Jeremiah 23
23:1 ကိုယ်တော်၏လူမျိုးတော်အားဖျက်ဆီး၍ကွဲ လွင့်စေသည့်မင်းစိုးရာဇာများအပေါ်သို့ ထာ ဝရဘုရားချမှတ်တော်မူမည့်တရားစီရင် ချက်သည်အဘယ်မျှကြောက်လန့်ဖွယ်ကောင်း လိမ့်မည်နည်း။-
23:2 ကိုယ်တော်၏လူမျိုးတော်ကိုကြည့်ရှုစောင့် ရှောက်ရမည့်မင်းစိုးရာဇာတို့အား ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``သင်တို့သည်ငါ၏လူမျိုးတော် အားမကြည့်ရှုခဲ့၊ ငါ၏လူမျိုးတော်ကို နှင်ထုတ်ကွဲလွင့်စေခဲ့ကြ၏။ ယင်းသို့သင် တို့ပြုသည့်မကောင်းမှုများအတွက်ငါ သည်သင်တို့အားအပြစ်ဒဏ်ခတ်မည်။''-
23:3 ``ငါသည်ငါ၏လူမျိုးတော်အားကွဲလွင့်စေ ခဲ့သည့်တိုင်းပြည်များမှသိမ်း၍ သူတို့၏ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ သူတို့သည် သားသမီးများစွာထွန်းကားလျက်လူ ဦးရေတိုးကြလိမ့်မည်။-
23:4 ငါသည်သူတို့အားစောင့်ထိန်းရန်အုပ်ချုပ် သူများခန့်ထားမည်။ ငါ၏လူတို့သည် ကြောက်လန့်တုန်လှုပ်လျက်နေကြရတော့ မည်မဟုတ်။ ငါသည်နောက်တစ်ဖန်သူတို့ အားဒဏ်ခတ်တော့မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
23:5 ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-
23:6 ထိုမင်းနန်းစံချိန်၌ယုဒပြည်သားတို့သည် ဘေးမဲ့လုံခြုံမှုရှိလျက်၊ ဣသရေလပြည် သားတို့သည်ငြိမ်းချမ်းသာယာစွာနေထိုင် ရကြလိမ့်မည်။ သူတို့သည်ထိုမင်း၏ဘွဲ့ နာမကို``ငါတို့အားကယ်တင်တော်မူသော ထာဝရဘုရား'' ဟူ၍ခေါ်ဆိုသမုတ်ကြ လိမ့်မည်။
23:7 ထာဝရဘုရားက``လူတို့သည်ငါ့အား ဣသရေလပြည်သားတို့ကို အီဂျစ်ပြည် မှထုတ်ဆောင်လာသည့်အသက်ရှင်တော်မူ သောဘုရားသခင်အဖြစ်ဖြင့် တိုင်တည် ကျိန်ဆိုမှုမပြုကြတော့မည့်အချိန် ကျရောက်လာလိမ့်မည်။-
23:8 သူတို့သည်ယင်းသို့ကျိန်ဆိုမည့်အစား၊ ငါ့ အားဣသရေလပြည်သားတို့ကိုမြောက် ဘက်ပြည်မှလည်းကောင်း၊ သူတို့အားငါကွဲ လွင့်စေရာအခြားပြည်အပေါင်းမှလည်း ကောင်း ပြန်လည်ခေါ်ဆောင်လာသည့်အသက် ရှင်တော်မူသောဘုရားသခင်အဖြစ်ဖြင့် တိုင်တည်ကျိန်ဆိုကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ကိုယ်ပိုင်ပြည်တွင်နေထိုင် ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
