Genesis 4
4:1 ထို့နောက် လူသည် မိမိမယားဧဝနှင့်ဆက်ဆံသဖြင့် ဧဝသည် ကိုယ်ဝန်ဆောင်၍ ကာဣနကိုမွေးဖွားပြီးလျှင် “ငါသည် ထာဝရဘုရားထံတော်မှ သားတစ်ဦးကိုရရှိပြီ”ဟု ဆိုလေ၏။
4:2 တစ်ဖန် သူ့ညီအာဗေလကိုမွေးဖွားလေ၏။ အာဗေလသည် သိုးထိန်းဖြစ်၏။ ကာဣနမူကား မြေကိုထွန်ယက်လုပ်ကိုင်သောသူဖြစ်၏။
4:3 အချိန်စေ့သောအခါ၊ ကာဣနသည် မြေမှရသောအသီးအနှံကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံယူဆောင်လာ၏။
4:4 အာဗေလသည်လည်း မိမိသိုးအုပ်ထဲမှ သိုးသားဦးများနှင့် သိုးတို့၏အဆီများကိုယူဆောင်လာ၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။
4:5 ကာဣနနှင့် သူ၏ပူဇော်သက္ကာကိုမူကား ပမာဏပြုတော်မမူ။ ထို့ကြောင့် ကာဣနသည် အလွန်စိတ်ဆိုးလျက် မျက်နှာသုန်မှုန်နေလေ၏။
4:6 ထိုအခါ ထာဝရဘုရားက ကာဣနအား “သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့်မျက်နှာသုန်မှုန်နေသနည်း။
4:7 သင်သည် ကောင်းမွန်စွာပြုလျှင် လက်မခံဘဲနေမည်လော။ ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက်နေ၍ သင့်ကို လွှမ်းမိုးလို၏။ သို့သော် သင်သည် သူ့ကိုအနိုင်ယူရမည်”ဟု မိန့်တော်မူ၏။
4:8 ကာဣနက မိမိညီအာဗေလအား “လယ်ထဲသွားကြစို့ ”ဟု ဆိုလေ၏။ လယ်၌ သူတို့ရှိကြစဉ် ကာဣနသည် မိမိညီအာဗေလကိုရန်ပြု၍ သူ့ကိုသတ်လေ၏။
4:9 ထို့နောက် ထာဝရဘုရားက ကာဣနအား “သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူလျှင် ကာဣနက “အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရှောက်သူဖြစ်ပါသလော”ဟု ပြန်လျှောက်လေ၏။
4:10 ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
4:11 မြေကြီးသည် မိမိနှုတ်ကိုဟ၍ သင်၏လက်မှ သင့်ညီ၏အသွေးကိုခံယူပြီဖြစ်သောကြောင့် သင်သည် မြေကြီး၏ကျိန်ခြင်းကို ယခုခံရပြီ။
4:12 သင်သည် မြေကိုထွန်ယက်လုပ်ကိုင်သော်လည်း မြေသည် မိမိ၏အသီးအနှံ ကို သင့်အား ပေးတော့မည်မဟုတ်။ သင်သည် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
4:13 ကာဣနကလည်း “အကျွန်ုပ်၏အပြစ်ဒဏ်သည် အကျွန်ုပ်ခံနိုင်သည်ထက်ကြီးလေးပါ၏။
4:14 ယနေ့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေပြင်ပေါ်မှ နှင်ထုတ်တော်မူသဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်မှပုန်းရှောင်လျက် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရပါမည်။ အကျွန်ုပ်ကိုတွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်”ဟု ထာဝရဘုရားအား လျှောက်လေ၏။
