုအသင့်ပြင်ကြလော့၊ ငါတို့ဘုရားသခင်ကြွတော်မူရန် လမ်းကိုရှင်းလင်းကြလော့။
40:4 ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကိုဖြိုချရကြလိမ့်မည်။ တောင်ကုန်းများသည် မြေညီဖြစ်လျက် ကြမ်းတမ်းသည့်နယ်မြေသည် ချောမော၍လာရလိမ့်မည်။
40:5 ထိုအခါထာဝရဘုရား၏ဘုန်းအသရေ တော်သည် ပေါ်လွင်ထင်ရှားလာမည်ဖြစ်၍၊ လူသတ္တဝါအပေါင်းတို့သည်ထိုဘုန်း အသရေတော်ကိုဖူးမြင်ရကြလိမ့်မည်။ ယင်းသို့ဖြစ်ပျက်စေရန်ထာဝရဘုရား ကိုယ်တော်တိုင်ကတိပြုတော်မူလေပြီ'' ဟု ကြွေးကြော်လေသည်။
40:6 ထိုအသံက``ကြွေးကြော်လော့'' ဟုဆိုသဖြင့် ``အဘယ်အရာကိုကြွေးကြော်ရပါမည်နည်း'' ဟုငါမေးလျှင် ``လူသတ္တဝါအပေါင်းတို့သည်မြက်ပင်နှင့်တူ ကြောင်းနှင့် တောပန်းများကဲ့သို့တာရှည်မခံကြောင်းကို ကြွေးကြော်လော့။
40:7 ထာဝရဘုရားစေလွှတ်တော်မူသည့်လေနှင့် ထိသောအခါ၊ မြက်ပင်သည်သွေ့ခြောက်လျက်ပန်းများသည်လည်း ညှိုးနွမ်း၍သွားတတ်၏။ လူတို့သည်မြက်ပင်တမျှသာလျှင် သန်မာကြပါသည်တကား။
40:8 မြက်ပင်သည်အမှန်ပင်ခြောက်သွေ့လျက် ပန်းများသည်လည်းအမှန်ပင်ညှိုးနွမ်းတတ်၏။ သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်သည် အဘယ်အခါ၌မျှမပျောက်မပျက်တတ်'' ဟု ဆို၏။
40:9 အို ယေရုရှလင်မြို့၊ မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။ အို ဇိအုန်တောင်၊ အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။ မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ ယုဒမြို့များအားသူတို့၏ဘုရားသခင် ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။
40:10 ထာဝရအရှင်ဘုရားသခင်သည် မိမိကယ်တင်ထားတော်မူသည့် လူတို့ကိုခေါ်၍ တန်ခိုးတော်နှင့်အုပ်စိုးရန်ကြွလာ တော်မူလိမ့်မည်။
40:11 ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
40:12 သမုဒ္ဒရာရေကိုလက်ခုပ်ဖြင့်ချင်တွယ်နိုင်သူ၊ သို့တည်းမဟုတ်၊မိုးကောင်းကင်ကိုလက်နှင့်ထွာ၍ တိုင်းတာနိုင်သူရှိပါသလော။ မြေဆီလွှာရှိသမျှကိုခွက်ဖလားတွင်ထည့် ထားနိုင်သူ၊ သို့တည်းမဟုတ်တောင်ကြီးတောင်ငယ်တို့ကို ချိန်ခွင်နှင့်ချိန်စက်နိုင်သူရှိပါသလော။
40:13 ထာဝရဘုရားအားအဘယ်သို့ပြုရမည် ဟု ပြောဆိုနိုင်သူရှိပါသလော။ အဘယ်သူသည်ကိုယ်တော်အားသွန်သင် နိုင်ပါသနည်း။ သို့တည်းမဟုတ်အကြံဉာဏ်ပေးနိုင် ပါသနည်း။
40:14 ဤမည်သောအမှုတို့ကိုအဘယ်သို့ပြုရ မည်ကို သိနိုင်ရန် အသိပညာနှင့်ဉာဏ်ပညာများကိုရရှိ နိုင်ရန် ကိုယ်တော်သည် အဘယ်သူနှင့်တိုင်ပင်တော်မူပါသနည်း။
40:15 ထာဝရဘုရား၏ရှေ့တော်၌လူမျိုးတကာ တို့သည် ဘာမျှမဟုတ်ပါ။ သူတို့သည်ရေစက်တစ်စက်ကဲ့သို့သာ ဖြစ်ပေသည်။ ရပ်ဝေးရှိကျွန်းတို့သည်လည်းမြူမှုန်တမျှ သာလျှင် အလေးချိန်စီးကြ၏။
40:16 လေဗနုန်တောတွင်ရှိသမျှသောတိရစ္ဆာန်တို့ သည် ငါတို့ဘုရားသခင်အားယဇ်ပူဇော်ရန်အတွက် မလုံလောက်။ ထိုတောမှသစ်ပင်တို့သည်လည်းမီးမွှေးရန်အတွက် မလုံလောက်။