23:9 ပရောဖက်များနှင့်သက်ဆိုင်၍ဤသို့ဆို၏။ ငါ၏စိတ်နှလုံးသည်ကြေကွဲလျက်ငါ၏ အရိုးတို့သည်တုန်လှုပ်လျက်ရှိ၏။ ထာဝရဘုရား၏အတွက်ကြောင့်လည်း ကောင်း၊ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သည့် ဗျာဒိတ်တော်များကြောင့်လည်းကောင်း ငါသည်စပျစ်ရည်သောက်ကြူး၍ ယစ်မူးလျက်နေသူနှင့်တူတော့၏။
23:10 ငါတို့ပြည်သည်ထာဝရဘုရားအား သစ္စာမဲ့သူများနှင့်ပြည့်နှက်လျက်ရှိ၏။ သူတို့သည်မသမာသောအမှုများကို ပြုကျင့်လျက် မိမိတို့တန်ခိုးအာဏာကိုအလွဲသုံးစား ပြုကြ၏။ ငါတို့ပြည်သည်ထာဝရဘုရား၏ ကျိန်စာသင့်သဖြင့်ငိုကြွေးမြည်တမ်း လျက်၊တိရစ္ဆာန် စားကျက်သည်လည်းခြောက်သွေ့လျက်နေ၏။
23:11 ထာဝရဘုရားက``ပရောဖက်များနှင့် ယဇ်ပုရောဟိတ်တို့တွင်ဘုရားတရားမရှိ တော့ပြီ။ ဗိမာန်တော်ထဲ၌ပင်သူတို့မကောင်းမှုပြု ကျင့် ကြသည်ကိုငါတွေ့မြင်ရ၏။
23:12 သူတို့လိုက်လျှောက်သည့်လမ်းသည်ချော ကျိကျိနှင့် မှောင်မိုက်၍နေလိမ့်မည်။ ငါသည်လည်းသူတို့အားခြေချော်၍လဲ စေမည်။ သူတို့အပေါ်သို့ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေမည်။ သူတို့အားအပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလ သည် ကျရောက်လာလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
23:13 ရှမာရိမြို့မှပရောဖက်များ၏ရွံရှာဖွယ် အဖြစ်ကို ငါတွေ့မြင်ရလေပြီ။ သူတို့သည်ဗာလဘုရား၏နာမကိုအမှီ ပြု၍ ဟောပြောကာငါ၏လူမျိုးတော်ဣသရေလအား လမ်းလွဲစေကြလေပြီ။
23:14 သို့ရာတွင်ယေရုရှလင်မြို့မှပရောဖက်များကမူ ထိုသူတို့ထက်ပင်ပို၍ဆိုးရွားစွာပြုကျင့်ကြ သည်ကို တွေ့မြင်ရ၏။ သူတို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မုသားကိုပြောဆိုကြ၏။ သူတို့ကလူတို့အားအမှားကိုပြုကျင့်ရန် အားပေးကူညီကြသဖြင့် အဘယ်သူမျှမိမိပြုသည့်မကောင်းမှုများ ကို မရပ်စဲကြတော့ပေ။ ထိုသူအပေါင်းတို့သည်သောဒုံမြို့သား များနှင့်တူကြ၏။ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သူမြို့သားများကဲ့သို့ပင် ဆိုးညစ်ယုတ်မာကြ၏'' ဟုမိန့်တော်မူ၏။
