Genesis 5
5:1 အာဒံ၏သားစဉ်မြေးဆက်စာရင်းမှာ ဤသို့ဖြစ်၏။ ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူသောနေ့၌ သူ့ကို ဘုရားသခင်နှင့်တစ်ပုံစံတည်းပြုလုပ်၍
5:2 ယောက်ျားနှင့်မိန်းမအဖြစ် သူတို့ကိုဖန်ဆင်းတော်မူ၏။ ထိုသို့ သူတို့ကိုဖန်ဆင်းတော်မူသောနေ့၌ ကိုယ်တော်သည် သူတို့ကိုကောင်းချီးပေး၍ သူတို့၏အမည်ကို လူ ဟုမှည့်ခေါ်တော်မူ၏။
5:3 အာဒံသည် အသက်တစ်ရာ့သုံးဆယ်ရှိသောအခါ သူနှင့်တစ်ပုံစံတည်း၊ သူ၏ပုံသဏ္ဌာန်အတိုင်းဖြစ်သောသားကိုရ၍ သူ၏အမည်ကို ရှေသ ဟုမှည့်ခေါ်လေ၏။
5:4 ရှေသကိုရပြီးနောက် အာဒံသည် အနှစ်ရှစ်ရာအသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
5:5 အာဒံသည် နှစ်ပေါင်းကိုးရာ့သုံးဆယ်အသက်ရှင်ပြီးနောက် သေဆုံးလေ၏။
5:6 ရှေသသည် အသက်တစ်ရာ့ငါးနှစ်ရှိသောအခါ သားဧနုတ်ကိုရ၏။
5:7 ဧနုတ်ကိုရပြီးနောက် ရှေသသည် ရှစ်ရာ့ခုနစ်နှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
5:8 ရှေသသည် နှစ်ပေါင်းကိုးရာတစ်ဆယ့်နှစ်နှစ်အသက်ရှင်ပြီးနောက် သေဆုံးလေ၏။
5:9 ဧနုတ်သည် အသက်ကိုးဆယ်ရှိသောအခါ သားကာဣနန်ကိုရ၏။
5:10 ကာဣနန်ကိုရပြီးနောက် ဧနုတ်သည် ရှစ်ရာတစ်ဆယ့်ငါးနှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
5:11 ဧနုတ်သည် နှစ်ပေါင်းကိုးရာ့ငါးနှစ်အသက်ရှင်ပြီးနောက် သေဆုံးလေ၏။
5:12 ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသောအခါ သားမဟာလေလကိုရ၏။
5:13 မဟာလေလကိုရပြီးနောက် ကာဣနန်သည် အနှစ်ရှစ်ရာ့လေးဆယ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
5:14 ကာဣနန်သည် နှစ်ပေါင်းကိုးရာ့တစ်ဆယ်အသက်ရှင်ပြီးနောက် သေဆုံးလေ၏။
5:15 မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ်ရှိသောအခါ သားယာရက်ကိုရ၏။
5:16 ယာရက်ကိုရပြီးနောက် မဟာလေလသည် အနှစ်ရှစ်ရာ့သုံးဆယ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
5:17 မဟာလေလသည် နှစ်ပေါင်းရှစ်ရာကိုးဆယ့်ငါးနှစ်အသက်ရှင်ပြီးနောက် သေဆုံးလေ၏။
5:18 ယာရက်သည် အသက်တစ်ရာခြောက်ဆယ့်နှစ်နှစ်ရှိသောအခါ သားဧနောက်ကိုရ၏။
5:19 ဧနောက်ကိုရပြီးနောက် ယာရက်သည် အနှစ်ရှစ်ရာအသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
5:20 ယာရက်သည် နှစ်ပေါင်းကိုးရာခြောက်ဆယ့်နှစ်နှစ်အသက်ရှင်ပြီးနောက် သေဆုံးလေ၏။
5:21 ဧနောက်သည် အသက်ခြောက်ဆယ့်ငါးနှစ်ရှိသောအခါ သားမသုရှလကိုရ၏။
5:22 မသုရှလကိုရပြီးနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာလျက် အခြားသောသားသမီးများကိုရသေး၏။
5:23 ဧနောက်သည် နှစ်ပေါင်းသုံးရာခြောက်ဆယ့်ငါးနှစ်အသက်ရှင်ခဲ့၏။
5:24 ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ ဘုရားသခင်သည် သူ့ကိုဆောင်ယူတော်မူသောကြောင့် သူသည်မရှိတော့ပေ။
5:25 မသုရှလသည် အသက်တစ်ရာရှစ်ဆယ့်ခုနစ်နှစ်ရှိသောအခါ သားလာမက်ကိုရ၏။
5:26 လာမက်ကိုရပြီးနောက် မသုရှလသည် ခုနစ်ရာရှစ်ဆယ့်နှစ်နှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
5:27 မသုရှလသည် နှစ်ပေါင်းကိုးရာခြောက်ဆယ့်ကိုးနှစ်အသက်ရှင်ပြီးနောက် သေဆုံးလေ၏။
5:28 လာမက်သည် အသက်တစ်ရာရှစ်ဆယ့်နှစ်နှစ်ရှိသောအခါ သားကိုရ၍
5:29 “ဤသားသည် ထာဝရဘုရားကျိန်တော်မူသောမြေကြီးပေါ်၌ ငါတို့လုပ်ရသောအလုပ်နှင့် ငါတို့လက်ဖြင့်လုပ်ရသောပင်ပန်းခက်ခဲမှုမှ ငါတို့ကိုသက်သာရာရစေသောသားဖြစ်လိမ့်မည်”ဟု ဆိုလျက် သူ၏အမည်ကို နောဧ ဟုမှည့်ခေါ်လေ၏။
5:30 နောဧကိုရပြီးနောက် လာမက်သည် ငါးရာကိုးဆယ့်ငါးနှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
5:31 လာမက်သည် နှစ်ပေါင်းခုနစ်ရာခုနစ်ဆယ့်ခုနစ်နှစ်အသက်ရှင်ပြီးနောက် သေဆုံးလေ၏။
5:32 နောဧသည် အသက်ငါးရာရှိ၏။ နောဧသည် သား ရှေမ၊ ဟာမ၊ ယာဖက် တို့ကိုရ၏။