Lamentations 4
4:1 ပြောင်လက်သည့်ရွှေတို့သည်မှေးမှိန်၍ သွားလေပြီ။ ဗိမာန်တော်ကျောက်တို့သည်လည်း လမ်းများပေါ်တွင်ပြန့်ကျဲလျက်နေ၏။
4:2 ဇိအုန်မြို့သားလူငယ်လူရွယ်တို့သည်ငါတို့ အဖို့ ရွှေကဲ့သို့အဖိုးထိုက်ခဲ့သော်လည်း ယခုအခါ၌မူမြေအိုးများကဲ့သို့ မှတ်ယူခြင်းကိုခံရကြလေပြီ။
4:3 ဝံပုလွေမပင်လျှင်မိမိသားငယ်ကိုနို့တိုက် ပြုစုတတ်သော်လည်း ငါ၏အမျိုးသားများမူကား ငှက်ကုလားအုတ်များသဖွယ်မိမိတို့ သားငယ်များ အပေါ်တွင်ရက်စက်ကြပေသည်။
4:4 သူတို့သည်မိမိတို့၏နို့စို့ကလေးများအား အစာငတ်ရေငတ်ထား၍သေစေကြ၏။ ကလေးသူငယ်တို့သည်အစားအစာ တောင်းခံလျက်နေသော်လည်း သူတို့အားအဘယ်သူမျှမပေးကြ။
4:5 အမွန်မြတ်ဆုံးစားဖွယ်သောက်ဖွယ်များကို စားသောက်လေ့ရှိသူတို့သည်လမ်းများပေါ် တွင် အစာငတ်၍သေကြကုန်၏။ ဇိမ်ခံ၍ကြီးပြင်းလာကြသူတို့သည်လည်း အမှိုက်ပုံကိုလက်နှင့်ယက်၍အစာရှာရ ကြ၏။
4:6 ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။
4:7 ငါတို့၏မင်းညီမင်းသားများသည်ညစ်ညမ်း မှုမရှိ။ မိုးပွင့်ကဲ့သို့ဖြူစင်သန့်ရှင်းကြ၏။ သူတို့သည်အသားအရည်စိုပြေ ကျန်းမာလျက် ခွန်အားတောင့်တင်းသန်မာကြကုန်သည်။
4:8 ယခုအခါသူတို့၏အရုပ်အဆင်းသည် မည်းနက်လျက် မျိုးမည်မပေါ်ဘဲလမ်းများပေါ်တွင်လဲ၍ သေနေရကြ၏။ သူတို့အသားအရည်မှာသစ်သားသဖွယ် ခြောက်ကပ်လျက်အရိုးများပေါ်တွင်တွန့်လိမ်၍ နေလေပြီ။
4:9 စစ်ပွဲတွင်ကျဆုံးသေကြေရသူတို့သည် အစာရေစာပြတ်၍ ဆက်လက်အသက်မရှင်နိုင်တော့ဘဲ တဖြည်းဖြည်းငတ်မွတ်သေဆုံးသူများထက် သာ၍ကောင်းသေးသည်။
4:10 ငါ၏အမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ ချစ်ခင်ကြင်နာတတ်သောမိခင်များပင်လျှင် မိမိတို့သားသမီးများကိုပြုတ်၍စားကြ၏။
4:11 ထာဝရဘုရားသည်ပြင်းထန်သော အမျက်တော်အရှိန်ကိုအစွမ်းကုန် လွှတ်တော်မူလေပြီ။ ကိုယ်တော်သည်ဇိအုန်မြို့တွင်မီးမွှေး၍ထို မြို့ကို ပြာကျစေတော်မူပါ၏။
4:12 အရပ်တကာရှိလူတို့သည်လည်းကောင်း လူမျိုးခြားတို့၏ဘုရင်များသည်လည်းကောင်း အဘယ်ရန်သူမျှယေရုရှလင် မြို့တံခါးများကိုချင်းနင်းဝင်ရောက်နိုင်လိမ့် မည်ဟု မယုံကြ။
4:13 သို့ရာတွင်ယင်းသို့ချင်းနင်းဝင်ရောက်မှုကား ဖြစ်ပွားခဲ့ပြီ။ ထိုမြို့၏ပရောဖက်များနှင့်ယဇ်ပုရောဟိတ် များသည် အပြစ်ကူးကြသဖြင့်အပြစ်မဲ့သူတို့သည် သေရကြလေပြီ။