23:15 သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည် ယေရုရှလင်မြို့မှပရောဖက်များနှင့် ပတ်သက်၍မိန့်တော်မူသည်မှာ``သူတို့အား ဒေါနပင်များကိုငါကျွေးမည်။ အဆိပ်ပါသောရေကိုလည်းသောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ပြည်တော် တစ်ဝှမ်းလုံးတွင်၊ ဘုရားမဲ့တရားမဲ့သောအမှုများကိုပျံ့နှံ့စေ ကြသောကြောင့်ဖြစ်၏'' ဟူ၍ဖြစ်ပါ၏။
23:16 အနန္တတန်ခိုးရှင်ထာဝရဘုရားက ယေရု ရှလင်မြို့သူမြို့သားတို့အား``ပရောဖက်များ သည်သင်တို့အားအချည်းနှီးမျှော်လင့်လျက် နေစေကြသည်ဖြစ်၍ သူတို့ဟောပြောသည့် စကားကိုနားမထောင်ကြနှင့်။ သူတို့သည် မိမိတို့စိတ်ထဲထင်မြင်သည့်အရာများကို ဟောပြောကြ၏။ ငါ၏ဗျာဒိတ်တော်ကိုဟော ပြောကြသည်မဟုတ်။-
23:17 သူတို့သည်ငါ၏စကားကိုနားထောင်ရန်ငြင်း ဆန်သူတို့အား`သင်တို့အဖို့အစစအရာရာ အဆင်ပြေလိမ့်မည်ဟုထာဝရဘုရားမိန့် ဆိုသည်' ဟုအဖန်တစ်လဲလဲဟောပြောကြ၏။ ခေါင်းမာသူအပေါင်းတို့အားလည်း`သင်တို့ အပေါ်သို့အဘယ်အခါ၌မျှဘေးအန္တရာယ် ဆိုးသက်ရောက်လိမ့်မည်မဟုတ်' ဟုဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။
23:18 ငါက``ဤပရောဖက်များအနက်အဘယ်သူ မျှ ထာဝရဘုရား၏လျှို့ဝှက်သောအကြံ အစည်တော်တို့ကိုသိရှိသည်ဟူ၍မရှိ။ အဘယ်သူမျှကိုယ်တော်၏ဗျာဒိတ်တော် ကိုကြားသည်၊ နားလည်သည်ဟူ၍မရှိကြ။ သူတို့သည်အဘယ်အခါ၌မျှထာဝရ ဘုရားမိန့်တော်မူသောစကားကိုနား မထောင်။ ပမာဏလည်းမပြုကြ။-
23:19 ကိုယ်တော်၏အမျက်တော်သည်လူယုတ်မာတို့ ၏ဦးခေါင်းထက်တွင်တိုက်ခတ်သည့်လေပြင်း မုန်တိုင်းနှင့်တူ၏။-
23:20 ထိုအမျက်တော်သည်ကိုယ်တော်ကြံစည်တော် မူသမျှသောအမှုများမပြီးမချင်းပြေ ငြိမ်းလိမ့်မည်မဟုတ်။ ဤအချက်ကိုကိုယ် တော်၏လူမျိုးတော်သည် လာလတ္တံ့သောနေ့ ရက်များ၌သိရှိနားလည်လာကြလိမ့်မည်'' ဟုဆို၏။
23:21 ထာဝရဘုရားက``ဤပရောဖက်တို့သည် ငါ မစေလွှတ်သော်လည်းထွက်သွားကြ၏။ သူတို့ အားအဘယ်ဗျာဒိတ်ကိုမျှငါမပေးသော် လည်း သူတို့သည်ငါ၏နာမတော်ကိုအမှီ ပြု၍ဟောပြောကြ၏။-
