Genesis 31
31:1 လာဗန်၏သားတို့က “ယာကုပ်သည် ငါတို့ဖခင်ပိုင်ဆိုင်သမျှတို့ကို ယူသွားပြီတကား။ သူသည် ငါတို့ဖခင်ပိုင်ဆိုင်သောအရာများအားဖြင့် ဤစည်းစိမ်အားလုံးကိုရရှိလေပြီ”ဟု ပြောဆိုသောစကားတို့ကို ယာကုပ်ကြားလေ၏။
31:2 လာဗန်၏မျက်နှာထားသည်လည်း ယခင်ကကဲ့သို့မဟုတ်တော့သည်ကို ယာကုပ်သိမြင်လေ၏။
31:3 ထိုအခါ ထာဝရဘုရားက “သင့်ဘိုးဘေးတို့၏ပြည်၊ သင်၏ဆွေမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါသည် သင်နှင့်အတူရှိမည်”ဟု ယာကုပ်အားမိန့်တော်မူ၏။
31:4 ထို့ကြောင့် ယာကုပ်သည် လူလွှတ်၍ ရာခေလနှင့်လေအာကို မိမိ၏သိုးဆိတ်တို့ရှိရာကွင်းပြင်သို့ ခေါ်လာစေပြီးလျှင်
31:5 သူတို့အား “သင်တို့ဖခင်၏မျက်နှာထားသည် ယခင်ကကဲ့သို့မဟုတ်တော့သည်ကို ငါသိမြင်၏။ သို့သော် ငါ့ဖခင်၏ဘုရားသခင်သည် ငါနှင့်အတူရှိတော်မူ၏။
31:6 ငါသည် သင်တို့၏ဖခင်ကို အစွမ်းရှိသမျှဖြင့်အစေခံခဲ့ကြောင်း သင်တို့သိကြ၏။
31:7 သို့သော် သင်တို့၏ဖခင်သည် ငါ့ကိုလှည့်စား၍ ငါ၏လုပ်အားခကို ဆယ်ကြိမ်တိုင်တိုင်ပြောင်းလဲခဲ့ပြီ။ သို့ရာတွင် ငါ့ကိုထိခိုက်နစ်နာစေရန် ဘုရားသခင်သည် သူ့ကိုခွင့်ပေးတော်မမူ။
31:8 သူက ‘အစက်ပါသောအကောင်တို့သည် သင်၏လုပ်အားခဖြစ်မည်’ဟု ဆိုသောအခါ သိုးဆိတ်အားလုံးတို့သည် အစက်ပါသောအကောင်များကို မွေးကြ၏။ သူက ‘အစင်းကျားပါသောအကောင်တို့သည် သင်၏လုပ်အားခဖြစ်မည်’ဟု ဆိုသောအခါ သိုးဆိတ်အားလုံးတို့သည် အစင်းကျားပါသောအကောင်များကို မွေးကြ၏။
31:9 ထိုသို့ဖြင့် ဘုရားသခင်သည် သင်တို့ဖခင်၏တိရစ္ဆာန်တို့ကိုနုတ်ယူ၍ ငါ့အားပေးတော်မူပြီ။
31:10 သိုးဆိတ်တို့မိတ်လိုက်ရာသီ၌ ငါမျှော်ကြည့်လိုက်ရာ သိုးမ၊ ဆိတ်မတို့နှင့်မိတ်လိုက်နေသော သိုးထီး၊ ဆိတ်ထီးတို့သည် အစင်းကျားပါသောအကောင်များ၊ အစက်အပြောက်ပါသောအကောင်များဖြစ်ကြောင်း အိပ်မက်ထဲတွင် ငါတွေ့မြင်ရ၏။
31:11 ဘုရားသခင်၏ကောင်းကင်တမန်က ‘ယာကုပ်’ဟု အိပ်မက်ထဲတွင် ငါ့ကိုခေါ်သဖြင့် ‘အကျွန်ုပ်ရှိပါ၏’ဟု ငါပြန်လျှောက်၏။
31:12 ထိုအခါ ကောင်းကင်တမန်က ‘မျှော်ကြည့်လော့။ သိုးမ၊ ဆိတ်မတို့နှင့်မိတ်လိုက်နေသော သိုးထီး၊ ဆိတ်ထီးအားလုံးတို့သည် အစင်းကျားပါသောအကောင်များ၊ အစက်အပြောက်ပါသောအကောင်များဖြစ်ကြ၏။ အကြောင်းမူကား သင့်အား လာဗန်ပြုခဲ့သမျှကို ငါမြင်၏။
