Genesis 3
3:1 မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော တောရိုင်းတိရစ္ဆာန်အားလုံးတို့ထက် လိမ္မာပါးနပ်၏။ မြွေက မိန်းမအား “ဥယျာဉ်ထဲရှိ မည်သည့်အပင်၏အသီးကိုမျှ မစားရဟူ၍ ဘုရားသခင်သည် အမှန်ပင်မိန့်တော်မူသလော”ဟု မေးလေ၏။
3:2 မိန်းမကလည်း “ဥယျာဉ်ထဲရှိအပင်တို့၏အသီးကို ငါတို့စားခွင့်ရှိ၏။
3:3 သို့သော် ဥယျာဉ်အလယ်ရှိအပင်၏အသီးကိုမူ ဘုရားသခင်က ‘သင်တို့သည် ထိုအသီးကိုမစားရ၊ မထိရ။ ထိမိ၊ စားမိလျှင် သေရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မြွေအားဆိုလေ၏။
3:4 မြွေကလည်း “သင်တို့သည် မုချသေရမည်မဟုတ်။
3:5 ထိုအသီးကိုစားသောနေ့တွင် သင်တို့သည် မျက်စိပွင့်လင်း၍ အကောင်းအဆိုးကိုသိကာ ဘုရားသခင်ကဲ့သို့ဖြစ်မည်ကို ဘုရားသခင်သိတော်မူသောကြောင့်ဖြစ်၏”ဟု မိန်းမအားဆိုလေ၏။
3:6 ထိုအပင်မှာ စားချင်စဖွယ်ကောင်း၍ အမြင်အားဖြင့်လည်းတင့်တယ်ပြီး ပညာတိုးပွားစေရန်လည်း နှစ်လိုဖွယ်ကောင်းသောအပင်ဖြစ်သည်ကို မိန်းမသည်မြင်လျှင် ထိုအပင်၏အသီးကို ဆွတ်ယူ၍စားလေ၏။ မိမိနှင့်အတူရှိသောခင်ပွန်းအားလည်းပေး၍ သူသည်လည်း စားလေ၏။
3:7 ထိုအခါ ထိုသူနှစ်ဦးစလုံးသည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်မပါအချည်းစည်းဖြစ်သည်ကို သိသွားသဖြင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်လျက် မိမိတို့အတွက် ခါးဝတ်တန်ဆာကို ပြုလုပ်ကြ၏။
3:8 နေအေးသောအချိန်တွင် ဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားသည် ကြားလျှင် ထာဝရအရှင်ဘုရားသခင် ရှေ့တော်မှလွတ်ရန် ဥယျာဉ်ရှိသစ်ပင်များကြားတွင် ပုန်းကွယ်လျက်နေကြ၏။
3:9 ထာဝရအရှင်ဘုရားသခင်က လူကိုခေါ်၍ “သင်သည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။
3:10 လူကလည်း “ဥယျာဉ်၌ ကိုယ်တော်၏အသံကိုကြား၍ အကျွန်ုပ်မှာ အဝတ်မပါအချည်းစည်းဖြစ်သောကြောင့် ကြောက်၍ ပုန်းကွယ်နေပါသည်”ဟု လျှောက်လေ၏။
3:11 ဘုရားသခင်ကလည်း “သင့်မှာအဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။
3:12 လူကလည်း “အကျွန်ုပ်နှင့်အတူနေစေရန် ကိုယ်တော်ပေးထားသောမိန်းမသည် ထိုအပင်မှအသီးကို အကျွန်ုပ်အားပေး၍ အကျွန်ုပ်စားမိပါသည်”ဟု ပြန်လျှောက်လေ၏။
3:13 ထာဝရအရှင်ဘုရားသခင်ကလည်း မိန်းမအား “သင်ပြုသောဤအမှုကား မည်သို့နည်း”ဟု မိန့်တော်မူလျှင် မိန်းမက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍ အကျွန်ုပ်စားမိပါသည်” ဟု လျှောက်လေ၏။
3:14 ထိုအခါ ထာဝရအရှင်ဘုရားသခင်က မြွေအား “သင် ဤသို့ပြုသောကြောင့် တိရစ္ဆာန်အယဉ်နှင့် တိရစ္ဆာန်အရိုင်းအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဗိုက်ဖြင့်တွားသွား၍ အသက်ရှင်သမျှကာလပတ်လုံး မြေမှုန့်ကိုစားရမည်။
3:15 ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
3:16 မိန်းမအားလည်း “သင်သန္ဓေတည်သောအခါ ငါသည် သင့်ကို ပင်ပန်းခက်ခဲမှု အများအပြားကြုံတွေ့စေမည်။ သင်သည် နာကျင်ခက်ခဲစွာသားဖွားရမည်။ သင်၏အလိုဆန္ဒသည် သင်၏ခင်ပွန်းအတွက်ဖြစ်လိမ့်မည်။ သူသည် သင့်ကိုအုပ်စိုးလိမ့်မည်”ဟု မိန့်တော်မူ၏။
3:17 ထို့နောက် အာဒံအား “သင်သည် မိမိမယား၏စကားကိုနားထောင်၍ မစားရဟု သင့်အား ငါပညတ်ထားသောအပင်၏အသီးကိုစားသောကြောင့် မြေသည် သင့်အတွက် ကျိန်ခြင်းကိုခံရ၏။ သင်သည် အသက်ရှင်သမျှကာလပတ်လုံး မြေ၏အသီးကို ပင်ပန်းခက်ခဲစွာလုပ်ကိုင်စားသောက်ရမည်။
3:18 မြေသည် သင့်အဖို့ ဆူးပင်နှင့် ဆူးလေပင်တို့ကိုပေါက်စေမည်။ သင်သည် လယ်ယာမှထွက်သောအပင်ကို စားရမည်။
3:19 သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
3:20 လူသည် မိမိမယား၏အမည်ကို ဧဝ ဟုမှည့်ခေါ်လေ၏။ အကြောင်းမူကား သူသည် အသက်ရှင်သောသူအပေါင်းတို့၏မိခင်ဖြစ်၏။
3:21 ထာဝရအရှင်ဘုရားသခင်သည် အာဒံနှင့် သူ၏မယားအတွက် သားရေဝတ်ရုံကိုလုပ်၍ သူတို့အားဝတ်ဆင်ပေးတော်မူ၏။
3:22 ထို့နောက် ထာဝရအရှင်ဘုရားသခင်က “ကြည့်ရှုလော့။ လူသည် အကောင်းအဆိုးကိုသိခြင်းအရာ၌ ငါတို့ထဲမှတစ်ပါးပါးကဲ့သို့ဖြစ်လာပြီ။ ယခုမှာ သူသည် လက်ကိုဆန့်ပြီး အသက်ပင်၏အသီးကိုယူစား၍ ထာဝရအသက်ရှင်ခွင့် မရသင့်”ဟု မိန့်တော်မူ၏။
3:23 ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို ဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှဖြစ်လာသောလူကို ထိုမြေကိုပင် ထွန်ယက်လုပ်ကိုင်စေ၏။
3:24 ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ် နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။