Genesis 42
42:1 အီဂျစ်ပြည်တွင် စားနပ်ရိက္ခာရှိကြောင်း ယာကုပ်ကြားသိရ၏။ ထိုအခါ ယာကုပ်က သူ၏သားတို့အား “သင်တို့သည် တစ်ဦးကိုတစ်ဦး အဘယ်ကြောင့်ကြည့်၍သာနေကြသနည်း”ဟု ဆို၏။
42:2 တစ်ဖန် ယာကုပ်က “အီဂျစ်ပြည်၌စားနပ်ရိက္ခာရှိကြောင်း ငါကြားရပြီ။ ငါတို့သည်မသေဘဲ အသက်ရှင်မည့်အကြောင်း ထိုပြည်သို့ဆင်းသွား၍ အစားအစာကို ဝယ်ယူကြလော့”ဟု ဆို၏။
42:3 ထိုအခါ ယောသပ်၏အစ်ကိုဆယ်ယောက်တို့သည် ဂျုံစပါးဝယ်ယူရန် အီဂျစ်ပြည်သို့ဆင်းသွားကြ၏။
42:4 ယောသပ်၏ညီဗင်္ယာမိန်ကိုကား “ဗင်္ယာမိန်အပေါ် အန္တရာယ်ကျရောက်ကောင်းကျရောက်လိမ့်မည်”ဟု စိုးရိမ်သဖြင့် ယာကုပ်သည် သူ့ကို အစ်ကိုတို့နှင့်အတူမလွှတ်ပေ။
42:5 ခါနာန်ပြည်၌လည်း ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် အစ္စရေး၏သားတို့သည် အခြားသူများနှင့်အတူ အစားအစာဝယ်ယူရန် သွားကြ၏။
42:6 ထိုအချိန်၌ ယောသပ်သည် တိုင်းပြည်ကိုအုပ်စိုးသောဘုရင်ခံဖြစ်ပြီး ပြည်သူပြည်သားအပေါင်းတို့အား အစားအစာရောင်းချပေးသောသူဖြစ်၏။ ယောသပ်၏အစ်ကိုတို့သည်ရောက်လာ၍ သူ့ရှေ့၌ မြေမှာပျပ်ဝပ်ကြ၏။
42:7 ယောသပ်သည် မိမိ၏အစ်ကိုတို့ကိုမြင်သောအခါ သူတို့ကို မှတ်မိသော်လည်း မသိဟန်ဆောင်လျက် ကြမ်းတမ်းစွာပြောဆို၏။ ယောသပ်က သူတို့အား “သင်တို့ အဘယ်ကလာကြသနည်း”ဟု မေးလျှင် သူတို့က “အစားအစာဝယ်ယူရန် ခါနာန်ပြည်မှလာကြပါ၏”ဟု ပြန်လျှောက်ကြ၏။
42:8 ယောသပ်သည် အစ်ကိုတို့ကိုမှတ်မိသော်လည်း သူတို့က ယောသပ်ကိုမမှတ်မိကြ။
42:9 ယောသပ်သည် သူတို့နှင့်ပတ်သက်၍ မြင်မက်ခဲ့သောအိပ်မက်ကို သတိရသဖြင့် သူတို့အား “သင်တို့သည် ဤပြည်၏အားနည်းချက်ကို စူးစမ်းရန်လာသောသူလျှိုများ ဖြစ်ကြ၏”ဟု ဆို၏။
42:10 သူတို့ကလည်း “ထိုသို့မဟုတ်ပါ၊ သခင်၊ သခင့်အစေအပါးတို့သည် အစားအစာဝယ်ယူရန်သာ ရောက်လာကြခြင်းဖြစ်ပါ၏။
42:11 အကျွန်ုပ်တို့အားလုံးသည် ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြပါ၏။ အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သခင့်အစေအပါးအကျွန်ုပ်တို့သည် သူလျှိုမဟုတ်ပါ”ဟု ယောသပ်အားလျှောက်ကြ၏။
42:12 သို့သော် ယောသပ်က သူတို့အား “မဟုတ်ပါ။ သင်တို့သည် ဤပြည်၏အားနည်းချက်ကိုစူးစမ်းရန် ရောက်လာကြခြင်းဖြစ်၏”ဟု ဆို၏။
42:13 ထိုအခါ သူတို့က “သခင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ခါနာန်ပြည်က ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ အငယ်ဆုံးသည် ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူနေခဲ့ပါ၏။ ကျန်တစ်ယောက်ကား မရှိတော့ပါ”ဟု လျှောက်ကြ၏။
42:14 သို့သော် ယောသပ်က “သင်တို့ကိုငါပြောခဲ့သည့်အတိုင်း သင်တို့သည် သူလျှိုများဖြစ်ကြ၏။