4:15 ထာဝရဘုရားကလည်း “သို့ဖြစ်လျှင် မည်သူမဆို ကာဣနကိုသတ်လျှင် ခုနစ်ဆသောလက်တုံ့ပြန်ခြင်းကို ခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ ကာဣနကိုတွေ့သောသူတစ်စုံတစ်ယောက်မျှ သူ့ကိုမသတ်မည့်အကြောင်း ထာဝရဘုရားသည် သူ၌ အမှတ်လက္ခဏာတစ်ခုကို ထားတော်မူ၏။
4:16 ကာဣနသည် ထာဝရဘုရား၏ရှေ့တော်မှထွက်သွား၍ ဧဒင်အရပ်၏အရှေ့ဘက်၊ နောဒပြည်တွင်နေထိုင်လေ၏။
4:17 ထို့နောက် ကာဣနသည် မိမိမယားနှင့်ဆက်ဆံသဖြင့် မယားသည် ကိုယ်ဝန်ဆောင်၍ ဧနောက်ကိုမွေးဖွားလေ၏။ ကာဣနသည် မြို့ကို တည်သောအခါ မိမိသား၏အမည်ကိုအစွဲပြု၍ ထိုမြို့၏အမည်ကို ဧနောက်မြို့ ဟုခေါ်၏။
4:18 ဧနောက်သည် သားဣရဒ်ကိုရ၏။ ဣရဒ်သည် သားမဟုယေလကိုရ၏။ မဟုယေလသည် သားမသုရှလကိုရ၏။ မသုရှလသည် သားလာမက်ကိုရ၏။
4:19 လာမက်သည် မိန်းမနှစ်ယောက်ကို မိမိမယားအဖြစ်ယူလေ၏။ တစ်ယောက်၏အမည်မှာ အာဒ ဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ဇိလ ဖြစ်၏။
4:20 အာဒသည် ယာဗလကိုမွေးဖွား၏။ ယာဗလသည် တဲ၌နေသောသူ၊ တိရစ္ဆာန်တို့ကိုလှည့်လည်ထိန်းကျောင်းသောသူတို့၏ဖခင်ဖြစ်၏။
4:21 သူ့ညီ၏အမည်မှာ ယုဗလ ဖြစ်၏။ ယုဗလသည် စောင်းနှင့်ပလွေတို့ကို တီးမှုတ်တတ်သောသူအပေါင်းတို့၏ဖခင်ဖြစ်၏။
4:22 ဇိလသည်လည်း တုဗလကာဣနကိုမွေးဖွား၏။ တုဗလကာဣနသည် ကြေးထည်၊ သံထည် ပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်သူဖြစ်၏။ တုဗလကာဣန၏ညီမကား နေမ ဖြစ်၏။
4:23 လာမက်သည် မိမိမယားတို့အား “အာဒနှင့်ဇိလတို့၊ ငါ့အသံကိုနားထောင်ကြလော့။ လာမက်၏မယားတို့၊ ငါ့စကားကိုစူးစိုက်နားထောင်ကြလော့။ ငါ့ကိုအနာတရဖြစ်စေသောလူ၊ ငါ့ကိုဒဏ်ရာရစေသောလူငယ်ကို ငါသတ်ခဲ့ပြီ။
4:24 ကာဣနအတွက် ခုနစ်ဆသောလက်တုံ့ပြန်ခြင်းရှိလျှင် လာမက်အတွက် ခုနစ်ဆယ့်ခုနစ်ဆရှိလိမ့်မည်”ဟု ဆို၏။
4:25 တစ်ဖန် အာဒံသည် မိမိမယားနှင့်ဆက်ဆံသဖြင့် မယားသည် သားကိုမွေးဖွား၍ “ကာဣနသည် အာဗေလကိုသတ်သောကြောင့် ဘုရားသခင်သည် အာဗေလကိုယ်စား အခြားသောမျိုးဆက်ကို အကျွန်ုပ်အတွက်ခန့်ထားတော်မူပြီ”ဟု ဆိုပြီး သား၏အမည်ကို ရှေသ ဟုမှည့်ခေါ်လေ၏။
4:26 ရှေသသည်လည်း သားကိုရ၍ သူ၏အမည်ကို ဧနုတ် ဟုမှည့်ခေါ်လေ၏။ ထိုကာလ၌ လူတို့သည် ထာဝရဘုရား၏နာမတော်ကို စတင်၍ခေါ်ဆိုပတ္ထနာပြုကြ၏။