4:14 မြို့၏ခေါင်းဆောင်တို့သည်အဘယ်သူမျှ မတို့မထိချင်အောင်သွေးများပေကျံလျက် လမ်းများတွင်မျက်မမြင်များကဲ့သို့ လှည့်လည်သွားလာနေကြ၏။
4:15 လူတို့က``ထွက်သွားကြလော့၊သင်တို့သည် ညစ်ညမ်းလျက်ရှိ၏။ ငါတို့ကိုမတို့မထိကြနှင့်'' ဟုအော်ဟစ် ပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်မိမိတို့အားလက်ခံ မည့်သူ မရှိဘဲ တစ်နိုင်ငံမှတစ်နိုင်ငံသို့လှည့်လည် သွားလာရကြလေသည်။
4:16 ထာဝရဘုရားသည်သူတို့အား ဂရုစိုက်တော်မမူတော့သဖြင့်ကိုယ်တော်တိုင် ကွဲလွင့်စေတော်မူပါ၏။ ငါတို့၏ယဇ်ပုရောဟိတ်များနှင့် ခေါင်းဆောင်များကိုလည်းပမာဏပြုတော် မမူပါ။ မျက်နှာသာမပေးကြတော့ချေ။
4:17 ငါတို့သည်အဘယ်အခါ၌မျှမပေါ်လာသည့် အကူအညီကိုစောင့်မျှော်နေခဲ့ကြ၏။ ငါတို့သည်အဘယ်သို့မျှအကူအညီမပေး နိုင်သည့် နိုင်ငံမှအကူအညီကို ဆက်လက်စောင့်မျှော်ခဲ့ကြ၏။
4:18 ရန်သူများသည်ငါတို့အားစောင့်၍ ကြည့်နေကြသဖြင့်ငါတို့သည် လမ်းများပေါ်၌ပင်လျှင်မသွားမလာရဲ ကြပါ။ ငါတို့၏နေ့ရက်ကာလကုန်ဆုံးခဲ့ပြီ။ နောက်ဆုံးအချိန်ရောက်ခဲ့ပြီ။
4:19 သူတို့သည်မိုးကောင်းကင်မှထိုးဆင်းလာသည့် လင်းယုန်ငှက်များကဲ့သို့ငါတို့ကိုလိုက်လံ ဖမ်းဆီးကြပါ၏။ တောင်ကုန်းများတွင်ငါတို့ကိုလိုက်၍ရှာဖွေ ကြပါ၏။ သဲကန္တာရတွင်အမှတ်မထင်ဖမ်းဆီးကြပါ၏။
4:20 သူတို့သည်ထာဝရဘုရားရွေးချယ်သည့်ဘုရင် ငါတို့၏အသက်သခင်ရန်သူအပေါင်းတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်ရန်ငါတို့ယုံကြည်ကိုးစားသည့် အရှင်ကိုဖမ်းဆီးကြပါ၏။
4:21 ဧဒုံပြည်နှင့်ဥဇပြည်သားတို့ရယ်မော၍ နေကြလော့။ သင်တို့ဝမ်းမြောက်နိုင်သည့်ကာလဝမ်းမြောက်လျက် နေကြလော့။ သင်တို့ကြုံတွေ့ရမည့်ဘေးအန္တရာယ်သည်လည်း သက်ရောက်လာလိမ့်မည်။ သင်သည်လည်းအဝတ်မဲ့လျက်ဒယိမ်းဒယိုင်နှင့် အရှက်ကွဲရလိမ့်မည်။
4:22 ဇိအုန်မြို့သည်မိမိ၏အပြစ်ကြွေးကိုပေးဆပ်မှု ပြီးဆုံးပြီ။ ကိုယ်တော်ရှင်သည်ငါတို့အားတစ်ကျွန်းတစ်နိုင်ငံတွင် ဆက်လက်ထားရှိတော့မည်မဟုတ်။ သို့ရာတွင် အို ဧဒုံပြည်၊ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ သင်၏အပြစ်ကိုဖော်ပြတော်မူလိမ့်မည်။