Genesis 37
37:1 ယာကုပ်သည် မိမိဖခင်တည်းခိုနေထိုင်ရာပြည်ဖြစ်သည့် ခါနာန်ပြည်၌ နေထိုင်၏။
37:2 ယာကုပ်၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ ယောသပ်သည် အသက်တစ်ဆယ့်ခုနစ်နှစ်ရှိသောအခါ မိမိအစ်ကိုတို့နှင့်အတူ သိုးဆိတ်တို့ကိုထိန်းကျောင်း၏။ ယောသပ်သည် အသက်ငယ်သေးသဖြင့် ဖခင်၏မယားဖြစ်သော ဗိလဟာနှင့်ဇိလပတို့၏သားတို့နှင့်အတူနေ၍ သူတို့၏မကောင်းသတင်းကို ဖခင်အားပြောလေ့ရှိ၏။
37:3 အစ္စရေးသည် ယောသပ်ကို အသက်ကြီးမှရသောကြောင့် သားအားလုံးထက် သူ့ကိုပို၍ချစ်သဖြင့် ရောင်စုံသင်တိုင်းကို သူ့အတွက်ချုပ်ပေး၏။
37:4 ဖခင်က သူ့ကို ညီအစ်ကိုအားလုံးထက်ပို၍ချစ်ကြောင်း သူ့အစ်ကိုတို့သိမြင်သောအခါ သူ့ကိုမုန်း၍ သူ့အားချိုသာစွာမပြောဆိုနိုင်ကြချေ။
37:5 ယောသပ်သည် အိပ်မက်မက်၍ သူ့အစ်ကိုတို့အားပြောပြသောအခါ သူတို့သည် သူ့ကိုပို၍ပင်မုန်းကြ၏။
37:6 ယောသပ်က သူတို့အား “အကျွန်ုပ်မက်သော အိပ်မက်ကို ပြောပြမည်။ နားထောင်ကြပါ။
37:7 အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။
37:8 သူ့အစ်ကိုတို့ကလည်း “သင်သည် ငါတို့ကို အမှန်ပင်စိုးစံမည်လော။ ငါတို့ကို အမှန်ပင်အုပ်စိုးမည်လော”ဟု ဆို၍ သူ၏အိပ်မက်ကြောင့်လည်းကောင်း၊ သူ၏စကားတို့ကြောင့်လည်းကောင်း သူ့ကိုပို၍ပင်မုန်းကြ၏။
37:9 တစ်ဖန် ယောသပ်သည် ထပ်၍အိပ်မက်မက်ပြန်သဖြင့် မိမိအစ်ကိုတို့အား “အကျွန်ုပ်သည် ထပ်၍အိပ်မက်မက်ပြန်၏။ နေ၊ လနှင့် ကြယ်တစ်ဆယ့်တစ်လုံးတို့သည် အကျွန်ုပ်ရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ပြောပြလေ၏။
37:10 ထိုသို့ သူသည် မိမိဖခင်နှင့်အစ်ကိုတို့အားပြောပြသောအခါ ဖခင်က “သင်မက်သောအိပ်မက်ကား မည်သို့နည်း။ စင်စစ် ငါနှင့် သင့်မိခင်၊ သင့်အစ်ကိုတို့သည် သင့်ရှေ့သို့လာ၍ မြေမှာပျပ်ဝပ်ရမည်လော”ဟု ဆိုလျက် သူ့ကိုဆုံးမလေ၏။
37:11 အစ်ကိုတို့သည် သူ့ကိုမနာလိုဖြစ်ကြ၏။ ဖခင်မူကား ထိုအကြောင်းအရာကို စိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
37:12 ထို့နောက် ယောသပ်၏အစ်ကိုတို့သည် ရှေခင်မြို့အနီးတွင် ဖခင်၏သိုးဆိတ်တို့ကို ထိန်းကျောင်းရန်ထွက်ခွာသွားကြ၏။