31:13 ငါသည် ဗေသလအရပ်၏ဘုရားဖြစ်၏။ ထိုအရပ်၌ သင်သည် ကျောက်တိုင်ကိုဘိသိက်သွန်း၍ ငါ့အားကတိသစ္စာပြုခဲ့၏။ ယခုထ၍ ဤပြည်မှထွက်ခွာပြီး သင့်မွေးရပ်မြေသို့ ပြန်သွားလော့’ဟူ၍ မိန့်တော်မူ၏”ဟု သူတို့အား ဆိုလေ၏။
31:14 ရာခေလနှင့်လေအာကလည်း “အကျွန်ုပ်တို့ဖခင်၏အိမ်၌ အကျွန်ုပ်တို့ရရှိမည့် အမွေဝေစုရှိသေးသလော။
31:15 သူသည် အကျွန်ုပ်တို့ကို တစ်ပါးအမျိုးသားကဲ့သို့ မှတ်ယူသည်မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်တို့ကိုရောင်းစားပြီး ရသောငွေကို သူအကုန်အစင်သုံးစွဲလိုက်ပါပြီ။
31:16 အကယ်စင်စစ် အကျွန်ုပ်တို့ဖခင်ထံမှ ဘုရားသခင်နုတ်ယူတော်မူသောဓနဥစ္စာအားလုံးသည် အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများပိုင်ဆိုင်သောဓနဥစ္စာဖြစ်ပါ၏။ ထို့ကြောင့် ယခု သင့်အား ဘုရားသခင်မိန့်တော်မူသမျှကို ပြုပါလော့”ဟု ဆိုကြ၏။
31:17 ထိုအခါ ယာကုပ်သည်ထ၍ မိမိ၏သားသမီးများနှင့်မယားတို့ကို ကုလားအုတ်ပေါ်တင်ပြီးလျှင်
31:18 မိမိတိရစ္ဆာန်ရှိသမျှ၊ မိမိစုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ပါဒန်အာရံပြည်၌ မိမိစုဆောင်းပိုင်ဆိုင်သောတိရစ္ဆာန်တို့ကို ယူဆောင်လျက် ခါနာန်ပြည်ရှိ ဖခင်ဣဇက်ထံသို့ ပြန်သွားလေ၏။
31:19 လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
31:20 ယာကုပ်သည် မိမိထွက်ပြေးမည့်အကြောင်း အာရံလူမျိုးလာဗန်ကိုမပြောဘဲ သူ့အားမလိမ့်တပတ်လုပ် လေ၏။
31:21 ဤသို့ဖြင့် ယာကုပ်သည် မိမိပိုင်ဆိုင်သောအရာအားလုံးကိုယူ၍ ထွက်ပြေးလေ၏။ သူသည်ထ၍ ယူဖရေးတီးမြစ် ကိုကူးပြီးလျှင် ဂိလဒ်ပြည်တောင်ပေါ်ဒေသသို့ဦးတည်သွားလေ၏။
31:22 သုံးရက်မြောက်သောနေ့၌ လာဗန်သည် ယာကုပ်ထွက်ပြေးကြောင်းကြားသိသဖြင့်
31:23 မိမိဆွေမျိုးသားချင်းတို့ကိုခေါ်၍ ယာကုပ်နောက်သို့ ခုနစ်ရက်ခရီးလိုက်ပြီးမှ ဂိလဒ်ပြည်တောင်ပေါ်ဒေသ၌ သူ့ကိုမီလေ၏။
31:24 သို့သော် ဘုရားသခင်သည် အာရံလူမျိုးလာဗန်ထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင် သတိပြုလော့”ဟု မိန့်တော်မူ၏။
