Genesis 40
40:1 ထို့နောက်တွင် အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည် မိမိတို့၏သခင် အီဂျစ်ဘုရင်ကိုပြစ်မှားကြ၏။
40:2 ဖာရောမင်းကြီးသည် မိမိ၏မင်းမှုထမ်းနှစ်ယောက်ဖြစ်သော ဖလားတော်ဝန်နှင့်စားတော်ဝန်ကို အမျက်ထွက်လေ၏။
40:3 ထို့ကြောင့် ထိုမင်းမှုထမ်းတို့ကို ယောသပ်အချုပ်အနှောင်ခံရာအကျဉ်းထောင်ဖြစ်သည့် ကိုယ်ရံတော်မှူးအိမ်၌ အကျဉ်းချထားလေ၏။
40:4 ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ်လက်သို့အပ်သဖြင့် ယောသပ်သည် သူတို့ကိုကြည့်ရှုစောင့်ရှောက်ရ၏။ ထိုသူတို့သည် ရက်အတန်ကြာ အကျဉ်းချခံရကြ၏။
40:5 အကျဉ်းထောင်ထဲ၌ အကျဉ်းချထားခြင်းခံရသော အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်နှစ်ယောက်တို့သည် အနက်ကိုယ်စီရှိသောအိပ်မက်ကို တစ်ညတည်း၌ အိပ်မက်မက်ကြ၏။
40:6 နံနက်အချိန်၌ ယောသပ်သည် သူတို့ထံသို့လာ၍ကြည့်ရှုရာ သူတို့မျက်နှာမသာမယာဖြစ်နေသည်ကို မြင်လေ၏။
40:7 ထို့ကြောင့် ယောသပ်သည် မိမိသခင့်အိမ်၌ မိမိနှင့်အတူအကျဉ်းချခံနေရသော ဖာရောမင်းကြီး၏မင်းမှုထမ်းတို့အား “ယနေ့ အဘယ်ကြောင့်မျက်နှာညှိုးငယ်နေကြသနည်း”ဟု မေး၏။
40:8 သူတို့ကလည်း “ငါတို့သည် အိပ်မက်မက်ကြ၏။ သို့သော် အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူ တစ်ယောက်မျှမရှိ”ဟု ပြန်ပြောကြ၏။ ယောသပ်ကလည်း “အနက်ဖွင့်ဆိုခြင်းသည် ဘုရားသခင်နှင့်ဆိုင်တော်မူသည်မဟုတ်လော။ သို့ဖြစ်၍ အကျွန်ုပ်အားပြောပြကြပါလော့”ဟု သူတို့အားဆိုလေ၏။
40:9 ထိုအခါ ဖလားတော်ဝန်သည် မိမိ၏အိပ်မက်ကို ယောသပ်အားပြောပြလေ၏။ သူက “ငါ့ရှေ့တွင် စပျစ်ပင်တစ်ပင်ရှိ၏ဟု အိပ်မက်မက်၏။
40:10 ထိုစပျစ်ပင်၌ အခက်သုံးခက်ရှိ၏။ ၎င်းသည် အဖူးထွက်၍ အပွင့်ပွင့်လာပြီး စပျစ်ခိုင်မှစပျစ်သီးတို့သည်လည်း မှည့်လေ၏။
40:11 ငါသည် ဖာရောမင်းကြီး၏ခွက်ဖလားကိုကိုင်ထားလျက် ထိုစပျစ်သီးတို့ကိုယူ၍ ဖာရောမင်းကြီး၏ခွက်ဖလားထဲသို့ညှစ်ထည့်ပြီးလျှင် ထိုခွက်ဖလားကို ဖာရောမင်းကြီး၏လက်သို့ဆက်သ၏”ဟု ဆိုလေ၏။
40:12 ထိုအခါ ယောသပ်က သူ့အား “အိပ်မက်၏အနက်ကား ဤသို့ဖြစ်၏။ အခက်သုံးခက်သည် သုံးရက်ဖြစ်၏။
