Jeremiah 22
22:1 ထာဝရဘုရားသည်ငါ့အားယုဒနန်းတော် သို့သွား၍ ဒါဝိဒ်မင်း၏သားမြေးများ၊ ယုဒ ရှင်ဘုရင်မင်းကြီးနှင့်အတူသူ၏မှူးမတ် များနှင့်ယေရုရှလင်မြို့သူမြို့သားများ အားပြောကြားရန် ဤသို့မိန့်တော်မူသည်မှာ၊-
22:3 `ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
22:4 သင်တို့သည်ငါပညတ်တော်မူသည့်အ တိုင်းအကယ်ပင်လိုက်လျှောက်ပြုကျင့်ကြ မည်ဆိုပါမူ ဒါဝိဒ်မင်း၏ရာဇပလ္လင်တွင် ထိုင်လျက်ရှိသောဘုရင်တို့သည် ဆက်လက် ၍မင်းပြုရကြလိမ့်မည်။ ထို့ပြင်သူတို့ သည်မိမိတို့၏မှူးမတ်များ၊ ပြည်သူများ နှင့်အတူမြင်းရထားများ၊ မြင်းများကို စီး၍ဤနန်းတော်ဝင်းတံခါးများကို ဝင်ထွက်သွားလာရကြလိမ့်မည်။-
22:5 သို့ရာတွင်အကယ်၍သင်တို့သည်ငါ၏ စကားကိုနားမထောင်ကြပါမူ ဤနန်း တော်သည်ယိုယွင်းပျက်စီး၍သွားလိမ့်မည် ဖြစ်ကြောင်းသင်တို့အားကျိန်ဆိုပြောကြား ၏။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏ဟုမိန့်တော်မူ၏။
22:6 ``ငါ၏အဖို့ယုဒဘုရင်၏နန်းတော်သည် ဂိလဒ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောင် ထိပ်ကဲ့သို့လည်းကောင်းလှပတင့်တယ်သော် လည်း ငါသည်ထိုအရပ်ကိုလူသူဆိတ် ငြိမ်ရာသဲကန္တာရဖြစ်စေမည်။
22:7 ထိုနန်းတော်ကိုဖြိုဖျက်ရန် လူများကိုငါ စေလွှတ်မည်။ သူတို့သည်ပုဆိန်များကိုယူ ဆောင်လာပြီးလျှင် လှပသည့်အာရစ်တိုင် ကြီးများကိုခုတ်လှဲ၍မီးထဲသို့ပစ်ချ ကြလိမ့်မည်။
22:8 ``ထိုနောက်လူမျိုးခြားအများပင် အနီးမှ ဖြတ်သန်းသွားလာကြလျက် ဤမြို့တော် ကြီးကိုအဘယ်ကြောင့်ငါထာဝရဘုရား ဤသို့ဖြိုဖျက်စေတော်မူရကြောင်းကို သူ တို့အချင်းချင်းမေးမြန်းကြလိမ့်မည်။-
22:9 သင်တို့သည်မိမိတို့ဘုရားသခင်တည်းဟူ သော ငါနှင့်ပြုခဲ့သည့်ပဋိညာဉ်တော်ကိုစွန့် ပစ်၍ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်ကြသဖြင့် ဤသို့ဖြစ်ရကြောင်းကို လည်းအချင်းချင်းပြန်လည်ပြောကြား ကြလိမ့်မည်။
22:10 ယုဒပြည်သူတို့၊ယောရှိမင်းအတွက်သင်တို့ မငိုကြွေးကြနှင့်။ သူကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေးမှု မပြုကြနှင့်။ သို့ရာတွင်သူ၏သားတော်ယောခတ်အတွက် ပြင်းပြစွာငိုကြွေးကြလော့။ ရန်သူတို့သည်သူ့အားအပြီးအပိုင် ခေါ်ဆောင်သွားကြလိမ့်မည်။ သူသည်မိမိမွေးဖွားရာအရပ်ကို နောင်အဘယ်အခါ၌မျှပြန်လည်တွေ့မြင် ရတော့မည်မဟုတ်။
22:11 ယုဒဘုရင်အဖြစ်ခမည်းတော်ယောရှိ၏ အရိုက်အရာကိုဆက်ခံသူ သားတော်ယော ခတ်အကြောင်းနှင့်ပတ်သက်၍ ထာဝရဘုရား က``သူသည်ဤအရပ်မှအပြီးအပိုင်ထွက် ခွာသွားလေပြီ။-
22:12 သူသည်ရန်သူတို့ခေါ်ဆောင်သွားသည့်ပြည် ၌ပင်ကွယ်လွန်ရလိမ့်မည်။ နောင်အဘယ်အခါ ၌မျှဤပြည်ကိုပြန်လည်တွေ့မြင်ရတော့ မည်မဟုတ်'' ဟုမိန့်တော်မူ၏။
22:13 ``မိမိအိမ်ကိုမတရားသောနည်းဖြင့်လည်း ကောင်း၊ မိမိ၏အထက်ခန်းများကိုမရိုးဖြောင့်သော နည်းဖြင့်လည်းကောင်း၊တည်ဆောက်ကာ၊ မိမိ၏အိမ်နီးချင်းများအားအခမဲ့စေ စားသူ၊ သူတို့၏လုပ်အားခများကိုမပေးဘဲနေ သူသည် အမင်္ဂလာရှိ၏။
22:14 အထက်ထပ်တွင်အခန်းကျယ်ကြီးများနှင့် ငါသည်မိမိအတွက်နန်းတော်ကြီး တစ်ဆောင်ကို၊ တည်ဆောက်အံ့ဟုဆိုသောသူသည်အမင်္ဂလာ ရှိ၏။ သူသည်ထိုသို့ဆိုပြီးလျှင်မိမိအိမ်တွင် ပြူတင်းပေါက်များကိုဖောက်၏။ အာရဇ်သားမှန်ပုံများကိုတပ်၍အနီရောင် ဆေးကိုသုတ်၏။