37:13 အစ္စရေးက ယောသပ်အား “သင်၏အစ်ကိုတို့သည် ရှေခင်မြို့အနီး၌ သိုးဆိတ်တို့ကိုထိန်းကျောင်းနေသည်မဟုတ်လော။ လာပါ။ သင့်ကို သူတို့ထံသို့ ငါစေလွှတ်မည်”ဟု ဆိုလျှင် သူက “ဟုတ်ကဲ့ပါ”ဟု ဆို၏။
37:14 ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
37:15 ကွင်းပြင်၌ လှည့်လည်နေစဉ် လူတစ်ယောက်က သူ့ကိုတွေ့၍ “ဘာကိုရှာနေသနည်း”ဟု သူ့အားမေးလေ၏။
37:16 သူကလည်း “အကျွန်ုပ်၏အစ်ကိုတို့ကို ရှာနေပါသည်။ သူတို့သည် သိုးဆိတ်တို့ကို အဘယ်မှာထိန်းကျောင်းနေသည်ကို အကျွန်ုပ်အားပြောပြပါ”ဟု ဆိုလျှင်
37:17 ထိုလူက “သူတို့သည် ဤနေရာမှထွက်သွားကြပြီ။ ‘ဒေါသန်အရပ်သို့ ငါတို့သွားကြစို့’ဟု သူတို့ပြောဆိုနေကြသည်ကို ငါကြားသည်”ဟု ဆို၏။ ထို့ကြောင့် ယောသပ်သည် မိမိအစ်ကိုတို့နောက်သို့လိုက်သွားရာ ဒေါသန်အရပ်၌ သူတို့ကိုတွေ့လေ၏။
37:18 ယောသပ်သည် အစ်ကိုတို့ထံသို့မရောက်မီ အစ်ကိုတို့သည် သူ့ကို အဝေးမှလှမ်းမြင်၍ သူ့ကိုသတ်ရန်တိုင်ပင်လျက်
37:19 “ကြည့်ပါ။ အိပ်မက်ဆရာလာနေပြီ။
37:20 လာကြ။ သူ့ကိုသတ်ပြီး တွင်းတစ်ခုခုထဲသို့ပစ်ချလိုက်ကြစို့။ ‘သားရဲတိရစ္ဆာန်သည် သူ့ကိုကိုက်စားပြီ’ဟု ငါတို့ပြောကြမည်။ ထိုအခါ သူ၏အိပ်မက်မည်သို့ဖြစ်လာမည်ကို ငါတို့ကြည့်ကြမည်”ဟု အချင်းချင်းပြောဆိုကြ၏။
37:21 ရုဗင်သည်ကြားလျှင် “သူ့ကိုမသတ်ဘဲနေကြစို့”ဟု ဆိုလျက် ယောသပ်ကို သူတို့လက်ထဲမှကယ်နုတ်၏။
37:22 တစ်ဖန် ရုဗင်က “သွေးမသွန်းကြနှင့်။ တောကန္တာရရှိ ဤတွင်းထဲသို့ သူ့ကိုပစ်ချကြစို့။ သူ့ကို ကိုယ်ထိလက်ရောက်မပြုမိစေနှင့်”ဟု ဆို၏။ ဤသို့ဆိုခြင်းမှာ ယောသပ်ကို သူတို့လက်မှကယ်နုတ်၍ ဖခင်ထံသို့ပြန်ပို့ရန်အတွက်ဖြစ်၏။
37:23 ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်လာသောအခါ သူတို့သည် ယောသပ်ဝတ်ဆင်ထားသောရောင်စုံသင်တိုင်းကို ချွတ်ပြီးလျှင်
37:24 သူ့ကိုခေါ်သွား၍ တွင်းထဲသို့ပစ်ချလိုက်ကြ၏။ ထိုတွင်းသည် ရေမရှိသောတွင်းလွတ်ဖြစ်၏။