31:25 လာဗန်သည် ယာကုပ်ကိုလိုက်မီသောအချိန်တွင် ယာကုပ်သည် တောင်ပေါ်ဒေသ၌ တဲထိုးထားနှင့်ပြီဖြစ်၏။ လာဗန်သည်လည်း သူ၏ဆွေမျိုးသားချင်းများနှင့်အတူ ဂိလဒ်ပြည်တောင်ပေါ်ဒေသ၌တဲထိုးလေ၏။
31:26 လာဗန်က ယာကုပ်အား “သင်မည်သို့ပြုသနည်း။ သင်သည် ငါ့ကိုမလိမ့်တပတ်လုပ် ၍ ငါ့သမီးတို့ကို စစ်သုံ့ပန်းကဲ့သို့ ခေါ်ဆောင်သွားပြီတကား။
31:27 ငါသည် ပတ်သာနှင့်စောင်းတီးလျက်၊ ဝမ်းမြောက်စွာသီချင်းဆိုလျက် သင့်ကိုလွှတ်လိုက်လိုသည်ကို သင်သည် ငါ့ကိုဘာမျှမပြော၊ မလိမ့်တပတ်လုပ် ၍ အဘယ်ကြောင့်တိတ်တဆိတ်ထွက်ပြေးရသနည်း။
31:28 ငါ့မြေး၊ ငါ့သမီးတို့ကို ငါနမ်းရန်ပင် သင်သည်အခွင့်မပေး။ ယခု သင်သည် မိုက်မဲစွာပြုလေပြီတကား။
31:29 ငါသည် သင့်ကိုဒုက္ခရောက်စေနိုင်၏။ သို့သော် မနေ့ညတွင် သင့်ဖခင်၏ဘုရားသခင်က ‘သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင်သတိပြုလော့’ဟု ငါ့အားမိန့်တော်မူ၏။
31:30 ယခု သင်သည် သင့်ဖခင်၏အိမ်ကို အလွန်လွမ်းဆွတ်သဖြင့် အကယ်ပင်ပြန်သွားလိုသည်မှန်စေတော့ အဘယ်ကြောင့် ငါ၏ဘုရားတို့ကိုခိုးယူရသနည်း”ဟု ဆို၏။
31:31 ယာကုပ်ကလည်း “ဦးရီးသည် ဦးရီး၏သမီးတို့ကို အကျွန်ုပ်ထံမှ လုယူကောင်းလုယူလိမ့်မည်ဟု ထင်မှတ်၍ ကြောက်သောကြောင့်ဖြစ်ပါ၏။
31:32 ဦးရီး၏ဘုရားတို့ကို တစ်စုံတစ်ဦးထံ၌ရှာတွေ့လျှင် ထိုသူကိုအသက်ချမ်းသာမပေးပါနှင့်။ အကျွန်ုပ်တို့ဆွေမျိုးသားချင်းများရှေ့တွင် ဦးရီးကိုယ်တိုင်ရှာကြည့်၍ အကျွန်ုပ်ထံ၌ ဦးရီးဥစ္စာရှိလျှင် ပြန်ယူပါ”ဟု လာဗန်အားဆိုလေ၏။ ထိုရုပ်တုတို့ကို ရာခေလခိုးကြောင်း ယာကုပ်မသိ။
31:33 ထိုအခါ လာဗန်သည် ယာကုပ်၏တဲ၊ လေအာ၏တဲနှင့် ကျွန်မနှစ်ယောက်တို့၏တဲထဲသို့ဝင်၍ရှာသော်လည်း မတွေ့ချေ။ လေအာ၏တဲထဲမှထွက်လာပြီးနောက် သူသည် ရာခေလ၏တဲထဲသို့ဝင်လေ၏။
31:34 ရာခေလသည် တေရပ်ရုပ်တုတို့ကိုယူ၍ ကုလားအုတ်ကုန်းနှီးထဲထည့်ပြီးလျှင် ၎င်းတို့အပေါ်၌ထိုင်နေ၏။ ထို့ကြောင့် လာဗန်သည် တဲတစ်တဲလုံးမွှေနှောက်သော်လည်း မတွေ့ချေ။
31:35 ရာခေလသည် မိမိဖခင်အား “ကျွန်မ၏သခင်၊ စိတ်မဆိုးပါနှင့်။ ကျွန်မသည် မိန်းမတို့၏ဓမ္မတာလာနေပါသဖြင့် သခင့်ရှေ့၌ မတ်တတ်မရပ်နိုင်ပါ”ဟု ဆို၏။ ဤသို့ဖြင့် လာဗန်သည် ရှာဖွေသော်လည်း တေရပ်ရုပ်တုတို့ကို မတွေ့ချေ။