22:15 သူတစ်ပါးတို့၏အိမ်ထက်ပိုမိုခမ်းနား အောင် အာရစ်သားဖြင့်အိမ်များကိုတည်ဆောက် နိုင်ခြင်းကြောင့်၊ သင်သည်ပို၍ကောင်းသောမင်းဖြစ်ပါသလော။ သင်၏ခမည်းတော်သည်ပျော်ရွှင်စွာနေထိုင် လျက် အစဉ်ဖြောင့်မတ်၍တရားမျှတ၏။ သူပြုလေသမျှသောအမှုတို့တွင်အောင် မြင်လေသည်။
22:16 သူသည်ဆင်းရဲချို့တဲ့သူတို့၏အမှုကိုတရား မျှတစွာစီရင်ဆုံးဖြတ်သည်ဖြစ်၍ အစစအရာရာအဆင်ပြေလျက်ရှိ၏။ ဤကားထာဝရဘုရားကိုသိကျွမ်းရခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်လေသည်။
22:17 ``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
22:18 သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။-
22:19 မြည်းသေကိုမသာချသကဲ့သို့သူ့အားဆွဲယူ သွားကာ ယေရုရှလင်မြို့တံခါးပြင်သို့ပစ်ထုတ်လိုက်ကြ လိမ့်မည်'' ဟူ၍ဖြစ်သည်။
22:20 ယေရုရှလင်မြို့သားတို့၊သင်တို့၏မဟာမိတ် များသည် အရေးရှုံးနိမ့်ကြလေပြီ။ သို့ဖြစ်၍သင်တို့သည်လေဗနုန်တောင်ထိပ်သို့ တက်၍ ကြွေးကြော်ကြလော့။ ဗာရှန်ပြည်သို့သွား၍အော်ဟစ်ကြလော့။ မောဘပြည်တောင်များပေါ်မှအသံကို လွှင့်လော့။
22:21 သင်တို့ကောင်းစားစဉ်အခါကထာဝရ ဘုရားသည် သင်တို့အားသတိပေးခဲ့၏။ သို့ရာတွင်သင်တို့သည်နားမထောင်ခဲ့ကြ။ သင်တို့သည်ငယ်စဉ်အခါမှစ၍ဤ အတိုင်းပင် ပြုခဲ့ကြ၏။ ထာဝရဘုရား၏စကားကိုအဘယ်အခါ၌မျှ နားမထောင်လိုကြ။
22:22 သင်တို့၏ခေါင်းဆောင်များသည်လေတွင်လွင့်၍ ပါသွားကြလိမ့်မည်။ သင်တို့၏မဟာမိတ်များသည်စစ်သုံ့ပန်းများ အဖြစ် အဖမ်းခံရကြလိမ့်မည်။ သင်တို့ပြုကျင့်ခဲ့သည့်မကောင်းမှုများအတွက် သင်တို့၏မြို့သည်အသရေပျက်၍ အရှက်ကွဲရလိမ့်မည်။
22:23 သင်တို့သည်လေဗနုန်တောမှယူဆောင်လာ သည့် အာရစ်ပင်များ၏အလယ်တွင်ဘေးမဲ့လုံခြုံစွာ နေထိုင်လျက်ရှိကြ၏။ သို့ရာတွင်သားဖွားသောအမျိုးသမီးကဲ့သို့ ဝေဒနာခံရကြသောအခါ သင်တို့သည်အဘယ်မျှသနားစရာ ကောင်းလိမ့်မည်နည်း။
22:24 ထာဝရဘုရားသည် ယောယကိမ်၏သားယုဒ ဘုရင်ယေခေါနိအား``အကယ်၍သင်သည်ငါ ၏လက်ယာလက်တွင်ရှိသောတံဆိပ်လက်စွပ်ပင် ဖြစ်စေကာမူ ငါသည်အသက်ရှင်တော်မူသော ဘုရားဖြစ်သည်နှင့်အညီသင့်ကိုဆွဲချ၍၊-
22:25 သင်၏အသက်ကိုသတ်လိုသူများ၊ သင် ကြောက်ရွံ့သူများ၏လက်သို့ပေးအပ်မည်။ သင့်ကိုဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ မင်းနှင့်သူ၏စစ်သည်များ၏လက်သို့ငါ ပေးအပ်မည်။-
22:26 ငါသည်သင်နှင့်သင်၏မယ်တော်အား သင်တို့ မွေးဖွားရာဌာနမဟုတ်သည့်ပြည်သို့နှင် ထုတ်မည်။ သင်တို့သည်ထိုပြည်တွင်သေရ ကြလိမ့်မည်။-
22:27 မိမိတို့မျှော်မှန်းတမ်းတသည့်ပြည်သို့ နောင်အဘယ်အခါ၌မျှပြန်လာရကြ လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
22:28 ယေရမိက``ယေခေါနိသည် အဘယ်သူမျှ အလိုမရှိ၍စွန့်ပစ်လိုက်သော အိုးကွဲကဲ့ သို့ဖြစ်၍နေပါပြီလော။ ထိုကြောင့်သူနှင့် သူ၏သားသမီးများသည် မိမိတို့မသိ ဘူးသည့်ပြည်သို့အနှင်ခံရကြပါ သလော။''
22:29 အို ပြည်တော်၊ အို ပြည်တော်၊ အို ပြည်တော်၊ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် လော့။
22:30 ``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။ အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။