Library · my

2 Kings 20

20:1 ထို​ကာလ​တွင် ဟေဇကိ​မင်းကြီး​သည် သေ​လုနီးပါး​နာမကျန်း​ဖြစ်​လေ​၏​။ ထိုအခါ အာမုတ်​၏​သား​ပရောဖက်​ဟေရှာယ​က သူ့​ထံသို့​လာ​၍ “ ‘​သင်​သေ​ရ​မည်​။ သင်​အသက်ရှင်​ရ​တော့​မည်​မ​ဟုတ်​သောကြောင့် သင့်​နန်းတွင်းရေး​ရာ​တို့​ကို စီမံ​ခဲ့​လော့’​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​သည်​”​ဟု လျှောက်​လေ​၏​။ 20:2 ထိုအခါ ဟေဇကိ​မင်းကြီး​သည် နံရံ​ဘက်​သို့ မျက်နှာ​လှည့်​၍ 20:3 “​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့ သစ္စာရှိရှိ​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှေ့​တော်​၌ ကောင်း​သော​အမှု ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​ပြီး ခါးသီးစွာ​အော်ဟစ်ငိုကြွေး​လေ​၏​။ 20:4 နန်းတော်​အလယ်​ဝင်း​မှ ဟေရှာယ​မ​ထွက်သွား​မီ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍ 20:5 “​ငါ့​လူမျိုး​တော်​ကို အုပ်ချုပ်​သော​ဟေဇကိ​မင်းကြီး​ထံသို့ ပြန်သွား​ပြီးလျှင် သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင့်​ဆုတောင်းသံ​ကို ငါ​ကြား​ပြီ​။ သင့်​မျက်ရည်​ကို ငါ​မြင်​ပြီ​။ သင့်​ကို ငါ​ပြန်လည်​ကျန်းမာ​လာ​စေ​မည်​။ သုံး​ရက်​မြောက်​လျှင် သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ တက်သွား​နိုင်​လိမ့်မည်​။ 20:6 ငါ​သည် သင့်​အား တစ်ဆယ့်​ငါး​နှစ် ထပ်၍​အသက်ရှင်​စေ​မည်​။ သင်​နှင့် ဤ​မြို့​ကို အဆီးရီးယား​ဘုရင်​လက်​မှ ကယ်နုတ်​မည်​။ ငါ့​အတွက်​၊ ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး​အတွက် ဤ​မြို့​ကို ငါ​ကာကွယ်​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​စေ​၏​။ 20:7 ထို့နောက် ဟေရှာယ​က “​သဖန်းပျဉ်​ယူ​ခဲ့​ပါ​”​ဟု​ဆို​သဖြင့် လူ​တို့​က သဖန်းပျဉ်​ကို​ယူလာ​၍ မင်းကြီး​၏​အနာစိမ်း​ပေါ် အုံပေး​လျှင် အနာသက်သာ​ပျောက်ကင်း​သွား​၏​။ 20:8 ထိုအခါ ဟေဇကိ​မင်းကြီး​က ဟေရှာယ​အား “​ထာဝရဘုရား​က ငါ့​ကို​ပြန်​ကျန်းမာ​စေ​ပြီး သုံး​ရက်​မြောက်​လျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့ ငါ​တက်သွား​နိုင်​မည့်​နိမိတ်လက္ခဏာ​မှာ အဘယ်နည်း​”​ဟု မေး​လေ​၏​။ 20:9 ထိုအခါ ဟေရှာယ​က “​ကတိထား​တော်မူ​သည့်​အတိုင်း ထာဝရဘုရား ပြု​တော်မူ​မည်​ဖြစ်ကြောင်း ထာဝရဘုရား​ထံ​တော်​မှ သင့်​အတွက်​နိမိတ်လက္ခဏာ​ကား ဤသို့​ဖြစ်​၏​။ သင်​သည် လှေကားထစ်​မှ အချိန်တိုင်း​အရိပ်​ကို ရှေ့​သို့ အထစ်​တစ်ဆယ်​တိုး​စေ​လို​သလော​၊ သို့မဟုတ် အနောက်​သို့ အထစ်​တစ်ဆယ်​ဆုတ်​သွား​စေ​လို​သလော​”​ဟု မေး​လျှင် 20:10 ဟေဇကိ​မင်းကြီး​က “​အရိပ်​သည် ရှေ့​သို့​အထစ်​တစ်ဆယ်​တိုး​ရန် လွယ်​၏​။ ထိုသို့​မ​ဟုတ်​ဘဲ အရိပ်​ကို အနောက်​သို့ အထစ်​တစ်ဆယ်​ဆုတ်​သွား​စေ​ပါ​”​ဟု တောင်းဆို​၏​။ 20:11 ထိုအခါ ပရောဖက်​ဟေရှာယ​က ထာဝရဘုရား​ထံ​ဆုတောင်း​ရာ အာခတ်​မင်းကြီး​၏​လှေကားထစ်​များ​ပေါ်မှ အချိန်တိုင်း​အရိပ်​ကို အနောက်​သို့ အထစ်​တစ်ဆယ်​ပြန်ဆုတ်​စေ​တော်မူ​၏​။ 20:12 ဟေဇကိ​မင်းကြီး နာမကျန်း​ဖြစ်​သည်​ကို ဗာလဒန်​၏​သား ဘေဘီလုံ​ဘုရင်​မေရောဒဗာလဒန်​မင်းကြီး​ကြားသိ​သောအခါ ဟေဇကိ​မင်းကြီး​ထံသို့ စာလွှာ​နှင့်​လက်ဆောင်​များ​ကို ပေးပို့​ဆက်သ​လာ​၏​။ 20:13 ဟေဇကိ​မင်းကြီး​သည် သူ​တို့​ကို ဝမ်းမြောက်ဝမ်းသာ​ကြိုဆို​၍ မိမိ​ဘဏ္ဍာတိုက်​အားလုံး​ထဲမှ ရွှေ​ငွေ​၊ အမွှေးနံ့သာ​၊ အဖိုးတန်​ဆီ​မှစ၍ လက်နက်တိုက်​နှင့် တွေ့​သမျှ​အဖိုးတန်​ရတနာ​များ​ကို ထို​သူ​တို့​အား ပြ​လေ​၏​။ နန်းတွင်း​နှင့် နိုင်ငံ​တစ်ဝန်းလုံး​တွင် ထို​သူ​တို့​အား ဟေဇကိ​မင်းကြီး မ​ပြ​ပေး​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။ 20:14 ထိုအခါ ပရောဖက်​ဟေရှာယ​သည် ဟေဇကိ​မင်းကြီး​ထံသို့​လာ​ပြီး “​ထို​သူ​တို့​သည် မည်သည့်​အကြောင်း​ကို ပြောဆို​ကြ​သနည်း​။ မည်သည့်​အရပ်​မှ လာ​ကြ​သနည်း​”​ဟု​မေး​လျှင် ဟေဇကိ​မင်းကြီး​က “​သူ​တို့​သည် ဝေးလံ​သော​အရပ် ဘေဘီလုံ​မြို့​မှ လာ​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။ 20:15 ဟေရှာယ​က “​နန်းတော်​တွင် မည်သည့်​အရာ​ကို မြင်​ကြ​ပြီ​နည်း​”​ဟု​မေး​လျှင် ဟေဇကိ​မင်းကြီး​က “​နန်းတော်​၌​ရှိသမျှ​တို့​ကို သူ​တို့​မြင်​ကြ​ပြီ​။ ဥစ္စာဘဏ္ဍာ​များ​ထဲမှ သူ​တို့​အား ငါ​မ​ပြ​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​”​ဟု ပြန်ဖြေ​၏​။ 20:16 ထိုအခါ ဟေရှာယ​က ဟေဇကိ​မင်းကြီး​အား “​ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို နားထောင်​လော့​။ 20:17 ‘ကြည့်ရှု​လော့​။ သင်​၏​နန်းတော်​ထဲ​ရှိ​အရာ​အားလုံး​၊ သင်​၏​ဘိုးဘေး​တို့​စုဆောင်း​ထား​၍ ယနေ့​တိုင်အောင်​ရှိ​နေ​သည့်​အရာ​အားလုံး​တို့​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​မည့်​နေ့ ရောက်လာ​လိမ့်မည်​။ တစ်စုံတစ်ခု​မျှ​ကြွင်းကျန်​လိမ့်မည်​မ​ဟုတ်’​ဟု ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။ 20:18 သင်​မှ​ဆင်းသက်​၍ သင်​ရ​သော​သား​သမီး​အချို့​တို့​ကို​လည်း ဖမ်းဆီး​သွား​လိမ့်မည်​။ သူ​တို့​သည် ဘေဘီလုံ​ဘုရင်​၏​နန်းတော်​၌ မိန်းမစိုး​များ​ဖြစ်​ရ​ကြ​လိမ့်မည်​”​ဟု ဆင့်ဆို​လေ​၏​။ 20:19 ဟေဇကိ​မင်းကြီး​က “​အကယ်စင်စစ် ငါ့​လက်ထက်​၌ ငြိမ်းချမ်း​လုံခြုံ​မည်​ဆို​လျှင် ရ​ပါ​ပြီ​”​ဟု​တွေး​၍ ဟေရှာယ​အား “​သင်​ဆင့်ဆို​သော ထာဝရဘုရား​၏​စကား​တော်​သည် ကောင်း​ပါ​၏”​ဟု မိန့်ဆို​လေ​၏​။ 20:20 ကျန်ရှိ​နေ​သော ဟေဇကိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​များ​၊ ရေမြောင်း​ရေကန်​ဆောက်လုပ်​ခဲ့​ပုံ​၊ မြို့​တွင်း​သို့ ရေ​သွင်းပေး​ခဲ့​ပုံ စသည်​တို့​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။ 20:21 ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။