1 Chronicles 17
17:1 ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်၌ စံမြန်းနေစဉ် ပရောဖက်နာသန်အား “ကြည့်ပါ။ ငါသည် သစ်ကတိုးသားဖြင့်ဆောက်လုပ်ထားသောနန်းတော်တွင် နေရ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်မူကား ရွက်ထည်တဲဖြင့်သာ စံနေရပါသည်တကား”ဟု မိန့်ဆိုလျှင်
17:2 နာသန်ကလည်း ဒါဝိဒ်မင်းကြီးအား “ဘုရားသခင်သည် အရှင်နှင့်အတူ ရှိနေတော်မူသည်ဖြစ်၍ အရှင့်စိတ်အလိုရှိသည့်အတိုင်းပြုပါ”ဟု ပြန်လျှောက်၏။
17:3 ထိုညတွင် ဘုရားသခင်၏နှုတ်ကပတ်တော်သည် နာသန်ထံသို့ရောက်လာ၍
17:4 “ငါ့အစေအပါးဒါဝိဒ်ထံသွား၍ ဆင့်ဆိုလော့။ ထာဝရဘုရားက ‘သင်သည် ငါစံမြန်းတော်မူရာအဖို့ အိမ်တော်ကို မဆောက်ရ။
17:5 အစ္စရေးလူမျိုးတို့ကို ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့်မစံမြန်း။ စံတော်မူရာတဲတော်တစ်ခုမှတစ်ခုသို့သာ ပြောင်းနေခဲ့ပြီ။
17:6 အစ္စရေးလူမျိုးအပေါင်းတို့နှင့် လှည့်လည်သွားလာလေရာရာတွင် ငါ့လူမျိုးတော်ကိုအုပ်ထိန်းရန် ငါခန့်အပ်ထားသောအစ္စရေးခေါင်းဆောင်တစ်ဦးဦးအား အဘယ်ကြောင့် ငါ့အဖို့ သစ်ကတိုးသားအိမ် မဆောက်ပေးသနည်း’ဟု ငါတစ်ခွန်းမျှမိန့်ဆိုဖူးသလော။
17:7 ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။
17:8 သင်သွားလေရာရာ၌ သင်နှင့်အတူ ငါပါရှိပြီး သင့်ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ငါဖယ်ရှားပေးခဲ့ပြီ။ ကမ္ဘာပေါ်တွင် နာမည်ကြီးကျော်ကြားသူကဲ့သို့ သင့်ကိုနာမည်ကြီးကျော်ကြားစေမည်။
17:9 ငါ့လူမျိုးတော်အစ္စရေးတို့အဖို့ နေထိုင်စရာကို ငါပြင်ဆင်ပေးမည်။ သူတို့နေရာ၌ သူတို့ကို အတည်တကျနေထိုင်စေမည်။ နောက်တစ်ဖန် အနှောင့်အယှက်ခံရတော့မည်မဟုတ်။ ရှေးယခင်ကကဲ့သို့ မတရားသောသူတို့၏နှိပ်စက်ခြင်းကို ခံရတော့မည်မဟုတ်။
17:10 စီရင်အုပ်ချုပ်သူတို့ကို ခန့်ထားပြီး ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေသောအချိန်ကကဲ့သို့လည်း ခံရတော့မည်မဟုတ်။ ရန်အပေါင်းကို ကင်းငြိမ်းစေမည်။ သင့်အမျိုးအနွယ်ကိုလည်း တည်စေမည်။
17:11 သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့ရှိရာသို့ရောက်သွားလျှင် သင့်ရင်သွေးဖြစ်သော သင့်သားတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
17:12 ငါ့အဖို့ အိမ်တော်ကို သူတည်ဆောက်ရလိမ့်မည်။ သူ၏ရာဇပလ္လင်ကို ငါအစဉ်တည်မြဲစေမည်။
17:13 ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ ငါ့မေတ္တာကရုဏာကို သင့်အလျင်ရှိခဲ့သောရှင်ဘုရင်ထံမှ ငါရုပ်သိမ်းသကဲ့သို့ သူ့ထံမှ ငါရုပ်သိမ်းမည်မဟုတ်။
17:14 ငါ့အိမ်တော်နှင့် ငါ့နိုင်ငံတော်ကို သူ၌ အစဉ်အမြဲတည်မြဲစေမည်။ သူ၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
17:15 နာသန်သည်လည်း စကားတော်အလုံးစုံ၊ ဗျာဒိတ်နိမိတ်အလုံးစုံတို့ကို ဒါဝိဒ်မင်းကြီးအား ဆင့်ဆိုလေ၏။
17:16 ထိုအခါ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်သို့တိုးဝင်၍ ထိုင်ပြီးလျှင် “အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်၍ အကျွန်ုပ်အမျိုးအနွယ်သည်လည်း မည်သို့သောအမျိုးအနွယ်ဖြစ်ပါသနည်း။
