Lamentations 5
5:1 အို ထာဝရဘုရားအဘယ်သို့သော အဖြစ်အပျက်များနှင့် ကျွန်တော်မျိုးတို့ကြုံတွေ့ရကြသည်ကို အောက်မေ့သတိရတော်မူပါ။ ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ၏။ ကျွန်တော်မျိုးတို့အသရေပျက်မှုကို ရှုမြင်တော်မူပါ။
5:2 ကျွန်တော်မျိုးတို့၏ပစ္စည်းဥစ္စာများသည် သူစိမ်းတစ်ရံဆံတို့၏လက်သို့ရောက်ရှိနေပါပြီ။ လူမျိုးခြားများသည်ကျွန်တော်မျိုးတို့၏အိမ်များတွင် နေထိုင်လျက်ရှိကြပါ၏။
5:3 ကျွန်တော်မျိုးတို့၏ဖခင်များသည်ရန်သူ၏ သတ်ဖြတ်မှုကိုခံရကြလျက် မိခင်များမှာမုဆိုးမများ ဖြစ်ရကြပါ၏။
5:4 ကျွန်တော်မျိုးတို့သည်မိမိတို့၏သောက်ရေအတွက် အဖိုးငွေပေးရကြပါ၏။ ထင်းကိုလည်းဝယ်ယူရကြပါ၏။
5:5 ကျွန်တော်မျိုးတို့သည်မြည်းများ၊ ကုလားအုတ် များကဲ့သို့ နောက်မှအပြင်းမောင်းနှင်ခြင်းခံနေရကြပါ၏။ မောပန်းပါသော်လည်းနားနေခွင့်မရကြပါ။
5:6 ကျွန်တော်မျိုးတို့သည်မိမိတို့အသက်ရှင်ရေးအတွက် အစားအစာအလုံအလောက်ရရှိနိုင်ရန် အာရှုရိပြည်နှင့်အီဂျစ်ပြည်သို့သွား၍ တောင်းရမ်းရကြပါ၏။
5:7 ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အပြစ် ကူးပြီးနောက်သေလွန်သွားကြသဖြင့် ကျွန်တော်မျိုးတို့သည်သူတို့၏အပြစ်ဝန်ကို ထမ်းရကြပါ၏။
5:8 ကျွန်များနှင့်မခြားနားသူတို့၏အုပ်စိုး ခြင်းကို ကျွန်တော်မျိုးတို့ခံကြရသော်လည်း အဘယ်သူမျှကျွန်တော်မျိုးတို့အားထိုသူတို့၏ လက်မှမကယ်နိုင်ပါ။
5:9 ကျေးလက်များတွင်လူသတ်သမားတို့ လှည့်လည်သွားလာလျက်နေသဖြင့် ကျွန်တော်မျိုးတို့သည်အသက်စွန့်၍ အစားအစာရှာဖွေရကြပါ၏။
5:10 ဆာလောင်မွတ်သိပ်မှုကြောင့်အဖျားတက်သဖြင့် ကျွန်တော်မျိုးတို့၏အသားအရေသည် မုန့်ဖိုတမျှပူလောင်ပါ၏။
5:11 ကျွန်တော်မျိုးတို့၏ဇနီးများသည် ဇိအုန်တောင်ပေါ်၌ပင်လျှင် မုဒိမ်းအကျင့်ခံရကြပါ၏။ ကျွန်တော်မျိုးတို့၏သမီးပျိုများသည် ယုဒကျေးရွာမှန်သမျှ၌ အနိုင်အထက်မတော်မတရားပြုကျင့်မှုကို ခံရကြပါ၏။
5:12 ရန်သူများသည်ကျွန်တော်မျိုးတို့၏ ခေါင်းဆောင်များအား ဖမ်းဆီး၍စက်တိုင်တင်ကြပါ၏။ သူတို့သည်အသက်ကြီးသူများကိုလည်း ရိုသေလေးစားမှုမပြုကြပါ။
5:13 လူငယ်လူရွယ်များသည်ကျေးကျွန်သဖွယ် စပါးကြိတ်ရကြပါ၏။ လူငယ်တို့သည်လည်းလေးလံသော ထင်းစည်းများကိုယိမ်းယိုင်ကာသယ်ပို့ရ ကြပါ၏။
5:14 အသက်ကြီးသူတို့သည်မြို့တံခါးအနီးတွင် မထိုင်ကြတော့ပါ။ လူငယ်လူရွယ်များသည်လည်းသီဆိုတီးမှုတ် မှုကို မပြုကြတော့ပါ။
5:15 ဝမ်းမြောက်ရွှင်လန်းမှုသည်ကျွန်တော်မျိုးတို့ ၏ဘဝမှ ကွယ်ပျောက်သွားပါပြီ။ ကခုန်မှုများသည်ဝမ်းနည်းကြေကွဲမှုများသို့ ပြောင်းလဲသွားပါပြီ။
5:16 ကျွန်တော်မျိုးတို့တွင်ဂုဏ်ယူဝါကြွားစရာ တစ်ခုမျှမကျန်ရှိတော့ပါ။ ကျွန်တော်မျိုးတို့သည်အပြစ်ကူးကြသဖြင့် အမင်္ဂလာရှိကြပါ၏။
5:17 ကျွန်တော်မျိုးတို့သည်စိတ်ပျက်၍ မျက်ရည်များဝိုင်းလျက်နေသဖြင့် ကျွန်တော်မျိုးတို့၏မျက်စိများသည် ကြည့်၍မမြင်နိုင်တော့ပါ။
5:18 ဇိအုန်တောင်တော်သည်လူသူဆိတ်ညံသဖြင့် ခွေးအတို့ကျက်စားရာဖြစ်၍နေပါသည်။
5:19 သို့ရာတွင် အို ထာဝရဘုရားကိုယ်တော်ရှင်သည် ထာဝစဉ်ဘုရင်ဖြစ်တော်မူပါ၏။ ရာဇပလ္လင်တော်သည်နိစ္စထာဝရတည် ပါလိမ့်မည်။
5:20 ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားအစဉ်အမြဲမေ့လျော့၍ နေတော်မူပါသနည်း။ အဘယ်ကြောင့်ဤမျှကြာစွာကျွန်တော်မျိုးတို့ကို စွန့်ပစ်၍ထားတော်မူပါသနည်း။
5:21 အို ထာဝရဘုရားအထံတော်သို့ ပြန်လာခွင့်ပြုတော်မူပါ။ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ရှေးကာလမှာကဲ့သို့ကျွန်တော်မျိုးတို့အား ဘုန်းကြီးစေတော်မူပါ။
5:22 သို့တည်းမဟုတ်ကိုယ်တော်သည်ကျွန်တော်မျိုး တို့အား ထာဝစဉ်စွန့်ပစ်ထားတော်မူပြီလော။ ကိုယ်တော်ရှင်၏အမျက်တော်ငြိမ်းမည့် ကာလမရှိတော့ပါတကား။ ပရောဖက်ယေရမိမြည်တမ်းသော စကားပြီး၏။