Genesis 38
38:1 ထိုကာလတွင် ယုဒသည် မိမိညီအစ်ကိုတို့ထံမှထွက်သွား၍ ဟိရအမည်ရှိသော အဒုလံမြို့သားတစ်ယောက်နှင့်အတူနေထိုင်လေ၏။
38:2 ထိုအရပ်၌ ယုဒသည် ရှုအာအမည်ရှိသော ခါနာန်လူမျိုးတစ်ယောက်၏သမီးကိုတွေ့မြင်ပြီးလျှင် သူနှင့်စုံဖက်၍ သူ့ထံသို့ဝင်လေ၏။
38:3 ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွား၏။ ယုဒသည် ထိုသား၏အမည်ကို ဧရ ဟုမှည့်ခေါ်လေ၏။
38:4 ထိုမိန်းမသည် နောက်တစ်ဖန် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားရာ ထိုသား၏အမည်ကို ဩနန် ဟုမှည့်ခေါ်လေ၏။
38:5 နောက်တစ်ဖန်ထပ်၍ သားကိုမွေးဖွားရာ ထိုသား၏အမည်ကို ရှေလ ဟုမှည့်ခေါ်လေ၏။ ရှေလကိုမွေးဖွားသောအခါ ယုဒသည် ခေဇိပ်မြို့တွင် ရောက်နေ၏။
38:6 ထို့နောက်တွင် ယုဒသည် မိမိ၏သားဦးဧရကို တာမာအမည်ရှိသောအမျိုးသမီးနှင့် စုံဖက်ပေးလေ၏။
38:7 ယုဒ၏သားဦးဧရသည် ထာဝရဘုရားမျက်မှောက်တော်၌ဆိုးသောသူဖြစ်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူ့ကိုကွပ်မျက်တော်မူ၏။
38:8 ထို့နောက် ယုဒက ဩနန်အား “သင့်အစ်ကို၏မယားထံသို့ဝင်လော့။ မတ်တစ်ယောက်၏တာဝန်ကိုဖြည့်ဆည်း၍ သင့်အစ်ကို၏မျိုးဆက်ကိုဖြစ်ထွန်းစေလော့”ဟု ဆိုလေ၏။
38:9 သို့သော် ဩနန်က ဤမျိုးဆက်သည် မိမိ၏မျိုးဆက်ဖြစ်မည်မဟုတ်ကြောင်း သိ၏။ ထို့ကြောင့် သူသည် မိမိအစ်ကို၏မယားထံသို့ဝင်သောအခါ မိမိအစ်ကိုအတွက် မျိုးဆက်မဖြစ်ထွန်းစေရန် သုက်ရည်ကို အပြင်သို့စွန့်ထုတ်၏။
38:10 သူပြုသောအမှုသည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသောအမှုဖြစ်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူ့ကိုလည်း ကွပ်မျက်တော်မူ၏။
38:11 ယုဒက မိမိ၏သားရှေလသည်လည်း သူ၏အစ်ကိုများကဲ့သို့ သေမည်ကိုစိုးရိမ်သဖြင့် မိမိ၏ချွေးမတာမာအား “ရှေလကြီးပြင်းသည်အထိ သင့်ဖခင်၏အိမ်၌ မုဆိုးမအဖြစ်နှင့်နေလော့”ဟု ဆိုလေ၏။ ထို့ကြောင့် တာမာသည်သွား၍ မိမိဖခင်၏အိမ်၌နေထိုင်လေ၏။
38:12 ကာလအတန်ကြာသော် ရှုအာ၏သမီးဖြစ်သော ယုဒ၏မယားသည် သေဆုံးလေ၏။ ယုဒသည် စိတ်သက်သာရာရပြီးမှ မိမိ၏မိတ်ဆွေအဒုလံမြို့သားဟိရနှင့်အတူ မိမိ၏သိုးမွေးညှပ်သမားတို့ရှိရာ တိမနတ်မြို့သို့တက်သွား၏။
38:13 ထိုအခါ တစ်စုံတစ်ဦးက တာမာအား “သင်၏ယောက္ခမသည် သိုးမွေးညှပ်ရန် တိမနတ်မြို့သို့သွားနေသည်”ဟု ကြားပြောလေ၏။
38:14 ရှေလကြီးပြင်းလာပြီဖြစ်သော်လည်း တာမာက မိမိကို ရှေလနှင့်မပေးစားကြောင်း သိမြင်သဖြင့် မိမိကိုယ်ပေါ်မှ မုဆိုးမအဝတ်ကိုချွတ်၍ မိမိကိုယ်ကိုခြုံပဝါဖြင့် ဖုံးအုပ်ခြုံရုံပြီးလျှင် တိမနတ်မြို့သို့သွားရာလမ်းရှိ ဧနိမ်မြို့အဝင်ဝ၌ ထိုင်နေ၏။
38:15 ယုဒသည် သူ့ကိုမြင်သောအခါ သူသည် မိမိ၏မျက်နှာကိုဖုံးထားသောကြောင့် ပြည့်တန်ဆာဟု ထင်မှတ်လေ၏။
