Genesis 32
32:1 ယာကုပ်သည် ခရီးဆက်သွားရာ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် သူနှင့်လာတွေ့ကြ၏။
32:2 ယာကုပ်သည် သူတို့ကိုမြင်သောအခါ “ဤနေရာသည် ဘုရားသခင်၏တပ်စခန်းဖြစ်၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို မဟာနိမ် ဟုခေါ်၏။
32:3 ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
32:4 “သင်တို့သည် ငါ၏သခင်ဧသောအား သခင်၏အစေအပါးယာကုပ်က ‘အကျွန်ုပ်သည် လာဗန်ထံ၌ ယခုထိတိုင် တည်းခိုနေထိုင်ခဲ့ပါ၏။
32:5 အကျွန်ုပ်တွင် နွားများ၊ မြည်းများ၊ သိုးဆိတ်များနှင့် ကျွန်ယောက်ျားများ၊ ကျွန်မိန်းမများရှိပါ၏။ အကျွန်ုပ်သည် သခင့်ရှေ့၌မျက်နှာရမည့်အကြောင်း လူလွှတ်၍ အကျွန်ုပ်၏သခင်အား ကြိုတင်ကြားလျှောက်ပါ၏’ဟူ၍ ပြောရမည်”ဟု မှာကြားလိုက်လေ၏။
32:6 စေတမန်တို့သည် ယာကုပ်ထံသို့ပြန်ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင်၏အစ်ကိုဧသောထံသို့ရောက်ခဲ့ပါပြီ။ သူသည်လည်း သခင်နှင့်တွေ့ဆုံရန် လူလေးရာနှင့်အတူ လာနေပါသည်”ဟု လျှောက်ကြ၏။
32:7 ထိုအခါ ယာကုပ်သည် အလွန်ကြောက်၍ စိတ်ပူပန်သဖြင့် မိမိနှင့်အတူရှိသောလူတို့ကိုလည်းကောင်း၊ သိုးဆိတ်၊ နွားနှင့် ကုလားအုတ်တို့ကိုလည်းကောင်း အုပ်စုနှစ်စုခွဲထား၏။
32:8 ယာကုပ်က “အကယ်၍ ဧသောသည် တစ်စုကိုလာ၍တိုက်ခိုက်လျှင် ကျန်တစ်စုသည် လွတ်လိမ့်မည်”ဟု ဆို၏။
32:9 ထို့နောက် ယာကုပ်က “အကျွန်ုပ်အဖအာဗြဟံ၏ဘုရား၊ အကျွန်ုပ်အဖဣဇက်၏ဘုရား၊ အကျွန်ုပ်အား ‘သင့်ပြည်၊ သင့်ဆွေမျိုးသားချင်းတို့ထံသို့ ပြန်သွားလော့။ ငါသည် သင့်ကိုကောင်းစားစေမည်’ဟု မိန့်တော်မူသောထာဝရဘုရား၊
32:10 ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။
32:11 အကျွန်ုပ်အစ်ကိုဧသော၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကြောင်းမူကား သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ ကလေးနှင့်မိခင်တို့ကိုလည်းကောင်း တိုက်ခိုက်မည်ကိုအကျွန်ုပ်ကြောက်ပါ၏။
32:12 သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကိုအမှန်ပင်ကောင်းစားစေ၍ သင်၏သားစဉ်မြေးဆက်တို့ကို မရေတွက်နိုင်အောင် များပြားသောပင်လယ်သဲပွင့်ကဲ့သို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူခဲ့ပါပြီ”ဟု လျှောက်လေ၏။
32:13 ယာကုပ်သည် ထိုညတွင် ထိုအရပ်၌ညအိပ်နားပြီးလျှင် အစ်ကိုဧသောအား လက်ဆောင်ပေးရန် မိမိ၏လက်ရှိဥစ္စာထဲမှ
32:14 ဆိတ်မအကောင်နှစ်ရာ၊ ဆိတ်ထီးအကောင်နှစ်ဆယ်၊ သိုးမအကောင်နှစ်ရာ၊ သိုးထီးအကောင်နှစ်ဆယ်၊
32:15 နို့တိုက်ကုလားအုတ်အကောင်သုံးဆယ်နှင့် ၎င်းတို့၏သားပေါက်များ၊ နွားမအကောင်လေးဆယ်၊ နွားထီးဆယ်ကောင်၊ မြည်းမအကောင်နှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုယူ၍
