2 Kings 19
19:1 ဟေဇကိမင်းကြီးသည် ထိုစကားကိုကြားလျှင် မိမိအဝတ်ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီး ထာဝရဘုရား၏အိမ်တော်သို့ သွားလေ၏။
19:2 မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သားပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။
19:3 သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
19:4 ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
19:5 ဟေဇကိမင်းကြီး၏မင်းမှုထမ်းတို့သည် ဟေရှာယထံသို့ရောက်လာလျှင်
19:6 ဟေရှာယက သူတို့အား “သင်တို့သခင်ကို ဤသို့လျှောက်ထားကြလော့။ ထာဝရဘုရားက ‘ငါ့အား အဆီးရီးယားဘုရင်၏ငယ်သားတို့ စော်ကားပြောဆိုသည့်စကားကို သင်ကြားရသည့်အတွက် မကြောက်နှင့်။
19:7 ကြည့်ရှုလော့။ ငါသည် သူ၌အခြားသောစိတ်သဘောကိုသွင်းပေးမည်။ သူသည် သတင်းတစ်ခုကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထို့နောက် သူ့ပြည်၌ သူ့ကို ဓားဖြင့်ကျဆုံးစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
19:8 အဆီးရီးယားဘုရင်သည် လာခိရှမြို့မှထွက်သွားကြောင်း ရာဗရှာခကြားသဖြင့် ပြန်သွားရာ ရှင်ဘုရင်သည် လိဗနမြို့အားတိုက်ခိုက်နေသည်ကို တွေ့ရ၏။
19:9 “အီသီယိုးပီးယားဘုရင်တိရက္ကမင်းကြီးသည် သင့်ကိုတိုက်ခိုက်ရန်စစ်ချီလာပြီ”ဟူသော သတင်းကို အဆီးရီးယားဘုရင် ကြားရ၏။ သို့သော် ဟေဇကိမင်းကြီးထံသို့ စေတမန်တို့ကို တစ်ဖန်စေလွှတ်၍
19:10 “သင်တို့သည် ယုဒဘုရင် ဟေဇကိမင်းကြီးအား ‘သင်ယုံကြည်ကိုးစားသောသင်၏ဘုရားသခင်က ဂျေရုဆလင်မြို့သည် အဆီးရီးယားဘုရင်၏လက်သို့ ရောက်မည်မဟုတ်’ဟု သင့်အား လှည့်စားမိန့်ဆိုသည်ကို သင်မခံနှင့်။
19:11 ကြည့်ရှုလော့။ အဆီးရီးယားဘုရင်တို့သည် တိုင်းပြည်အားလုံး အကုန်အစင်ပျက်စီးသွားအောင် မည်သို့ပြုခဲ့သည်ကို သင်ကြားရပြီ။ သင်လည်း လွတ်မြောက်မည်ဟုမထင်နှင့်။
19:12 ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုးနှင့် တေလသာမြို့ရှိ ဧဒင်လူမျိုးတို့၏ဘုရားများသည် ကယ်ခဲ့ဖူးသလော။
19:13 ဟာမတ်ဘုရင်၊ အာပဒ်ဘုရင်တို့အဘယ်မှာရှိတော့သနည်း။ သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့တို့၏ဘုရင်တို့သည်လည်း အဘယ်မှာရှိတော့သနည်း”ဟု ပြောကြားစေ၏။
19:14 ဟေဇကိမင်းကြီးသည် စေတမန်တို့လက်မှ စာကိုယူဖတ်ပြီးလျှင် ထာဝရဘုရား၏အိမ်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ထိုစာကိုဖြန့်လေ၏။
19:15 ထို့နောက် ထာဝရဘုရားရှေ့တော်တွင် ဟေဇကိမင်းကြီးက “ခေရုဗိမ် တို့အထက်၌ စံပယ်တော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့တွင် ကိုယ်တော်တစ်ပါးတည်းသာ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
19:16 အို ထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ အို ထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ စေတမန်ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အား ကဲ့ရဲ့ပြစ်တင်စေသောသနာခရိပ်မင်းကြီး၏စကားအလုံးစုံတို့ကို နားထောင်တော်မူပါ။
19:17 အို ထာဝရဘုရား၊ အကယ်စင်စစ် အဆီးရီးယားဘုရင်တို့သည် လူမျိုးအပေါင်းတို့နှင့် သူတို့၏ပြည်တို့ကို ဖျက်ဆီးပါပြီ။
19:18 သူတို့၏ဘုရားများကိုလည်း မီးထဲသို့လွှင့်ပစ်ကြပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူ့လက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်များသာဖြစ်ပါ၏။ ထို့ကြောင့် ထိုဘုရားတို့ကိုလည်း ဖျက်ဆီးပစ်ကြပြီ။
19:19 အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။