42:15 သင်တို့သည် ဤသို့စစ်ဆေးခြင်းခံရမည်။ ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ သင်တို့၏အငယ်ဆုံးညီသည် ဤအရပ်သို့မရောက်လာလျှင် သင်တို့သည် ဤအရပ်မှမထွက်သွားရ။
42:16 သင်တို့၏စကားမှန်သည်၊ မမှန်သည်ကိုစစ်ဆေးရန် သင်တို့သည် အကျဉ်းချခံရမည်။ သို့သော် သင်တို့ထဲမှ တစ်ယောက်ကိုစေလွှတ်၍ သူသည် သင်တို့၏ညီကိုခေါ်ဆောင်လာပါစေ။ သို့မဟုတ်လျှင် သင်တို့သည် သူလျှိုများဖြစ်ကြသည်ဟု ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ ငါပြောသည်”ဟု သူတို့အား ဆိုပြီးလျှင်
42:17 ယောသပ်သည် သူတို့ကိုသုံးရက် အကျဉ်းချထားလေ၏။
42:18 သုံးရက်မြောက်သောနေ့၌ ယောသပ်က သူတို့အား “ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။ သင်တို့သည် အသက်ချမ်းသာရာရမည့်အကြောင်း ဤသို့ပြုကြလော့။
42:19 သင်တို့သည် ရိုးသားသောသူများဖြစ်လျှင် သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို အကျဉ်းထောင်ထဲ၌ အကျဉ်းချခံစေ။ ကျန်သောသူတို့မူကား ပြန်သွားကြလော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူသွားကြလော့။
42:20 သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ရမည်။ သို့ပြုလျှင် သင်တို့၏စကားမှန်ကန်ကြောင်းအတည်ပြုမည်။ သင်တို့ သေရမည်မဟုတ်”ဟု ဆို၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
42:21 ထိုအခါ သူတို့က “အကယ်စင်စစ် ငါတို့သည် ငါတို့ညီအပေါ်ပြုခဲ့သောအမှုအတွက် အပြစ်ရှိသောသူများဖြစ်ကြ၏။ သူသည် ငါတို့ကိုအသနားခံသောအခါ သူစိတ်ဒုက္ခရောက်နေသည်ကိုငါတို့မြင်ရသော်လည်း ငါတို့နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် ထိုဒုက္ခသည် ငါတို့အပေါ်သို့ရောက်လေပြီ”ဟု အချင်းချင်းပြောဆိုကြ၏။
42:22 ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။
42:23 ယောသပ်သည် သူတို့ကို စကားပြန်နှင့်ပြောသောကြောင့် သူတို့စကားကို ယောသပ်နားလည်ကြောင်း သူတို့မသိကြ။
42:24 ယောသပ်သည် သူတို့ထံမှလှည့်ထွက်သွား၍ ငိုကြွေး၏။ တစ်ဖန် သူတို့ထံသို့ပြန်လာ၍ သူတို့နှင့်စကားပြောပြီးလျှင် သူတို့ထဲမှ ရှိမောင်ကိုခေါ်ထုတ်၍ သူတို့ရှေ့၌ ချည်နှောင်စေ၏။
42:25 ထို့နောက် သူတို့၏အိတ်များထဲ၌ ဂျုံစပါးအပြည့်ဖြည့်၍ သူတို့၏ငွေများကိုလည်း သူတို့၏အိတ်အသီးသီး၌ ပြန်ထည့်ပေးရန်နှင့် သူတို့အား လမ်းခရီးအတွက်စားနပ်ရိက္ခာထည့်ပေးရန် ယောသပ်အမိန့်ပေးသည့်အတိုင်း သူတို့အတွက် ပြုပေးလေ၏။
42:26 သူတို့သည် စားနပ်ရိက္ခာများကို မိမိတို့၏မြည်းများပေါ်တင်ပြီး ထိုအရပ်မှထွက်ခွာသွားကြ၏။
42:27 စခန်းချရာနေရာ၌ တစ်ယောက်သည် မိမိ၏မြည်းကိုအစာကျွေးရန် မိမိ၏အိတ်ကိုဖွင့်သောအခါ အိတ်ဝ၌ မိမိ၏ငွေကိုတွေ့၏။
