Genesis 41
41:1 နှစ်နှစ်ကြာသောအခါ ဖာရောမင်းကြီးအိပ်မက်မက်သည်မှာ သူသည် နိုင်းမြစ်နားတွင်ရပ်လျက်နေ၏။
41:2 အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။
41:3 ထိုနွားများနောက်မှ အဆင်းမလှ၊ ပိန်ချုံးသော အခြားနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ နိုင်းမြစ်ကမ်းစပ်ရှိ ဆူဖြိုးသောနွားမများဘေးတွင် ရပ်နေကြ၏။
41:4 ထို့နောက် အဆင်းမလှ၊ ကိုယ်ခန္ဓာပိန်ချုံးသောနွားမတို့သည် အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်ကို ကိုက်စားလိုက်ကြ၏။ ထိုအခါ ဖာရောမင်းကြီးနိုးလာ၏။
41:5 တစ်ဖန် သူသည်အိပ်ပျော်၍ ဒုတိယအကြိမ်အိပ်မက်မက်၏။ အိပ်မက်ထဲ၌ အလုံးကြီး၍ကောင်းသော စပါးနှံခုနစ်နှံသည် ရိုးတံတစ်ခုတည်းမှထွက်လာ၏။
41:6 ထိုစပါးနှံတို့နောက်မှ သုန်ဖျင်း၍အရှေ့လေကြောင့်ညှိုးရော်နေသော စပါးနှံခုနစ်နှံသည်လည်း ပေါက်လာ၏။
41:7 သုန်ဖျင်းသောစပါးနှံတို့သည် အလုံးကြီး၍အဆန်အောင်သောစပါးနှံခုနစ်နှံကိုမျိုလေ၏။ ထို့နောက် ဖာရောမင်းကြီးသည် နိုးလာ၍ အိပ်မက်ဖြစ်ကြောင်းသိရ၏။
41:8 နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
41:9 ထိုအခါ ဖလားတော်ဝန်က ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ယနေ့ ကိုယ့်အပြစ်ကို ကိုယ်အောက်မေ့ပါ၏။
41:10 အရှင်ဖာရောမင်းကြီး၊ အရှင်သည် အစေအပါးတို့ကိုအမျက်ထွက်၍ အကျွန်ုပ်နှင့်စားတော်ဝန်ကို ကိုယ်ရံတော်မှူး၏အိမ်၌ အကျဉ်းချထားပါ၏။
41:11 အကျွန်ုပ်တို့သည် တစ်ညတည်း၌ အနက်ကိုယ်စီရှိသောအိပ်မက်ကို အသီးသီးမက်ကြပါ၏။
41:12 ထိုနေရာ၌ အကျွန်ုပ်တို့နှင့်အတူ ကိုယ်ရံတော်မှူး၏အစေအပါး ဟေဗြဲလူငယ်တစ်ယောက်ရှိပါ၏။ အကျွန်ုပ်တို့သည် သူ့အားပြောပြ၍ သူသည် အကျွန်ုပ်တို့၏အိပ်မက်အနက်ကိုဖွင့်ပြပေးပါ၏။ အကျွန်ုပ်တို့ကိုယ်စီမက်သောအိပ်မက်၏အနက်ကိုဖွင့်ပြပေးပါ၏။
41:13 အကျွန်ုပ်တို့အတွက် သူအနက်ဖွင့်ပြပေးသည့်အတိုင်း ဖြစ်လာခဲ့ပါ၏။ အရှင်သည် အကျွန်ုပ်အား အကျွန်ုပ်၏ရာထူးကိုပြန်ပေး၍ စားတော်ဝန်ကို သစ်တိုင်၌ချိတ်ဆွဲခဲ့ပါ၏”ဟု လျှောက်လေ၏။
41:14 ထိုအခါ ဖာရောမင်းကြီးသည် လူလွှတ်၍ ယောသပ်ကိုခေါ်စေသဖြင့် ယောသပ်ကို မြေအောက်အကျဉ်းခန်းထဲမှ အလျင်အမြန်ထုတ်ဆောင်ကြ၏။ ယောသပ်သည် မုတ်ဆိတ်ရိတ်၍ အဝတ်အစားလဲပြီးလျှင် ဖာရောမင်းကြီးထံသို့အခစားဝင်လေ၏။
41:15 ဖာရောမင်းကြီးက ယောသပ်အား “ငါသည် အိပ်မက်တစ်ခုမြင်မက်၏။ ထိုအိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။ သို့ရာတွင် သင်သည် အိပ်မက်ကိုကြားသောအခါ အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သည်ဟု သင့်အကြောင်းငါကြား၏”ဟု မိန့်ဆိုလေ၏။
