Genesis 14
14:1 ရှိနာဘုရင်အံရဖေလမင်းကြီး၊ ဧလာသာဘုရင်အာရုတ်မင်းကြီး၊ ဧလံဘုရင်ခေဒေါရလောမာမင်းကြီးနှင့် ဂေါအိမ်ဘုရင်တိဒလမင်းကြီးတို့အုပ်စိုးသောကာလ၌
14:2 သူတို့သည် သောဒုံဘုရင်ဗေရမင်းကြီး၊ ဂေါမောရဘုရင်ဗိရရှမင်းကြီး၊ အာဒမာဘုရင်ရှိနပ်မင်းကြီး၊ ဇေဘိုင်ဘုရင်ရှေမဘာမင်းကြီး၊ ဗေလ(ဇောရ)ဘုရင်တို့နှင့် စစ်တိုက်ကြ၏။
14:3 ဤဘုရင်ငါးပါးစလုံးသည် ဆားပင်လယ်တည်းဟူသော စိဒ္ဒိမ်ချိုင့်ဝှမ်း၌ မဟာမိတ်ဖွဲ့ကြ၏။
14:4 ဤဘုရင်တို့သည် ခေဒေါရလောမာမင်းကြီးထံ တစ်ဆယ့်နှစ်နှစ်ကျွန်ခံပြီး တစ်ဆယ့်သုံးနှစ်မြောက်တွင် ပုန်ကန်ကြ၏။
14:5 တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
14:6 စိရတောင်ပေါ်၌ ဟောရိလူမျိုးတို့ကိုလည်းကောင်း တိုက်ခိုက်ရာ တောကန္တာရအနီးရှိ ဧလပါရန်အရပ်တိုင်အောင်ရောက်လေ၏။
14:7 ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
14:8 ထိုအခါ သောဒုံဘုရင်၊ ဂေါမောရဘုရင်၊ အာဒမာဘုရင်၊ ဇေဘိုင်ဘုရင်နှင့် ဗေလ(ဇောရ)ဘုရင်တို့သည် ချီတက်၍ သူတို့နှင့် စိဒ္ဒိမ်ချိုင့်ဝှမ်း၌စစ်ခင်းကြ၏။
14:9 ထိုသို့ ဧလံဘုရင်ခေဒေါရလောမာမင်းကြီး၊ ဂေါအိမ်ဘုရင်တိဒလမင်းကြီး၊ ရှိနာဘုရင်အံရဖေလမင်းကြီး၊ ဧလာသာဘုရင်အာရုတ်မင်းကြီးဟူသော ဘုရင်လေးပါးတို့နှင့် ထိုဘုရင်ငါးပါးတို့သည် စစ်ခင်းကြ၏။
14:10 စိဒ္ဒိမ်ချိုင့်ဝှမ်း၌ ကတ္တရာစေးတွင်းပေါများသဖြင့် သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည်ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျလေ၏။ ကျန်သောသူတို့သည် တောင်ပေါ်သို့ထွက်ပြေးကြ၏။
14:11 ထိုအခါ အောင်ပွဲရဘုရင်တို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့မှဥစ္စာရှိသမျှ၊ အစားအစာရှိသမျှတို့ကိုသိမ်းယူ၍ ထွက်သွားကြ၏။
14:12 သောဒုံမြို့၌နေထိုင်သော အာဗြံ၏တူလောတနှင့် သူ၏ဥစ္စာတို့ကိုလည်းသိမ်းယူ၍ ထွက်သွားကြ၏။
14:13 လွတ်မြောက်လာသူတစ်ယောက်သည် အာမောရိလူမျိုးမံရေပိုင်သည့်ဝက်သစ်ချတောအနီး၌နေထိုင်သော ဟေဗြဲလူမျိုး အာဗြံထံသို့လာ၍ သတင်းပို့လေ၏။ မံရေသည် ဧရှကောလနှင့် အာနေရတို့၏အစ်ကိုဖြစ်ပြီး သူတို့သည် အာဗြံနှင့်မဟာမိတ်ဖွဲ့ထားသောသူများဖြစ်ကြ၏။
14:14 အာဗြံသည် မိမိဆွေမျိုးသားချင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း ကြားသောအခါ မိမိအိမ်၌မွေးဖွားသောသူဖြစ်ကြသည့် မိမိလေ့ကျင့်ထားသောလူ သုံးရာတစ်ဆယ့်ရှစ်ယောက်ကိုခေါ်၍ ဒန်မြို့တိုင်အောင် လိုက်လေ၏။
14:15 သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
14:16 ဤသို့ဖြင့် သူသည် ဥစ္စာရှိသမျှကိုပြန်ရ၍ မိမိဆွေမျိုးသားချင်းလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့် လူများကိုလည်းကောင်း ပြန်ရလေ၏။
14:17 ခေဒေါရလောမာမင်းကြီးမှစ၍ သူ၏မဟာမိတ်ဘုရင်တို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ သောဒုံဘုရင်သည် သူ့ကိုကြိုဆိုရန် ဘုရင့်ချိုင့်ဝှမ်းတည်းဟူသော ရှာဗက်ချိုင့်ဝှမ်းသို့ ထွက်လာ၏။
14:18 ဆလင်ဘုရင်မေလခိဇေဒက်မင်းကြီးသည်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုယူဆောင်ခဲ့၏။ သူသည် အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။
14:19 သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်း တော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
14:20 သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
14:21 သောဒုံဘုရင်က “လူတို့ကို ငါ့အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား သင့်အဖို့ယူပါလော့”ဟု အာဗြံအားဆိုလေ၏။
14:22 သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။
14:23 ‘ငါသည် အာဗြံကိုချမ်းသာကြွယ်ဝစေပြီ’ဟု မင်းကြီးဆိုစရာမရှိစေရန် မင်းကြီးပိုင်ဆိုင်သောအရာအားလုံးထဲမှ အပ်ချည်တစ်မျှင်၊ သည်းကြိုးတစ်ချောင်းကိုမျှ အကျွန်ုပ်မယူပါ။
14:24 ငယ်သားတို့စားသောအရာနှင့် အကျွန်ုပ်နှင့်အတူလိုက်ခဲ့သော အာနေရ၊ ဧရှကောလနှင့် မံရေတို့၏ဝေစုကိုသာ ယူပါမည်။ သူတို့ဝေစုကိုသူတို့ယူကြပါစေ”ဟု သောဒုံဘုရင်အား ဆိုလေ၏။