23:22 အကယ်၍သူတို့သည်ငါ၏လျှို့ဝှက်သော အကြံအစည်တော်တို့ကိုသာသိရှိကြ မည်ဆိုပါမူ ငါ၏ဗျာဒိတ်တော်ကိုငါ့လူ မျိုးတော်အားဟောပြောကြေညာကာ သူတို့ ၏ဆိုးညစ်သည့်အကျင့်များနှင့်သူတို့ပြု သည့်ယုတ်မာမှုများကိုစွန့်ပစ်စေနိုင်ကြ လိမ့်မည်။
23:23 ``ငါသည်အနီး၌သာရှိသည်မဟုတ်။ အရပ် တကာတွင်ရှိတော်မူသောဘုရားဖြစ်ပေ သည်။-''
23:24 ငါမတွေ့မမြင်နိုင်သောအရပ်တွင်အဘယ် သူမျှပုန်းကွယ်၍မနေနိုင်။ ``ငါသည်ကောင်း ကင်ဘုံနှင့်ကမ္ဘာမြေကြီးပေါ်ရှိအရပ် တကာတွင်ရှိတော်မူကြောင်းကိုသင်တို့ မသိကြသလော။-''
23:25 `ငါအိပ်မက်မက်သည်၊ ငါအိပ်မက်မက်သည်' ဟု မိမိတို့အိပ်မက်တွင်ငါ၏ဗျာဒိတ်တော်ကို ကြားရပါသည်ဟု ငါ့နာမတော်ကိုအမှီပြု ၍လိမ်လည်ဟောပြောသည့်ပရောဖက်တို့၏ စကားကိုငါသိ၏။-
23:26 ဤပရောဖက်များသည်မိမိတို့လုပ်ကြံပြော ဆိုသည့်မုသားစကားများဖြင့် ငါ၏လူမျိုး တော်အားအဘယ်မျှကြာကြာဆက်လက် လမ်းလွဲစေကြမည်နည်း။-
23:27 မိမိတို့ဘိုးဘေးများသည်ငါ့ကိုမေ့လျော့ ကာ ဗာလဘုရားကိုဆည်းကပ်ခဲ့ကြသကဲ့ သို့သူတို့သည် မိမိတို့ဟောပြောသည့်အိပ် မက်များက ငါ၏လူမျိုးတော်အားငါ့ကို မေ့လျော့စေနိုင်လိမ့်မည်ဟုသူတို့ထင်မှတ် ကြ၏။-
23:28 အိပ်မက်ကိုမြင်မက်သည့်ပရောဖက်သည် မိမိ မြင်မက်သည့်အရာမှာအိပ်မက်မျှသာဖြစ် ကြောင်းပြောကြားသင့်၏။ သို့ရာတွင်ငါ၏ ဗျာဒိတ်တော်ကိုကြားသည့်ပရောဖက်မူကား ထိုဗျာဒိတ်တော်ကိုသစ္စာနှင့်ပြန်ကြားရ၏။ ဂျုံ ဆန်နှင့်နှိုင်းစာသော်ကောက်ရိုးသည်အဘယ် မျှအသုံးဝင်သနည်း။-
23:29 ငါ၏ဗျာဒိတ်တော်သည်မီးနှင့်တူ၍ကျောက် ကိုထုခွဲနိုင်သည့်တူနှင့်တူ၏။-
23:30 မိမိတို့အချင်းချင်းပြောဆိုကြသည့်စကား များကို ငါ၏ဗျာဒိတ်တော်ကဲ့သို့ပြန်ကြားပြော ဆိုသည့်ပရောဖက်တို့ကိုငါဆန့်ကျင်ဘက်ပြု မည်။-
23:31 မိမိတို့၏စကားကိုငါ့စကားကဲ့သို့ပြော ဆိုသည့် ပရောဖက်တို့ကိုလည်းဆန့်ကျင်ဘက် ပြုမည်။-
23:32 ငါထာဝရဘုရားမိန့်တော်မူသည့်စကား ကိုနားထောင်ကြလော့။ မုသားအပြည့်ပါသည့် မိမိတို့၏အိပ်မက်များအကြောင်းကိုဟော ပြောကြသောပရောဖက်တို့ကိုငါဆန့်ကျင် ဘက်ပြုမည်။ သူတို့သည်ထိုအိပ်မက်များကို လိမ်လည်ကြွားဝါဟောပြောခြင်းအားဖြင့် ငါ ၏လူမျိုးတော်အားလမ်းလွဲစေကြ၏။ ငါ သည်သူတို့အားမစေလွှတ်ခဲ့။ သွားရန်လည်း အမိန့်မပေးခဲ့။ သို့ဖြစ်၍သူတို့သည်လူတို့ အတွက်အဘယ်သို့မျှအကျိုးမပြုကြ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