37:25 ထို့နောက် သူတို့သည် အစားအစာစားသောက်ရန် ထိုင်လိုက်ကြစဉ် ဣရှမေလလူမျိုး ခရီးသွားလူတစ်စုသည် နံ့သာမျိုးများ၊ လိမ်းဆေးများနှင့် မုရန်စေးများကို ကုလားအုတ်များပေါ်တင်ဆောင်လျက် ဂိလဒ်ပြည်ဘက်မှ အီဂျစ်ပြည်သို့ဆင်းသွားနေသည်ကို လှမ်းမြင်ရ၏။
37:26 ယုဒက မိမိညီအစ်ကိုတို့အား “ငါတို့သည် ညီကိုသတ်ပြီး သတ်ကြောင်းကိုဖုံးကွယ်ထားလျှင် မည်သည့်အကျိုးရှိမည်နည်း။
37:27 လာကြ။ သူ့ကို ဣရှမေလလူမျိုးတို့ထံ ရောင်းလိုက်ကြစို့။ သူသည် ငါတို့၏ညီ၊ ငါတို့၏သွေးသားဖြစ်သောကြောင့် သူ့ကို ကိုယ်ထိလက်ရောက်မပြုမိစေနှင့်”ဟု ဆို၏။ ညီအစ်ကိုတို့သည်လည်း သူ့ကိုနာခံကြ၏။
37:28 မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ် ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
37:29 ရုဗင်သည် တွင်းသို့ပြန်လာသောအခါ တွင်းထဲ၌ယောသပ်မရှိသဖြင့် မိမိ၏အဝတ်ကို ဆုတ်ဖြဲပြီးလျှင်
37:30 ညီတို့ထံသို့ပြန်လာ၍ “သူငယ်မရှိတော့ပါတကား။ ငါမည်သို့ပြုရပါမည်နည်း”ဟု ဆိုလေ၏။
37:31 သူတို့သည် ယောသပ်၏သင်တိုင်းကိုယူ၍ ဆိတ်သငယ်အထီးတစ်ကောင်ကိုသတ်ပြီးလျှင် ဆိတ်သွေးထဲ၌ ထိုသင်တိုင်းကိုနှစ်လေ၏။
37:32 ထို့နောက် ထိုရောင်စုံသင်တိုင်းကို ယူ၍ ဖခင်ထံသို့ယူဆောင်လာကြကာ “အကျွန်ုပ်တို့သည် ဤသင်တိုင်းကိုတွေ့ရှိပါသည်။ အဖေ့သား၏သင်တိုင်းဟုတ်၊ မဟုတ်ကြည့်ပါ”ဟု ဆိုကြ၏။
37:33 ဖခင်သည် ထိုသင်တိုင်းကိုမှတ်မိသဖြင့် “ငါ့သား၏သင်တိုင်းဖြစ်၏။ သူ့ကို သားရဲတိရစ္ဆာန်ကိုက်စားလေပြီ။ ယောသပ်သည် အမှန်ပင် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းခံရပြီတကား”ဟု ပြောဆိုလေ၏။
37:34 ယာကုပ်သည် မိမိအဝတ်ကိုဆုတ်ဖြဲ၍ ခါး၌လျှော်တေအဝတ်ကိုစည်းကာ မိမိသားအတွက် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်းလေ၏။
37:35 သူ၏သားသမီးအပေါင်းတို့သည် သူ့ကို ကြိုးစား၍နှစ်သိမ့်ကြ၏။ သို့သော် သူသည် နှစ်သိမ့်ခြင်းကိုငြင်းဆန်လျက် “အကယ်စင်စစ် ငါသည် ငါ့သားရှိရာမရဏာနိုင်ငံသို့ ငိုကြွေးမြည်တမ်းလျက် ဆင်းသွားတော့မည်”ဟု ဆို၏။ ထိုသို့ ယောသပ်၏ဖခင်သည် သားကြောင့်ငိုကြွေးလေ၏။
37:36 အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။