41:16 ယောသပ်ကလည်း “အကျွန်ုပ်မတတ်နိုင်ပါ။ ဘုရားသခင်သာလျှင် အရှင်ဖာရောမင်းကြီးအတွက် သင့်မြတ်ကောင်းမွန်သောအဖြေကို ပေးတော်မူပါလိမ့်မည်”ဟု ဖာရောမင်းကြီးအားပြန်လျှောက်လေ၏။
41:17 ထိုအခါ ဖာရောမင်းကြီးက ယောသပ်အား “ငါ့အိပ်မက်ထဲ၌ ငါသည် နိုင်းမြစ်ကမ်းစပ်တွင် ရပ်လျက်နေ၏။
41:18 ဆူဖြိုး၍ ပုံပန်းလှသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။
41:19 ထိုနွားများနောက်မှ ချည့်နဲ့၍ ပုံပန်းအလွန်ဆိုးပြီး ကိုယ်ခန္ဓာပိန်လှီသော အခြားနွားမခုနစ်ကောင်တက်လာ၏။ ဤမျှလောက် ကြည့်ရဆိုးသောနွားတို့ကို အီဂျစ်ပြည်တစ်ပြည်လုံး၌ ငါမတွေ့ဖူးပေ။
41:20 ပိန်လှီ၍ကြည့်ရဆိုးသောနွားမတို့သည် ဆူဖြိုးသောနွားမခုနစ်ကောင်ကို စားလိုက်ကြ၏။
41:21 ထိုနွားမတို့၏ဝမ်းထဲသို့ ရောက်သွားသော်လည်း ဝမ်းထဲသို့ရောက်သွားကြောင်းကို မသိသာဘဲနေ၏။ အကြောင်းမူကား ထိုနွားမတို့၏အဆင်းသဏ္ဌာန်သည် ယခင်ကဲ့သို့ပင်ကြည့်ရဆိုးလျက်ရှိသေး၏။ ထို့နောက် ငါနိုးလာ၏။
41:22 တစ်ဖန် ငါ့အိပ်မက်ထဲ၌ မြင်ရသည်မှာ အဆန်အောင်၍ကောင်းသောစပါးနှံခုနစ်နှံသည် ရိုးတံတစ်ခုတည်းမှထွက်လာ၏။
41:23 ထိုစပါးနှံတို့နောက်မှ ခြောက်သွေ့သုန်ဖျင်း၍ အရှေ့လေကြောင့် ညှိုးရော်နေသောစပါးနှံခုနစ်နှံထွက်လာ၏။
41:24 သုန်ဖျင်းသောစပါးနှံတို့သည် ကောင်းသောစပါးနှံခုနစ်နှံကိုမျိုကြ၏။ ငါသည် ထိုအိပ်မက်ကို နတ်ဝိဇ္ဇာဆရာတို့အားပြောပြသော်လည်း ငါ့အားဖော်ပြပေးနိုင်သောသူတစ်ယောက်မျှမရှိ”ဟု ဆိုလေ၏။
41:25 ထိုအခါ ယောသပ်က ဖာရောမင်းကြီးအား “အရှင်ဖာရောမင်းကြီး၏အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။ ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။
41:26 ကောင်းသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ ကောင်းသောစပါးနှံခုနစ်နှံသည်လည်း ခုနစ်နှစ်ဖြစ်၏။ အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။
41:27 ဆူဖြိုးသောနွားမများနောက်မှ တက်လာသည့် ပိန်လှီ၍အရုပ်ဆိုးသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ အရှေ့လေကြောင့်ညှိုးရော်၍ သုန်ဖျင်းသောစပါးနှံခုနစ်နှံသည် ငတ်မွတ်ခေါင်းပါးသောခုနစ်နှစ်ဖြစ်၏။
41:28 အရှင်ဖာရောမင်းကြီးအား အကျွန်ုပ်လျှောက်ထားခဲ့သည့်စကားအတိုင်း ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။
41:29 အီဂျစ်ပြည်တစ်ပြည်လုံးတွင် အလွန်ဝပြောသောနှစ် ခုနစ်နှစ်ရောက်လာလိမ့်မည်။
41:30 ထို့နောက်မှ ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်ဖြစ်လာလိမ့်မည်။ ထိုအခါ အီဂျစ်ပြည်၌ဝပြောခဲ့သမျှကိုမေ့လျော့ကြလိမ့်မည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် တစ်ပြည်လုံးကိုဖျက်ဆီးလိမ့်မည်။