32:16 ၎င်းတို့ကို သူ့အမျိုးနှင့်သူ အုပ်လိုက် အုပ်လိုက် မိမိကျွန်တို့လက်သို့အပ်လေ၏။ ထို့နောက် ထိုကျွန်တို့အား “ငါ့ရှေ့မှ ကူးသွားနှင့်ကြလော့။ တိရစ္ဆာန်တစ်အုပ်နှင့်တစ်အုပ်ကို ခပ်လှမ်းလှမ်းခွာထားလော့”ဟု ဆို၏။
32:17 ထို့ပြင် ရှေ့ဆုံးမှသွားသောသူအား “ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍ ‘သင်သည် မည်သူ၏လူဖြစ်သနည်း။ မည်သည့်အရပ်သို့သွားမည်နည်း။ သင့်ရှေ့၌ရှိသောဤအရာတို့ကား မည်သူ၏ဥစ္စာဖြစ်သနည်း’ဟု သင့်ကိုမေးလျှင်
32:18 ‘သခင့်အစေအပါး ယာကုပ်၏ဥစ္စာဖြစ်ပါ၏။ ဤအရာတို့သည် သခင်ဧသောအား ဆက်သလိုက်သောလက်ဆောင်ဖြစ်ပါ၏။ သူသည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။
32:19 ဒုတိယလူ၊ တတိယလူနှင့် တိရစ္ဆာန်အုပ်နောက်မှလိုက်သောသူအပေါင်းတို့ကိုလည်း “သင်တို့သည် ဧသောကိုတွေ့သောအခါ ထိုအတိုင်းလျှောက်ရမည်။
32:20 ထို့ပြင် ‘အရှင့်အစေအပါး ယာကုပ်သည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။ ယာကုပ်က “ငါ့အလျင်ရောက်နှင့်သောလက်ဆောင်ဖြင့် သူ့ကိုစိတ်ပြေစေပြီးမှ သူနှင့်ငါတွေ့ဆုံမည်။ သို့ပြုလျှင် သူသည် ငါ့ကိုလက်ခံကောင်းလက်ခံလိမ့်မည်”ဟု တွေးထင်သောကြောင့်ဖြစ်၏။
32:21 ထိုသို့ ယာကုပ်သည် မိမိထက်အလျင် လက်ဆောင်ကို တစ်ဖက်ကမ်းသို့ပို့လိုက်၏။ သူကိုယ်တိုင်မူကား ထိုညတွင် စခန်းထဲ၌ ညအိပ်နားလေ၏။
32:22 သို့သော် ထိုညတွင် သူသည် ထ၍ မိမိ၏မယားနှစ်ယောက်၊ မိမိ၏ကျွန်မနှစ်ယောက်နှင့် မိမိ၏သားတစ်ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်၍ ယဗ္ဗုတ်ရေဆိပ်မှ ဖြတ်ကူး၏။
32:23 ထိုသို့ သားမယားတို့ကို ချောင်းတစ်ဖက်ကမ်းသို့ဖြတ်ကူးစေပြီးလျှင် မိမိပိုင်ဆိုင်သောဥစ္စာတို့ကိုလည်း တစ်ဖက်ကမ်းသို့ပို့လိုက်၏။
32:24 ယာကုပ်သည် တစ်ယောက်တည်းကျန်ခဲ့၏။ ထိုအခါ လူတစ်ယောက်သည် အရုဏ်တက်ချိန်အထိ ယာကုပ်နှင့်နပန်းလုံးလေ၏။
32:25 ထိုသူသည် ယာကုပ်ကို မနိုင်မှန်းသိမြင်သောအခါ ယာကုပ်၏တင်ပါးဆုံအဆစ်ကိုထိုး၏။ ထို့ကြောင့် ထိုသူနှင့်နပန်းလုံးစဉ်တွင် ယာကုပ်၏တင်ပါးဆုံအဆစ်သည် လွဲလေ၏။
32:26 ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။
32:27 ထိုသူကလည်း “သင့်နာမည်ကား အဘယ်နည်း”ဟု မေးလျှင် “ယာကုပ် ဖြစ်ပါသည်”ဟု ပြန်ဖြေ၏။
32:28 ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေး ဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
32:29 ယာကုပ်ကလည်း “အရှင်၏အမည်ကို သိပါရစေ”ဟု ဆိုလျှင် ထိုသူက “အဘယ်ကြောင့် ငါ၏အမည်ကိုမေးသနည်း”ဟု ဆိုပြီး ထိုအရပ်၌ ယာကုပ်ကို ကောင်းချီးပေးလေ၏။
32:30 ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။
32:31 ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။
32:32 ထိုသို့ ယာကုပ်၏တင်ပါးဆုံအဆစ်၌ရှိသောအကြောကို ထိုးသောကြောင့် ယနေ့တိုင်အောင် အစ္စရေးအမျိုးသားတို့သည် တင်ပါးဆုံအဆစ်၌ရှိသောအကြောကို မစားကြချေ။