19:20 အာမုတ်၏သားဟေရှာယသည်လည်း ဟေဇကိမင်းကြီးထံသို့လူလွှတ်၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးနှင့်ပတ်သက်၍ ငါ့ထံဆုတောင်းသောအရာကို ငါကြားရပြီ’ဟု မိန့်တော်မူ၏။
19:21 ထိုဘုရင်ကိုရည်ညွှန်း၍ ထာဝရဘုရားက ‘ဇိအုန်သမီးပျိုသည် သင့်ကိုမထီမဲ့မြင်ပြုလေပြီ။ သင့်ကိုပြက်ရယ်ပြုလေပြီ။ ဂျေရုဆလင်သမီးပျိုသည် သင့်နောက်မှနေ၍ ခေါင်းခါယမ်းလေပြီ။
19:22 သင်မည်သူ့ကို ကဲ့ရဲ့ပြစ်တင်နေသနည်း၊ မည်သူ့ကို စော်ကားပြောဆိုနေသနည်း၊ မည်သူ့ကို အော်ဟစ်နေသနည်း၊ မည်သူ့ကို မောက်မောက်မာမာကြည့်နေသနည်း။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကိုပင် မဟုတ်လော။
19:23 သင်သည် တမန်များကိုစေလွှတ်၍ ဘုရားရှင်ကိုစော်ကားပြောဆိုစေခဲ့၏။ သင်က ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။
19:24 ငါသည် တိုင်းတစ်ပါးတို့တွင် တွင်းတူး၍ ရေကိုသောက်ခဲ့ပြီ။ ငါ၏ခြေဖဝါးဖြင့် အီဂျစ်ပြည်၏မြစ်ချောင်းရှိသမျှကို ခန်းခြောက်စေခဲ့ပြီဟု ဆို၏။
19:25 ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည့်အကြောင်း ရှေးကာလကပင် ငါစီမံထားခဲ့သည့်အတိုင်း ယခု ငါဖြစ်စေပြီ။
19:26 ထိုမြို့သားတို့ အားလျော့စိတ်ပျက်ကြပြီ။ ရှက်ကြောက်ကြပြီ။ သူတို့သည် မကြီးမီညှိုးနွမ်းသွားသောတောမြက်ပင်ကဲ့သို့၊ မြက်နုစိမ်းကဲ့သို့၊ ခေါင်မိုးပေါ်မှမြက်ပင် ကဲ့သို့ဖြစ်ကြပြီ။
19:27 သင်၏နေထိုင်သွားလာခြင်း၊ ငါ့အား အမျက်ထွက်ခြင်းတို့ကို ငါသိ၏။
19:28 သင်သည် ငါ့ကိုအမျက်ထွက်ပြီး စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ခွံ့မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည်။
19:29 သင့်အတွက် နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ ယခုနှစ်တွင် အလေ့ကျပေါက်သောသီးနှံများကို စားရမည်။ ဒုတိယနှစ်တွင် ထိုသီးနှံတို့မှပြန်ပေါက်သောသီးနှံများကို စားရမည်။ တတိယနှစ်တွင်မူ မျိုးကြဲကြလော့၊ ရိတ်သိမ်းကြလော့၊ စပျစ်ပင်ကိုစိုက်ကြလော့၊ စပျစ်သီးကိုစားကြလော့။
19:30 အသက်ဘေးမှလွတ်မြောက်၍ ကြွင်းကျန်သောယုဒအမျိုးအနွယ်သည် အောက်ဘက်တွင် ပြန်၍အမြစ်စွဲမည်။ အပေါ်ဘက်တွင် ပြန်၍အသီးသီးမည်။
19:31 ကြွင်းကျန်သောသူတို့သည် ဂျေရုဆလင်မြို့မှလည်းကောင်း၊ လွတ်မြောက်သောသူတို့သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ထွက်ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကိုပြုတော်မူမည်’ဟု မိန့်ဆိုပြီ။
19:32 ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို ရည်ညွှန်း၍ ‘သူသည် ဤမြို့သို့ဝင်ရမည်မဟုတ်။ ဤအရပ်၌ မြားကိုပစ်ရမည်မဟုတ်။ ဤမြို့ရှေ့သို့ ဒိုင်းလွှားဖြင့် ချဉ်းကပ်ရမည်မဟုတ်။ မြေကတုတ်လည်း ဆောက်ရမည်မဟုတ်’ဟု မိန့်တော်မူ၏။
19:33 ထာဝရဘုရားက ‘သူသည် လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ ဝင်ရမည်မဟုတ်။
19:34 အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီးအတွက် ဤမြို့ကို ကာကွယ်မည်၊ ကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
19:35 ထိုညမှာပင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များကိုသာ တွေ့ရ၏။
19:36 ထိုအခါ အဆီးရီးယားဘုရင် သနာခရိပ်မင်းကြီးသည် တပ်ဆုတ်၍ လှည့်ပြန်သွားပြီး နိနေဝေမြို့၌ စံမြန်းလေ၏။
19:37 သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော်အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့်ကွပ်မျက်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။