40:17 လူမျိုးတကာတို့သည်ကိုယ်တော်၏ရှေ့တော်၌ အချည်းနှီးသာဖြစ်ကြ၏။
40:18 ဘုရားသခင်အားအဘယ်သူနှင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ပုံသဏ္ဌာန်တော်ကိုသင်တို့ အဘယ်သို့ဖော်ပြနိုင်ပါမည်နည်း။
40:19 ကိုယ်တော်သည်အတတ်ပညာသည်များသွန်း လုပ်၍၊ ပန်းထိမ်ဆရာတို့ရွှေဖြင့်မွမ်းမံကာ၊ငွေ အခြေခံတွင် တပ်ဆင်ထားသည့်ရုပ်တုနှင့်မတူ။
40:20 ငွေ၊ရွှေ၊မတတ်နိုင်သူသည်မဆွေးမြေ့နိုင်သည့် သစ်သားကိုရွေးချယ်တတ်၏။ သူသည်မြဲမြံစွာရပ်တည်နိုင်သည့် ရုပ်တုကိုပြုလုပ်ရန်ကျွမ်းကျင်သူပန်းပု ဆရာကို ရှာတတ်၏။
40:21 ကမ္ဘာမြေကြီးအဘယ်သို့ဖြစ်ပေါ်လာသည် အကြောင်းကိုသင်တို့မကြားဘူးကြပါသလော။ ရှေးမဆွကပင်လျှင်သင်တို့အားဖော်ပြခဲ့သူ မရှိပါသလော။ သင်တို့မကြားဘူးကြမသိကြပါသလော။
40:22 ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
40:23 ကိုယ်တော်သည်တန်ခိုးကြီးသောဘုရင်တို့ကို ဖြုတ်ချတော်မူ၍၊ ထိုသူတို့ကိုမရေရာသောသူများအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။
40:24 သူတို့သည်စိုက်ပျိုး၍အမြစ်စွဲကာစ အပင်ငယ်များနှင့်တူကြ၏။ ထာဝရဘုရားသည်လေကိုတိုက်စေတော်မူ သောအခါ၊ ထိုအပင်တို့သည်ခြောက်သွေ့၍ဖွဲသဖွယ် လွင့်ပါသွားကုန်၏။
40:25 မြင့်မြတ်သန့်ရှင်းတော်မူသောဘုရားသခင်ကို အဘယ်သူနှင့်နှိုင်းယှဉ်နိုင်ပါမည်နည်း။ ကိုယ်တော်နှင့်တူသောသူတစ်စုံတစ်ယောက် ရှိပါသလော။
40:26 မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။ သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ် ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်ကြယ်များကိုရေတွက် ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့် ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။
40:27 အို ဣသရေလအမျိုးသားတို့၊ ထိုသို့ဖြစ်ပါမူ ထာဝရဘုရားသည်သင်တို့၏ဆင်းရဲဒုက္ခ များကို သိတော်မမူဟူ၍သော်လည်းကောင်း သင်တို့၏အမှုကိစ္စများအဆင်ပြေရေးအတွက် စိတ်ဝင်စားတော်မမူဟူ၍သော်လည်းကောင်း အဘယ်ကြောင့်သင်တို့သည် ညည်းညူကြပါသနည်း။
40:28 ထာဝရဘုရားသည်ကာလအစဉ်အဆက် တည်တော်မူသောဘုရားသခင်ဖြစ်တော်မူသည်ကို သင်တို့မသိကြပါသလော။ မကြားဘူးကြပါသလော။ ကိုယ်တော်သည်ကမ္ဘာလောကကို ဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အဘယ်အခါ၌မျှမောပန်း နွမ်းလျတော်မမူပါ။ အဘယ်သူမျှကိုယ်တော်၏အကြံအစည်တော် တို့ကို နားမလည်နိုင်ပါ။
40:29 ကိုယ်တော်သည်နွမ်းလျမောပန်းသူတို့ကို အားပေးတော်မူပါ၏။
40:30 အသက်အရွယ်ငယ်သူများပင်လျှင် နွမ်းလျမောပန်းတတ်ကြ၏။ လူငယ်လူရွယ်များသည်အားအင်ကုန်ခန်း၍ လဲကျကြလေသည်။
40:31 သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။