23:33 ထာဝရဘုရားကငါ့အား``ယေရမိ၊ ငါ ၏လူမျိုးတော်အနက်မှတစ်စုံတစ်ယောက် သောသူကသော်လည်းကောင်း၊ ပရောဖက်သို့ မဟုတ် ယဇ်ပုရောဟိတ်ကသော်လည်းကောင်း သင့်အား`ထာဝရဘုရား၏ဗျာဒိတ်တော်ကား အဘယ်နည်း' ဟုမေးသောအခါ`ထာဝရ ဘုရားကငါသည်သင့်ကိုဖယ်ရှားတော် မူလိမ့်မည်' ဟုဖြေကြားလော့။-
23:34 အကယ်၍ပရောဖက်သို့မဟုတ် ယဇ်ပုရောဟိတ် တစ်စုံတစ်ယောက်ကသော်လည်းကောင်း၊ လူတစ်ဦး တစ်ယောက်ကသော်လည်းကောင်း`ထာဝရဘုရား ၏ဝန်ထုပ်ဝန်ပိုး' ဟူသောစကားကိုသုံးနှုန်း ပါမူ ငါသည်ထိုသူနှင့်သူ၏အိမ်ထောင်စု အားအပြစ်ဒဏ်ခတ်မည်။-
23:35 သူသည်ထိုသို့ပြောဆိုမည့်အစား မိမိ၏ အသိမိတ်ဆွေများနှင့်ဆွေမျိုးညာတိတို့ အား`ထာဝရဘုရားအဘယ်သို့ဖြေကြား တော်မူပါသနည်း။ ကိုယ်တော်အဘယ်သို့ မိန့်တော်မူပါသနည်း' ဟူ၍မေးမြန်းရာ၏။-
23:36 သို့ဖြစ်၍`ထာဝရဘုရား၏ဝန်ထုပ်ဝန်ပိုး' ဟူသောစကားကို နောက်တစ်ဖန်ထိုသူတို့ မပြောရကြ။ အဘယ်ကြောင့်ဆိုသော်တစ် စုံတစ်ယောက်သောသူသည်ဤသို့ပြောဆို ပါက၊ ငါ၏ဗျာဒိတ်တော်ကိုယင်းသို့ပြော ဆိုသူအတွက်အကယ်ပင်ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်။ လူတို့သည် မိမိတို့၏ဘုရားသခင်၊ အသက်ရှင်တော်မူသောအနန္တ တန်ခိုးရှင်ထာဝရဘုရား၏စကား တော်ကို အမှောက်မှောက်အမှားမှားဖြစ် စေကြလေပြီ။-
23:37 ``ထာဝရဘုရားသည်သင်တို့အားအဘယ် သို့ဖြေကြားတော်မူပါသနည်း။ ကိုယ်တော် အဘယ်သို့ဗျာဒိတ်ပေးတော်မူပါသနည်း' ဟုပရောဖက်တို့အားမေးမြန်းရန်ထာဝရ ဘုရားကယေရမိအားမိန့်တော်မူ၏။-
23:38 အကယ်၍သူတို့သည်ငါ၏အမိန့်တော်ကို မနာခံဘဲ``ထာဝရဘုရား၏ဝန်ထုပ်ဝန် ပိုး'' ဟူသောစကားကိုသုံးသောသူတို့ အားဤသို့ပြောကြားလော့။-
23:39 ငါသည်သူတို့နှင့်တကွသူတို့၏ဘိုးဘေး များအား ပေးအပ်ခဲ့သည့်မြို့ကိုကောက်ယူ၍ အဝေးသို့ပစ်ထုတ်မည်။-
23:40 သူတို့သည်အဘယ်အခါ၌မျှမေ့ပျောက်၍ မရနိုင်သော ထာဝစဉ်အသရေပျက်အရှက် ကွဲမှုကိုခံရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။