Genesis 15
15:1 ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
15:2 အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
15:3 တစ်ဖန် အာဗြံက “ကိုယ်တော်သည် အကျွန်ုပ်အား မျိုးဆက်ကိုပေးတော်မမူသဖြင့် အကျွန်ုပ်၏ကျွန်သပေါက်သည် အကျွန်ုပ်၏အမွေခံဖြစ်ရပါလိမ့်မည်”ဟု လျှောက်လေ၏။
15:4 ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံထံသို့ရောက်လာ၍ “ထိုသူသည် သင်၏အမွေခံမဖြစ်ရ။ သင့်ကိုယ်မှပေါက်ဖွားသောသူ သာလျှင် သင်၏အမွေခံဖြစ်ရမည်”ဟု မိန့်တော်မူ၏။
15:5 ထို့နောက် ကိုယ်တော်သည် သူ့ကို အပြင်သို့ခေါ်ဆောင်သွားပြီးလျှင် “မိုးကောင်းကင်ကိုမော့ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့”ဟု မိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်က “သင်၏သားစဉ်မြေးဆက်သည် ထိုသို့ဖြစ်လိမ့်မည်” ဟု သူ့အားမိန့်တော်မူ၏။
15:6 အာဗြံသည် ထာဝရဘုရားကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
15:7 တစ်ဖန် ကိုယ်တော်က “ငါသည် သင့်အား ဤပြည်ကိုပေး၍ပိုင်ဆိုင်စေရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှ သင့်ကိုထုတ်ဆောင်ခဲ့သောထာဝရဘုရားဖြစ်၏”ဟု အာဗြံအား မိန့်တော်မူ၏။
15:8 အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။
15:9 ကိုယ်တော်ကလည်း “သုံးနှစ်သားနွားမတမ်းတစ်ကောင်၊ သုံးနှစ်သားဆိတ်မတစ်ကောင်၊ သုံးနှစ်သားသိုးထီးတစ်ကောင်၊ ချိုးငှက်တစ်ကောင်နှင့် ခိုငယ်တစ်ကောင်တို့ကို ငါ့ထံသို့ ယူခဲ့လော့”ဟု မိန့်တော်မူ၏။
15:10 ထိုအခါ အာဗြံသည် ထာဝရဘုရားထံတော်သို့ ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူခဲ့၍ ၎င်းတို့ကို ထက်ဝက်စီခြမ်းပြီးလျှင် တစ်ဖက်တစ်ချက်၌ ယှဉ်ထားလေ၏။ ငှက်တို့ကိုမူကား မခြမ်းဘဲထားလေ၏။
15:11 အသားစားငှက်တို့သည် ထိုအသေကောင်တို့အပေါ်သို့ ဆင်းလာသောအခါ အာဗြံသည် ၎င်းတို့ကို မောင်းထုတ်လေ၏။
15:12 နေဝင်သောအခါ အာဗြံသည် အိပ်မောကျ၍ ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအမှောင်ထုကြီးသည် သူ့အပေါ်သို့ကျရောက်လေ၏။
15:13 ထိုအခါ ထာဝရဘုရားက အာဗြံအား “သင်၏သားမြေးစဉ်ဆက်တို့သည် မိမိတို့မပိုင်သောပြည်၌ ဧည့်သည်ဖြစ်ရ၍ ထိုပြည်၌ ကျွန်ခံရကြမည်ဖြစ်ကြောင်းနှင့် ထိုပြည်သားတို့သည် သူတို့ကို အနှစ်လေးရာပတ်လုံး နှိပ်စက်ကြမည်ဖြစ်ကြောင်း အမှန်သိမှတ်လော့။
15:14 သို့သော် သူတို့ကို ကျွန်ပြုမည့်လူမျိုးကို ငါစစ်ကြောစီရင်မည်။ ထို့နောက်မှ သူတို့သည် များစွာသောဥစ္စာနှင့်တကွ ထွက်လာကြလိမ့်မည်။
15:15 သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
15:16 သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
15:17 နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။
15:18 ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ် ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
15:19 ထိုပြည်မှာ ကေနိလူမျိုး၊ ကေနဇိလူမျိုး၊ ကာဒမောနိလူမျိုး၊
15:20 ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ရေဖိမ်လူမျိုး၊
15:21 အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဂိရဂါရှိလူမျိုးနှင့် ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်၏”ဟု မိန့်ဆို၍ ပဋိညာဉ်ပြုလေ၏။