42:28 ထိုအခါ သူက မိမိ၏ညီအစ်ကိုတို့အား “အကျွန်ုပ်၏ငွေကို ပြန်ထည့်ထားပါပြီ။ ကြည့်ပါ။ အကျွန်ုပ်၏အိတ်ထဲ၌ရှိပါ၏”ဟု ဆို၏။ သူတို့သည် စိတ်အားလျော့လျက် ကြောက်ရွံ့တုန်လှုပ်ကာ “ငါတို့၌ ဘုရားသခင်ပြုတော်မူသောဤအမှုကား မည်သို့နည်း”ဟု ညီအစ်ကိုအချင်းချင်းပြောဆိုကြ၏။
42:29 သူတို့သည် ခါနာန်ပြည်ရှိ မိမိတို့ဖခင်ယာကုပ်ထံသို့ရောက်သောအခါ မိမိတို့၌ဖြစ်ပျက်ခဲ့သမျှတို့ကို ဖခင်အားပြောပြကြ၏။
42:30 သူတို့က “ထိုပြည်၏အရှင်သခင်သည် အကျွန်ုပ်တို့အား ကြမ်းတမ်းစွာပြောဆိုလျက် ထိုပြည်ကို စူးစမ်းရန်လာသောသူလျှိုများဟု ထင်မှတ်ပါ၏။
42:31 သို့သော်လည်း အကျွန်ုပ်တို့က သူ့အား ‘အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။
42:32 အကျွန်ုပ်တို့သည် ဖခင်တစ်ဦးတည်းမှပေါက်ဖွားသောသားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ တစ်ယောက်ကား မရှိတော့ပါ။ အငယ်ဆုံးကား ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူ ခါနာန်ပြည်၌ နေခဲ့ပါသည်’ဟု လျှောက်ကြပါ၏။
42:33 ထိုပြည်၏အရှင်သခင်ကလည်း အကျွန်ုပ်တို့အား ‘သင်တို့သည် ရိုးသားသောသူများဖြစ်ကြောင်းကို ဤသို့ဖြင့် ငါသိရလိမ့်မည်။ သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို ငါ့ထံ၌ထားခဲ့လော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူ၍ ပြန်သွားကြလော့။
42:34 သို့သော် သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့။ ဤသို့ဖြင့် သင်တို့သည် သူလျှိုများမဟုတ်ဘဲ ရိုးသားသောသူများဖြစ်ကြောင်း ငါသိရလိမ့်မည်။ ထိုအခါ သင်တို့၏ညီအစ်ကိုကို သင်တို့ထံ ငါပြန်အပ်၍ သင်တို့သည် ဤပြည်၌ ရောင်းဝယ်ဖောက်ကားခွင့်ရလိမ့်မည်’ဟူ၍ မိန့်ဆိုပါသည်”ဟု ဆိုကြ၏။
42:35 ထို့နောက် သူတို့သည် မိမိတို့အိတ်များကိုသွန်ချသောအခါ မိမိနှင့်ဆိုင်သောငွေထုပ်အသီးသီးသည် မိမိ၏အိတ်ထဲ၌ရှိ၏။ သူတို့နှင့်သူတို့၏ဖခင်သည် ထိုငွေထုပ်များကိုမြင်သောအခါ ကြောက်လန့်ကြ၏။
42:36 သူတို့၏ဖခင်ယာကုပ်က သူတို့အား “သင်တို့သည် ငါ့ကို သားဆုံးရှုံးအောင်ပြုကြပြီ။ ယောသပ်လည်းမရှိတော့ပြီ။ ရှိမောင်လည်းမရှိတော့ပြီ။ ဗင်္ယာမိန်ကိုလည်း သင်တို့ယူသွားလိုကြ၏။ ဤအမှုအားလုံးသည် ငါ၌ ဖြစ်လာကြပါပြီတကား”ဟု ဆိုလေ၏။
42:37 ထိုအခါ ရုဗင်က ဖခင်အား “အကျွန်ုပ်သည် ဗင်္ယာမိန်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်၏သားနှစ်ယောက်ကိုသတ်ပါလော့။ ဗင်္ယာမိန်ကို အကျွန်ုပ်လက်၌အပ်ပါ။ အကျွန်ုပ်သည် သူ့ကို အဖေ့ထံသို့ ပြန်ခေါ်ဆောင်လာပါမည်”ဟု ဆို၏။
42:38 သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။