1 Chronicles 18
18:1 ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ဖိလိတ္တိလူမျိုးတို့လက်မှ ဂါသမြို့နှင့်ဝန်းကျင်ရှိရွာများကို သိမ်းယူလိုက်၏။
18:2 ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်သဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။
18:3 ဇောဘဟာမတ်ဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ် တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
18:4 ထိုဘုရင်ထံမှ စစ်ရထားအစီးတစ်ထောင်၊ မြင်းစီးသူရဲအယောက်ခုနစ်ထောင်၊ ခြေလျင်တပ်သားအယောက်နှစ်သောင်းတို့ကို သိမ်းပိုက်လိုက်၏။ ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိမိအဖို့ စစ်ရထားမြင်းအကောင်တစ်ရာကိုချန်ထားပြီး ကျန်စစ်ရထားမြင်းအားလုံးကို တံကောက်ကြော ဖြတ်ပစ်လေ၏။
18:5 ဒါဝိဒ်မင်းကြီးသည် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးကို စစ်ကူလာသော ဒမတ်စကပ်မြို့သား ဆီးရီးယားလူမျိုးတို့ထဲမှ ဆီးရီးယားလူမျိုး နှစ်သောင်းနှစ်ထောင်ကို သုတ်သင်ပစ်ပြီး
18:6 ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကို ချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
18:7 ဒါဝိဒ်မင်းကြီးသည် ဟာဒဒေဇာမင်းကြီး၏အစေအပါးတို့ကိုင်ဆောင်သော ရွှေဒိုင်းလွှားတို့ကို သိမ်းပြီး ဂျေရုဆလင်မြို့သို့ ယူဆောင်လာ၏။
18:8 ဒါဝိဒ်မင်းကြီးသည် တိဗဟတ်မြို့၊ ခုန်မြို့စသည့် ဟာဒဒေဇာမင်းကြီးပိုင်သောမြို့တို့မှ ကြေးနီအမြောက်အမြားကိုလည်း သိမ်းယူလေ၏။ ထိုကြေးနီများဖြင့်ပင် ရှောလမုန်မင်းကြီးသည် ကြေးနီရေကန်နှင့် တိုင်များ၊ ကြေးနီအသုံးအဆောင်များကို သွန်းလုပ်ခဲ့၏။
18:9 ဇောဘဘုရင်ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင်
18:10 သာကြောင်းမာကြောင်းနှုတ်ဆက်ရန်နှင့် ဟာဒဒေဇာမင်းကြီးကို တိုက်ခိုက်ချေမှုန်းနိုင်သောကြောင့် ဂုဏ်ပြုရန် ရွှေထည်၊ ငွေထည်၊ ကြေးထည်တို့ပါလျက် မိမိသားတော်ဟဒေါရံကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ အကြောင်းမှာ တောဣမင်းကြီးသည်လည်း ဟာဒဒေဇာမင်းကြီးနှင့် စစ်တိုက်ခဲ့ဖူး၏။
18:11 ဒါဝိဒ်မင်းကြီးသည် ထိုပစ္စည်းများအပြင် ဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိ၊ အာမလက် စသောလူမျိုးအပေါင်းတို့ထံမှ သိမ်းယူသော ရွှေငွေတို့ကိုလည်း ထာဝရဘုရားထံ ဆက်ကပ်၏။
18:12 ဇေရုယာ၏သားအဘိရှဲသည်လည်း ဧဒုံလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး
18:13 ဧဒုံပြည်တွင် မြို့စောင့်တပ်များ ချထားလိုက်၏။ ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
18:14 ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကိုအုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။
18:15 ဇေရုယာ၏သားယွာဘကား ဗိုလ်ချုပ်၊ အဟိလုဒ်၏သားယောရှဖတ်ကား အတွင်းဝန်၊
18:16 အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သားအဘိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊
18:17 ယောယဒ၏သား ဗေနာယကား ခေရသိလူမျိုးနှင့်ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား ရှင်ဘုရင်အနား၌ ခစားရသော အရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။