31:36 ထိုအခါ ယာကုပ်သည်အမျက်ထွက်၍ လာဗန်ကိုအပြစ်တင်လေ၏။ ယာကုပ်သည် လာဗန်အား “ဦးရီးသည် အကျွန်ုပ်နောက်သို့အပြင်းအထန်လိုက်ရလေအောင် အကျွန်ုပ်သည် မည်သည့်အမှုကိုကျူးလွန်မိသနည်း။ မည်သည့်အပြစ်ကိုပြုမိသနည်း။
31:37 အကျွန်ုပ်၏ပစ္စည်းအားလုံးကိုမွှေနှောက်ပြီးပြီ။ ဦးရီးအိမ်မှပစ္စည်းတစ်စုံတစ်ခုတွေ့ရှိသလော။ တွေ့လျှင် ၎င်းကို အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့နှင့် ဦးရီး၏ဆွေမျိုးသားချင်းတို့ရှေ့ ဤနေရာ၌ထားပါ။ အကျွန်ုပ်တို့နှစ်ယောက်ကြားတွင် သူတို့စီရင်ဆုံးဖြတ်ကြပါစေ။
31:38 အကျွန်ုပ်သည် ဦးရီးနှင့်အတူ အနှစ်နှစ်ဆယ်နေခဲ့ပါသည်။ ဦးရီး၏သိုးမ၊ ဆိတ်မတို့သည် သားမလျှော။ ဦးရီး၏သိုးဆိတ်တို့ထဲမှ သိုးထီး၊ ဆိတ်ထီးတို့ကို အကျွန်ုပ်မစား။
31:39 သားရဲကိုက်သတ်သောအကောင်ကိုလည်း ဦးရီးထံသို့မယူဆောင်လာဘဲ ၎င်းအတွက် အကျွန်ုပ်ကသာ အနစ်နာခံခဲ့ပါသည်။ နေ့အချိန်အခိုးခံရသည်ဖြစ်စေ၊ ညအချိန်အခိုးခံရသည်ဖြစ်စေ ဦးရီးသည် အကျွန်ုပ်ထံတွင် အစားတောင်းခဲ့ပါသည်။
31:40 အကျွန်ုပ်သည် နေ့မှာ အပူဒဏ်၊ ညမှာ အအေးဒဏ်ကိုခံရပြီး အိပ်ရေးလည်း ပျက်ခဲ့ရပါသည်။
31:41 အကျွန်ုပ်သည် ဦးရီး၏အိမ်၌ အနှစ်နှစ်ဆယ်နေ၍ ဦးရီး၏သမီးနှစ်ယောက်အတွက် တစ်ဆယ့်လေးနှစ်၊ ဦးရီး၏သိုးဆိတ်တို့အတွက် ခြောက်နှစ် အစေခံခဲ့ပါသည်။ ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့ပါသည်။
31:42 အကျွန်ုပ်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်ကြောက်ရွံ့သောဘုရားသည် အကျွန်ုပ်နှင့်အတူရှိတော်မမူခဲ့လျှင် ဦးရီးသည် ယခု အမှန်ပင် အကျွန်ုပ်ကို လက်ချည်းသက်သက် ပြန်လွှတ်ခဲ့ပေလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်ခြင်းနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ရခြင်းကိုမြင်၍ မနေ့ညက ဦးရီးကိုဆုံးမတော်မူပြီ”ဟု ဆိုလေ၏။
31:43 လာဗန်ကလည်း “ဤသမီးတို့သည် ငါ့သမီး၊ ဤကလေးတို့သည် ငါ့ကလေး၊ ဤသိုးဆိတ်တို့သည်လည်း ငါ့သိုးဆိတ် ဖြစ်ကြ၏။ သင်မြင်နေသမျှတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ ဤငါ့သမီးတို့အတွက်လည်းကောင်း၊ သူတို့မွေးဖွားသော သားသမီးများအတွက်လည်းကောင်း ယနေ့ ငါမည်သည့်အရာကိုပြုပေးနိုင်သနည်း။