38:16 ယုဒသည် သူ့ကို မိမိ၏ချွေးမဖြစ်ကြောင်းမသိသောကြောင့် လမ်းဘေးရှိတာမာထံသို့လှည့်လာပြီး “လာပါ။ သင့်ထံသို့ ငါဝင်လို၏”ဟု ဆိုလေ၏။ ထိုအခါ တာမာက “သင်သည် ကျွန်မထံသို့ဝင်လျှင် ကျွန်မအား မည်သည့်အရာကိုပေးမည်နည်း”ဟု မေးလေ၏။
38:17 ယုဒကလည်း “သိုးဆိတ်တို့ထဲမှ ဆိတ်သငယ်တစ်ကောင်ကိုပို့ပေးမည်”ဟု ဆိုသော် သူက “သင်မပို့ပေးမီ အာမခံပစ္စည်းကိုသာ ပေးထားပါ”ဟု ဆို၏။
38:18 ယုဒက “သင့်အား မည်သည့်အာမခံပစ္စည်းကို ငါပေးရမည်နည်း”ဟု မေးလျှင် သူက “သင်၏တံဆိပ်၊ သင်၏ကြိုး၊ သင်ကိုင်ဆောင်သောတောင်ဝှေး”ဟု ဆို၏။ ယုဒသည်လည်း ထိုပစ္စည်းတို့ကို သူ့အားပေးပြီး သူ့ထံသို့ဝင်သဖြင့် သူသည် ယုဒနှင့်ကိုယ်ဝန်ရလေ၏။
38:19 တာမာသည် ထသွား၍ မိမိကိုယ်ပေါ်မှ ခြုံပဝါကိုချွတ်ပြီးလျှင် မုဆိုးမအဝတ်ကိုပြန်ဝတ်၏။
38:20 ထို့နောက် ယုဒသည် ထိုမိန်းမလက်မှ အာမခံပစ္စည်းကိုပြန်ယူရန် ဆိတ်သငယ်တစ်ကောင်ကို မိမိ၏မိတ်ဆွေအဒုလံမြို့သားနှင့်ပို့လိုက်၏။ သို့ရာတွင် သူသည် ထိုမိန်းမကိုရှာမတွေ့သဖြင့်
38:21 သူက ထိုအရပ်၌ရှိသောလူတို့အား “ဧနိမ်မြို့လမ်းဘေး၌ထိုင်လေ့ရှိသော ဗိမာန်ပြည့်တန်ဆာ သည် အဘယ်မှာနည်း”ဟု မေး၏။ သူတို့ကလည်း “ဤအရပ်၌ ဗိမာန်ပြည့်တန်ဆာမရှိ”ဟု ပြန်ပြောကြ၏။
38:22 ထိုအခါ သူသည် ယုဒထံသို့ပြန်လာ၍ “ထိုမိန်းမကို ရှာမတွေ့ပါ။ ထိုအရပ်၌ရှိသောလူတို့ကလည်း ‘ဤအရပ်၌ ဗိမာန်ပြည့်တန်ဆာမရှိ’ဟူ၍ ဆိုကြပါသည်”ဟု ပြောလေ၏။
38:23 ထိုအခါ ယုဒက “ထိုပစ္စည်းတို့ကို သူယူထားပါလေစေ။ ထိုသို့မဟုတ်လျှင် ငါတို့သည် မထီမဲ့မြင်ပြုစရာဖြစ်လိမ့်မည်။ ကြည့်ပါ။ ငါသည် ဤဆိတ်သငယ်ကိုပို့လိုက်သော်လည်း သင်သည် သူ့ကိုရှာမတွေ့ခဲ့ချေ”ဟု ဆိုလေ၏။
38:24 သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
38:25 တာမာကို အပြင်သို့ထုတ်လာကြသောအခါ သူက “ကျွန်မသည် ဤပစ္စည်းတို့ကိုပိုင်သောသူနှင့်ကိုယ်ဝန်ရပါ၏။ ဤတံဆိပ်၊ ဤကြိုး၊ ဤတောင်ဝှေးတို့သည် မည်သူ၏ပစ္စည်းဖြစ်သည်ကိုစစ်ကြည့်ပါ”ဟု သူ့ယောက္ခမထံစကားပါးလိုက်၏။
38:26 ထိုပစ္စည်းတို့ကိုမှတ်မိသဖြင့် ယုဒက “သူသည် ငါ့ထက်ဖြောင့်မတ်မှန်ကန်၏။ ငါမူကား ငါ့သားရှေလကို သူနှင့်မပေးစားဘဲနေမိပြီ”ဟု ဆိုလေ၏။ ယုဒသည် သူနှင့် နောက်တစ်ဖန်မဆက်ဆံတော့ပေ။
38:27 ထို့နောက် တာမာသည် သားဖွားချိန်ရောက်လေ၏။ သူ၏ဝမ်းထဲ၌ သားအမြွှာရှိ၏။
38:28 သားဖွားစဉ်တွင် ကလေးတစ်ယောက်သည် လက်ကိုထုတ်သဖြင့် ဝမ်းဆွဲက ကလေး၏လက်ကိုကိုင်၍ ကြိုးအနီဖြင့်ချည်လျက် “ဤကလေးသည် အလျင်မွေးလာ၏”ဟု ဆို၏။
38:29 သို့သော် ထိုကလေးသည် လက်ကိုပြန်ရုပ်လိုက်ရာ ကျန်တစ်ယောက်သည် သူ့ထက်အလျင်မွေးလာ၏။ ထိုအခါ ဝမ်းဆွဲက “သင်သည် မရမကထိုးဖောက်ထွက်လာပါသည်တကား”ဟု ဆိုလေ၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဖာရက် ဟုမှည့်ခေါ်လေ၏။
38:30 ထို့နောက်မှ လက်၌ကြိုးအနီချည်ထားသောကလေးသည် မွေးလာ၏။ ထိုသား၏အမည်ကို ဇေရ ဟုမှည့်ခေါ်လေ၏။