40:13 သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုချီးမြှောက်၍ သင်၏ရာထူးကို သင့်အားပြန်ပေးလိမ့်မည်။ သင်သည် ယခင်က ဖာရောမင်းကြီး၏ဖလားတော်ဝန်ဖြစ်ခဲ့စဉ်ပြုလေ့ရှိသည့်အတိုင်း သူ၏ခွက်ဖလားကို သူ့လက်သို့ဆက်သရလိမ့်မည်။
40:14 သင်ကောင်းစားသောအခါ အကျွန်ုပ်ကိုအောက်မေ့၍ အကျွန်ုပ်အား မေတ္တာပြပါလော့။ ဤအိမ်ထဲမှ ထွက်လာနိုင်ရန် အကျွန်ုပ်အတွက် ဖာရောမင်းကြီးထံလျှောက်တင်ပေးပါလော့။
40:15 အကယ်စင်စစ် အကျွန်ုပ်သည် ဟေဗြဲပြည်မှ အတင်းအကျပ်ခေါ်ဆောင်လာခြင်းခံခဲ့ရပါ၏။ ဤအရပ်၌လည်း အကျွန်ုပ်သည် အမှားတစ်စုံတစ်ရာမပြုခဲ့ဘဲ အကျွန်ုပ်ကို ဤမြေအောက်အကျဉ်းခန်းထဲ၌ထည့်ထားကြပါ၏”ဟု ဆိုလေ၏။
40:16 စားတော်ဝန်သည် ယောသပ်ဖွင့်ပြသောအနက်ကောင်းသည်ကိုသိမြင်သောအခါ ယောသပ်အား “ငါသည်လည်း အိပ်မက်မက်၏။ ငါ့အိပ်မက်ထဲ၌ ငါ့ခေါင်းပေါ်တွင် အဖြူရောင်တောင်းသုံးလုံးရွက်ထား၏။
40:17 အပေါ်ဆုံးတောင်းထဲတွင် ဖာရောမင်းကြီးအတွက်ဖုတ်ထားသောစားစရာအမျိုးမျိုးရှိ၏။ သို့သော် ငှက်တို့သည် ငါ့ခေါင်းပေါ်တွင်ရွက်ထားသောတောင်းထဲမှ ထိုစားစရာတို့ကိုစားကြ၏”ဟု ပြောပြလေ၏။
40:18 ထိုအခါ ယောသပ်က “အိပ်မက်၏အနက်ကား ဤသို့ဖြစ်၏။ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။
40:19 သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေ ပြီး သင့်ကိုယ်ကို သစ်တိုင်၌ချိတ်ဆွဲထားလိမ့်မည်။ ငှက်တို့သည် သင့်အသားကိုစားကြလိမ့်မည်”ဟု ဆိုလေ၏။
40:20 ထို့နောက် သုံးရက်မြောက်သောနေ့တွင် ဖာရောမင်းကြီး၏မွေးနေ့ကျရောက် သဖြင့် မိမိ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲပြုလုပ်လေ၏။ မိမိ၏အမှုထမ်းတို့ရှေ့၌ ဖလားတော်ဝန်ကိုချီးမြှင့် ၍ စားတော်ဝန်ကိုကား ခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေ လေ၏။
40:21 ဖလားတော်ဝန်အား ဖလားတော်ဝန်ရာထူးကိုပြန်ပေး၍ သူသည် ဖာရောမင်းကြီး၏လက်သို့ ခွက်ဖလားကို ပြန်လည်ဆက်သခွင့်ရရှိလေ၏။
40:22 စားတော်ဝန်ကိုမူကား သစ်တိုင်၌ချိတ်ဆွဲထားလေ၏။ သူတို့အား ယောသပ်အနက်ဖွင့်ပြပေးခဲ့သည့်အတိုင်းဖြစ်လေ၏။
40:23 သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကိုမအောက်မေ့ဘဲ မေ့လျော့လျက်နေလေ၏။