31:44 ယခု လာလော့။ သင်နှင့်ငါပဋိညာဉ်ဖွဲ့ကြစို့။ ၎င်းသည် သင်နှင့်ငါကြား၌ သက်သေဖြစ်ပါစေ”ဟု ယာကုပ်အား ဆို၏။
31:45 ထို့ကြောင့် ယာကုပ်သည် ကျောက်ကိုယူ၍ မှတ်တိုင်အဖြစ်စိုက်ထူလေ၏။
31:46 ထို့ပြင် ယာကုပ်သည် မိမိဆွေမျိုးသားချင်းတို့အား “ကျောက်များကိုစုကြပါ”ဟု ဆိုလျှင် သူတို့သည် ကျောက်များကိုယူ၍ စုပုံကြ၏။ ထို့နောက် သူတို့သည် ထိုကျောက်ပုံအနားတွင် စားသောက်ကြ၏။
31:47 ထိုကျောက်ပုံကို လာဗန်က ယေဂါသဟာဒုသ ဟုခေါ်၏။ ယာကုပ်မူကား ဂိလဒ် ဟုခေါ်၏။
31:48 ထို့နောက် လာဗန်က “ယနေ့တွင် ဤကျောက်ပုံသည် သင်နှင့်ငါကြား၌ သက်သေဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ၎င်း၏အမည်ကို ဂိလဒ် ဟူ၍လည်းကောင်း၊
31:49 မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
31:50 သင်သည် ငါ့သမီးတို့ကိုနှိပ်စက်မည်၊ ငါ့သမီးတို့အပြင် အခြားသောမိန်းမတို့ကိုယူမည် ဆိုလျှင် ငါတို့ကြား၌လူမရှိသော်လည်း ဘုရားသခင်သည် သင်နှင့်ငါကြား၌ သက်သေဖြစ်တော်မူကြောင်းသိမှတ်လော့”ဟု ဆိုသောကြောင့်ဖြစ်၏။
31:51 တစ်ဖန် လာဗန်က ယာကုပ်အား “ဤကျောက်ပုံကိုကြည့်လော့။ သင်နှင့်ငါကြား၌ ငါစိုက်ထူထားသောမှတ်တိုင်ကိုကြည့်လော့။
31:52 ငါသည် သင့်ကိုအန္တရာယ်ပြုရန် ဤကျောက်ပုံကိုမကျော်မည့်အကြောင်း၊ သင်သည်လည်း ငါ့ကိုအန္တရာယ်ပြုရန် ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကိုမကျော်မည့်အကြောင်း ဤကျောက်ပုံသည် သက်သေဖြစ်၏။ ဤမှတ်တိုင်သည်လည်း သက်သေဖြစ်၏။
31:53 အာဗြဟံ၏ဘုရား၊ နာခေါ်၏ဘုရား၊ သူတို့ဖခင်၏ဘုရားသည် ငါတို့ကြား၌ တရားစီရင်တော်မူပါစေသော”ဟု ဆို၏။ ယာကုပ်သည်လည်း မိမိဖခင်ဣဇက်ကြောက်ရွံ့သောဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။
31:54 ထို့နောက် ယာကုပ်သည် တောင်ပေါ်၌ယဇ်ကောင်ကိုပူဇော်၍ အစားအစာစားသောက်ရန် မိမိ၏ဆွေမျိုးသားချင်းတို့ကိုဖိတ်ခေါ်လေ၏။ သူတို့သည်လည်း အစားအစာစားသောက်ပြီးလျှင် တောင်ပေါ်၌ ညအိပ်နားကြ၏။
31:55 လာဗန်သည် နံနက်စောစောထ၍ မိမိမြေး၊ မိမိသမီးတို့ကိုနမ်းပြီးလျှင် သူတို့ကိုကောင်းချီးပေးလေ၏။ ထို့နောက် လာဗန်သည် ထွက်ခွာ၍ မိမိနေရပ်သို့ပြန်သွားလေ၏။