41:31 ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးသည် အလွန်ဆိုးရွားမည်ဖြစ်၏။ ဝပြောခြင်းနောက်တွင် ဖြစ်လာမည့် ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် ထိုပြည်၌ဝပြောခြင်းရှိခဲ့သည်ကိုပင် သိမှတ်ကြတော့မည်မဟုတ်။
41:32 အရှင်ဖာရောမင်းကြီးသည် အိပ်မက်ကို နောက်တစ်ကြိမ်ထပ်၍မက်သည်မှာ ထိုအမှုကို ဘုရားသခင်အတည်ပြုတော်မူပြီဖြစ်၍ ဘုရားသခင်သည် ထိုအမှုကိုအလျင်အမြန်ပြုတော်မူမည်ဖြစ်၏။
41:33 ထို့ကြောင့် အရှင်ဖာရောမင်းကြီး၊ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူကိုရှာပြီးလျှင် အီဂျစ်ပြည်ကိုအုပ်စိုးရန် ထိုသူကိုခန့်ထားပါလော့။
41:34 အရှင်ဖာရောမင်းကြီး ခန့်ထားသောသူသည်လည်း တိုင်းပြည် ကြီးကြပ်သူများကို ထပ်မံခန့်အပ်ထားပါစေ။ သူသည် အီဂျစ်ပြည်၌ဝပြောသောနှစ် ခုနစ်နှစ်တွင် ဂျုံစပါးငါးပုံတစ်ပုံကို ကောက်ယူပါစေ။
41:35 ထိုသူတို့သည် လာမည့်ကြွယ်ဝသောနှစ်များမှ အစားအစာရှိသမျှတို့ကို စုသိမ်းကြပါစေ။ ဖာရောမင်းကြီး၏အာဏာဖြင့် အစားအစာဂျုံစပါးကို မြို့များ၌စုဆောင်းထိန်းသိမ်းကြပါစေ။
41:36 ထိုအစားအစာတို့သည် အီဂျစ်ပြည်၌ဖြစ်လာမည့်ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်တွင် တိုင်းပြည်အတွက် အရန်သိုမှီးထားသောအစားအစာဖြစ်ရမည်။ သို့မှ တိုင်းပြည်သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် ပျက်စီးခြင်းသို့မရောက်ဘဲနေမည်”ဟု လျှောက်လေ၏။
41:37 ထိုအကြံဉာဏ်ကို ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့သည် နှစ်သက်သဘောကျကြ၏။
41:38 ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
41:39 ထို့နောက် ဖာရောမင်းကြီးက ယောသပ်အား “ဘုရားသခင်သည် ဤအမှုအလုံးစုံကို သင့်အားဖော်ပြတော်မူပြီဖြစ်၍ သင်ကဲ့သို့ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူတစ်ယောက်မျှမရှိ။
41:40 သင်သည် ငါ၏နန်းတော်အုပ်ဖြစ်ရမည်။ ငါ၏လူအပေါင်းတို့သည် သင်၏အမိန့်ကိုနာခံကြရမည်။ ငါသည် ရာဇပလ္လင်အားဖြင့်သာ သင့်ထက်ကြီးမြတ်မည်”ဟု မိန့်ဆို၏။
41:41 တစ်ဖန် ဖာရောမင်းကြီးက ယောသပ်အား “အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် သင့်ကိုငါခန့်ထားပြီ”ဟု မိန့်ဆိုပြီးလျှင်
41:42 ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး
41:43 မိမိ၏ဒုတိယရထားကို စီးစေ၏။ ရှေ့တော်ပြေးတို့ကိုလည်း “ဒူးထောက်ကြလော့”ဟု ဟစ်အော်စေ၏။ ဤသို့ဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် ယောသပ်အားခန့်ထားလေ၏။
41:44 ထို့ပြင် ဖာရောမင်းကြီးက ယောသပ်အား “ငါသည် ဖာရောမင်းကြီးဖြစ်၏။ သို့သော်လည်း သင်ခွင့်မပြုလျှင် အီဂျစ်ပြည်တစ်ပြည်လုံးရှိ လူတစ်စုံတစ်ယောက်မျှ မိမိလက်၊ မိမိခြေကိုမကြွရ”ဟု မိန့်ဆိုလေ၏။
