Genesis 6
6:1 မြေပြင်ပေါ်တွင် လူတို့များပြားစပြုလာ၍ သူတို့၌ သမီးများမွေးဖွားလာကြသောအခါ
6:2 ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။
6:3 ထိုအခါ ထာဝရဘုရားက “ငါ၏ဝိညာဉ်သည် လူတွင်ထာဝရတည် မည်မဟုတ်။ အကြောင်းမူကား လူသည် အသွေးအသားခန္ဓာသာဖြစ်သောကြောင့် လူ၏သက်တမ်းသည် အနှစ်တစ်ရာ့နှစ်ဆယ်ဖြစ်စေ”ဟု မိန့်တော်မူ၏။
6:4 ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့ထံဝင်၍ ကလေးများကိုရကြသောကာလနှင့် ထိုကာလ၏နောက်ပိုင်း၌ မြေကြီးပေါ်တွင် ဧရာမလူ များရှိကြ၏။ ထိုသူတို့သည် ရှေးခေတ်လူစွမ်းကောင်းများ၊ နာမည်ကျော်စောသူများဖြစ်ကြ၏။
6:5 မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
6:6 ထိုအခါ ထာဝရဘုရားသည် မြေကြီးပေါ်တွင် လူကိုဖန်ဆင်းခဲ့သည်ကို ဝမ်းနည်း၍ စိတ်နှလုံးထိခိုက်တော်မူ၏။
6:7 ထို့ကြောင့် ထာဝရဘုရားက “ငါဖန်ဆင်းသောလူကိုလည်းကောင်း၊ လူမှစ၍ တိရစ္ဆာန်များ၊ တွားသွားသောတိရစ္ဆာန်များနှင့် မိုးကောင်းကင်ငှက်များကိုလည်းကောင်း မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်။ အကြောင်းမူကား သူတို့ကို ဖန်ဆင်းခဲ့သည်ကို ငါဝမ်းနည်း၏”ဟု မိန့်တော်မူ၏။
6:8 သို့သော် နောဧသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရသောသူဖြစ်၏။
6:9 နောဧ၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ နောဧသည် ဖြောင့်မတ်သောသူ၊ သူ၏မျိုးဆက်ထဲ၌ အပြစ်တင်စရာမရှိသောသူဖြစ်၏။ နောဧသည် ဘုရားသခင်နှင့်အတူသွားလာ၏။
6:10 နောဧသည် ရှေမ၊ ဟာမ၊ ယာဖက် ဟူသောသားသုံးယောက်ကိုရ၏။
6:11 ထိုအချိန်၌ မြေကြီးသည် ဘုရားသခင်ရှေ့တော်၌ ယိုယွင်းပျက်စီးလျက်ရှိ၏။ မြေကြီးသည် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။
6:12 ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ယိုယွင်းပျက်စီးလျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်တွင် လူအပေါင်းတို့သည် အကျင့်စရိုက်ယိုယွင်းပျက်စီးလျက်ရှိ၏။
6:13 ဘုရားသခင်က နောဧအား “လူအပေါင်းတို့၏အဆုံးသည် ငါ့ရှေ့မှောက်သို့ရောက်လာပြီ။ အကြောင်းမူကား မြေကြီးသည် သူတို့ကြောင့် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။ ကြည့်ရှုလော့။ ငါသည် သူတို့ကို မြေကြီးနှင့်အတူဖျက်ဆီးမည်။
6:14 ဂေါဖရသစ်သားဖြင့် သင်္ဘောတစ်စင်းကို သင့်အဖို့တည်ဆောက်လော့။ သင်္ဘောအတွင်း၌အခန်းများဖွဲ့၍ အတွင်း၊ အပြင်ကို သစ်စေးနှင့်သုတ်လော့။
6:15 သင်္ဘောတည်ဆောက်ရမည့်ပုံစံမှာ ဤသို့ဖြစ်၏။ သင်္ဘောအလျားသည် အတောင်သုံးရာ ၊ အနံသည် အတောင်ငါးဆယ် ၊ အမြင့်သည် အတောင်သုံးဆယ် ရှိရမည်။
6:16 သင်္ဘောအတွက် အမိုး လုပ်၍ ၎င်းကို ကိုယ်ထည်အထက် တစ်တောင် အမြင့်တွင်ရှိစေရမည်။ သင်္ဘော၏နံဘေးတွင် တံခါးပေါက်ကို လုပ်ရမည်။ သင်္ဘောကို ပထမထပ်၊ ဒုတိယထပ်နှင့်တတိယထပ်ဟူ၍ သုံးထပ်တည်ဆောက်ရမည်။
6:17 ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
6:18 သို့သော် ငါသည် ငါ၏ပဋိညာဉ်ကို သင်၌တည်စေမည်။ သင်သည် သင်၏သား၊ မယား၊ ချွေးမတို့နှင့်အတူ သင်္ဘောထဲသို့ဝင်ရမည်။
6:19 သက်ရှိအပေါင်း၊ သတ္တဝါအပေါင်းတို့ထဲမှ အထီးအမတစ်စုံစီကိုယူ၍ သင်နှင့်အတူအသက်ချမ်းသာရရန် သင်္ဘောထဲသို့သွင်းရမည်။
6:20 ငှက်များထဲမှ အမျိုးအလိုက်၊ တိရစ္ဆာန်များထဲမှ အမျိုးအလိုက်၊ မြေပေါ်ရှိ တွားသွားသောတိရစ္ဆာန်အပေါင်းတို့ထဲမှ အမျိုးအလိုက် အထီးအမတစ်စုံစီတို့သည် အသက်ချမ်းသာရရန် သင့်ထံသို့လာကြလိမ့်မည်။
6:21 သင်သည် စားသုံးနိုင်သောအစားအစာအမျိုးမျိုးကိုယူ၍ သင့်ထံ၌သိုထားပြီး သင်နှင့်တိရစ္ဆာန်တို့၏စားစရာဖြစ်စေရမည်”ဟု မိန့်တော်မူ၏။
6:22 နောဧသည် ထိုသို့ပြု၏။ မိမိအားဘုရားသခင်မိန့်မှာတော်မူသမျှအတိုင်း ပြုလေ၏။