17:17 အို ဘုရားသခင်၊ ဤအရာသည် ကိုယ်တော့်အဖို့ အသေးအဖွဲသာဖြစ်ပါ၏။ ကိုယ်တော့်အစေအပါး၏အနာဂတ်မျိုးဆက်နှင့်ပတ်သက်၍လည်း ကိုယ်တော်မိန့်တော်မူလေပြီ။ အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အား ချီးမြှောက်ခြင်းကို ခံထိုက်သူအဖြစ် မြင်တော်မူပါသည်တကား။
17:18 ကိုယ်တော့်အစေအပါးအကြောင်းကို ကိုယ်တော်သိပါ၏။ ကိုယ်တော့်အစေအပါးဒါဝိဒ်ကို ဘုန်းကြီးစေသည့်အမှုမှာ ကိုယ်တော့်အစေအပါးသည် ကိုယ်တော်အား မည်သို့ထပ်မံလျှောက်ဝံ့ပါဦးမည်နည်း။
17:19 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါးကိုထောက်ညှာ၍ ကိုယ်တော်အလိုရှိသည့်အတိုင်း ဤကြီးမြတ်သောအမှုအလုံးစုံတို့ကို ပြုပေးတော်မူပြီ။ ဤကြီးမြတ်သောအမှုအလုံးစုံတို့ကိုလည်း သိစေတော်မူပြီ။
17:20 အို ထာဝရဘုရား၊ အကျွန်ုပ်တို့ ကြားသိဖူးသမျှတို့တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိ။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားမရှိပါ။
17:21 မြေကြီးပေါ်တွင် ဘုရားသခင်၏လူမျိုးတော်အစ္စရေးနှင့်တူသောလူမျိုး တစ်မျိုးမျိုးရှိပါသလော။ ဘုရားသခင်သည် ကိုယ်တိုင်ကြွတော်မူ၍ မိမိလူမျိုးတော်အဖြစ် သူတို့ကို ရွေးနုတ်တော်မူခဲ့ပြီး ကြီးမြတ်၍အံ့ဖွယ်သောအမှုများပြုခြင်းဖြင့် နာမတော်ကို သိစေခဲ့ပါပြီ။ ကိုယ်တော်သည် သူတို့ကို အီဂျစ်ပြည်မှ ကယ်ထုတ်တော်မူခဲ့ပြီး သူတို့ရှေ့မှလူမျိုးခြားတို့ကို နှင်ထုတ်တော်မူခဲ့ပါ၏။
17:22 ကိုယ်တော်၏လူမျိုးတော်အစ္စရေးကို ကိုယ်တော့်အဖို့ ထာဝရပိုင်ဆိုင်ရာလူမျိုးတော်အဖြစ် တည်စေတော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့၏ဘုရားသခင် ဖြစ်တော်မူပါပြီ။
17:23 အို ထာဝရဘုရား၊ ယခုမှာ ကိုယ်တော့်အစေအပါးအတွက်၊ ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်အတွက် ကိုယ်တော်ထားတော်မူသောကတိတော်ကို အစဉ်တည်စေတော်မူပါ။ ကတိတော်အတိုင်းလည်း ပြုပေးတော်မူပါ။
17:24 သို့ဖြစ်လျှင် ကိုယ်တော်၏နာမတော်သည် အစဉ်တည်မြဲပြီး ကြီးမြတ်တော်မူပါလိမ့်မည်။ ‘အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ ဘုရားသခင် ဖြစ်တော်မူပါ၏’ဟု ဆိုကြပါလိမ့်မည်။ ကိုယ်တော်၏အစေအပါး ဒါဝိဒ်၏မင်းမျိုးမင်းနွယ်သည်လည်း ရှေ့တော်၌ တည်မြဲပါလိမ့်မည်။
17:25 သို့ဖြစ်၍ အို အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်အား တည်စေတော်မူမည်ဖြစ်ကြောင်းကို ကြားသိစေတော်မူပြီ။ ထို့ကြောင့် ကိုယ်တော့်အစေအပါးသည် ကိုယ်တော့်ရှေ့တွင် ဤသို့ဆုတောင်းဝံ့ခြင်း ဖြစ်ပါ၏။
17:26 အို ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤကောင်းကျိုးချမ်းသာကို ကိုယ်တော့်အစေအပါးအား ပေးသနားမည်ဟု ကတိထားတော်မူပါပြီ။
17:27 ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် ရှေ့တော်တွင် အစဉ်အမြဲတည်နေမည့်အကြောင်း အလိုတော်ရှိ၍ ကောင်းချီးပေးတော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ကောင်းချီးပေးတော်မူသဖြင့် အစဉ်အမြဲကောင်းချီးခံစားရပါလိမ့်မည်”ဟု တောင်းလျှောက်လေ၏။