41:45 ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။
41:46 ယောသပ်သည် အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ၌ အမှုထမ်းသောအခါ အသက်သုံးဆယ်ရှိပြီဖြစ်၏။ ယောသပ်သည် ဖာရောမင်းကြီးထံမှထွက်လာ၍ အီဂျစ်ပြည်တစ်ပြည်လုံးကိုလှည့်လည်ကြည့်ရှု၏။
41:47 ဝပြောသောနှစ် ခုနစ်နှစ်အတွင်း တိုင်းပြည်၌ သီးနှံအလျှံအပယ်ထွက်၏။
41:48 ယောသပ်သည် ခုနစ်နှစ်ပတ်လုံး အီဂျစ်ပြည်၌ထွက်သည့် အစားအစာရှိသမျှတို့ကိုစုသိမ်း၍ ထိုအစားအစာကို မြို့များ၌သိုလှောင်ထား၏။ မြို့အသီးသီး၏ပတ်ပတ်လည်ရှိ လယ်ယာမှထွက်သည့် အစားအစာကို ထိုမြို့အသီးသီး၌ပင်သိုလှောင်ထား၏။
41:49 ယောသပ်သည် ဂျုံစပါးကို ပင်လယ်သဲပွင့်နှင့်အမျှ မြောက်မြားစွာစုဆောင်းထား၏။ မခြင်တွယ်နိုင်အောင်များပြားလှသဖြင့် စာရင်းမမှတ်ဘဲနေလေ၏။
41:50 ငတ်မွတ်ခေါင်းပါးသောနှစ်မရောက်မီ ယောသပ်သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်နှင့် သားနှစ်ယောက်ရ၏။
41:51 ယောသပ်က “ဘုရားသခင်သည် ငါ၏အခက်အခဲပြဿနာအပေါင်းနှင့် ငါ့ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကို ငါမေ့လျော့စေရန်ပြုတော်မူပြီ”ဟု ဆိုလျက် သားဦး၏အမည်ကို မနာရှေ ဟုမှည့်ခေါ်လေ၏။
41:52 တစ်ဖန် ယောသပ်က “ဘုရားသခင်သည် ငါဖိစီးနှိပ်စက်ခံရသည့်ပြည်၌ ငါ့ကိုပွားများစေတော်မူပြီ”ဟု ဆိုလျက် ဒုတိယသား၏အမည်ကို ဧဖရိမ် ဟုမှည့်ခေါ်လေ၏။
41:53 ထို့နောက် အီဂျစ်ပြည်တွင် ဝပြောသောနှစ် ခုနစ်နှစ်ကုန်ဆုံးလေ၏။
41:54 ယောသပ်ပြောခဲ့သည့်အတိုင်း ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်စတင်ဖြစ်လာ၏။ အပြည်ပြည်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သော်လည်း အီဂျစ်ပြည်တစ်ပြည်လုံးတွင်မူ အစားအစာရှိ၏။
41:55 အီဂျစ်ပြည်တစ်ပြည်လုံးဆာလောင်မွတ်သိပ်သောအခါ လူတို့သည် အစားအစာအတွက် ဖာရောမင်းကြီးထံ အော်ဟစ်ကြ၏။ ထိုအခါ ဖာရောမင်းကြီးသည် အီဂျစ်ပြည်သားအပေါင်းတို့အား “ယောသပ်ထံသို့ သွားကြလော့။ သင်တို့အား သူပြောသည့်အတိုင်းပြုကြလော့”ဟု မိန့်ဆို၏။
41:56 မြေတစ်ပြင်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သောအခါ ယောသပ်သည် သိုလှောင်ရုံရှိသမျှတို့ကိုဖွင့်၍ အီဂျစ်ပြည်သားတို့အား အစားအစာကိုရောင်းချပေး၏။ အီဂျစ်ပြည်၌ ကျရောက်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ဆိုးရွားလှ၏။
41:57 အပြည်ပြည်မှလူတို့သည်လည်း အစားအစာဝယ်ယူရန် အီဂျစ်ပြည်ရှိ ယောသပ်ထံသို့လာကြ၏။ အကြောင်းမူကား မြေတစ်ပြင်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ဆိုးရွားလှ၏။