1 Chronicles 23
23:1 ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍ အိုမင်းလာသောအခါ မိမိ၏သားတော်ရှောလမုန်ကို အစ္စရေးဘုရင်အဖြစ် တင်မြှောက်၍
23:2 အစ္စရေးအကြီးအကဲအပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများကို စုဝေးစေ၏။
23:3 အသက်သုံးဆယ်အရွယ်နှင့်အထက် လေဝိအမျိုးများကို ရေတွက်ကြည့်ရာ ယောက်ျားစုစုပေါင်း သုံးသောင်းရှစ်ထောင် ရှိ၏။
23:4 ထိုသူတို့တွင် ထာဝရဘုရား၏အိမ်တော်နှင့်ဆိုင်သောအမှုများကို ကြီးကြပ်ကွပ်ကဲသူ အယောက်နှစ်သောင်းလေးထောင်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရာတာဝန်ယူရသူ အယောက်ခြောက်ထောင်၊
23:5 တံခါးကိုစောင့်ကြပ်ရသူ အယောက်လေးထောင်၊ ချီးမွမ်းသီဆိုဖို့ ဒါဝိဒ်မင်းကြီး ပြုလုပ်ထားသောတူရိယာများဖြင့် ထာဝရဘုရားကို ချီးမွမ်းသီဆိုရသူ အယောက်လေးထောင် ဟူ၍ခွဲထား၏။
23:6 ထို့ပြင် ဒါဝိဒ်မင်းကြီးသည် လေဝိ၏သားများရှိသည့်အတိုင်း ဂေရရှုန်၊ ကောဟတ်၊ မေရာရိ ဟူ၍ အဖွဲ့ခွဲထားပြီး
23:7 ဂေရရှုန်အမျိုးတွင် လာဒန်နှင့် ရှိမိတို့ပါဝင်၏။
23:8 လာဒန်၏သားသုံးယောက်မှာ သားဦးယေဟေလ၊ ဇေသံ၊ ယောလ တို့ဖြစ်ကြ၏။
23:9 ရှိမိ၏သားသုံးယောက်မှာ ရှေလောမုတ်၊ ဟာဇေလ၊ ဟာရန် တို့ဖြစ်ကြ၏။ သူတို့သည် လာဒန်၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။
23:10 ရှိမိ၏သားများမှာ ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိယ တို့ဖြစ်ကြ၏။ သူတို့သည် ရှိမိ၏သားလေးယောက် ဖြစ်၏။
23:11 သားဦးမှာ ယာဟတ်၊ ဒုတိယသားမှာ ဇိဇဖြစ်၏။ ယုရှနှင့်ဗေရိယတွင် သားများစွာမရှိသောကြောင့် သူတို့သည် ဘိုးဘေးမိသားစုတစ်စုတည်းကဲ့သို့ စာရင်းဝင်ကြ၏။
23:12 ကောဟတ်၏သားများမှာ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ ပေါင်းလေးယောက် ရှိ၏။
23:13 အာမရံ၏သားများမှာ အာရုန်နှင့်မောရှေ တို့ဖြစ်ကြ၏။ အာရုန်သည် အသန့်ရှင်းဆုံးဌာနကို သန့်ရှင်းစင်ကြယ်စေရန်၊ သူနှင့်သူ့သားမြေးတို့သည် ထာဝရဘုရားရှေ့တော်တွင် ယဇ်ပူဇော်ရသောအမှုကို အစဉ်ဆောင်ရွက်ရန်နှင့် နာမတော်ကို အစဉ်ချီးမွမ်းရန် ခန့်ထားခြင်းခံရသူများဖြစ်၏။
23:14 ဘုရားသခင်၏လူမောရှေ၏သားမြေးများမှာ လေဝိမျိုးနွယ်အဖြစ် စာရင်းသွင်းခံရ၏။
23:15 မောရှေ၏သားများမှာ ဂေရရှုံနှင့်ဧလျေဇာ တို့ဖြစ်ကြ၏။
23:16 ဂေရရှုံ၏သားများတွင် ရှေဗွေလသည် သားဦးဖြစ်၏။
23:17 ဧလျေဇာ၏သားတို့တွင် ရေဟဘိသည် သားဦးဖြစ်၏။ သို့သော် ဧလျေဇာတွင် အခြားသားမရှိ။ ရေဟဘိတွင် သားအများအပြားရှိ၏။
23:18 ဣဇဟာ၏သားတို့တွင် ရှေလောမိတ်သည် သားဦးဖြစ်၏။
23:19 ဟေဗြုန်၏သားများမှာ သားဦး ယေရိ၊ ဒုတိယသား အာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသား ယေကမံ တို့ဖြစ်ကြ၏။
23:20 ဩဇေလ၏သားများမှာ သားဦး မိက္ခာ၊ ဒုတိယသား ဣရှိယ ဖြစ်၏။
23:21 မေရာရိ၏သားများမှာ မဟာလိနှင့်မုရှိ၊ မဟာလိ၏သားများမှာ ဧလာဇာနှင့်ကိရှ တို့ဖြစ်ကြ၏။
23:22 ဧလာဇာ ကွယ်လွန်ချိန်ထိ သားမရှိ၊ သမီးများသာ ရှိ၏။ ဧလာဇာ၏သမီးတို့သည် သူတို့၏ဆွေမျိုးသားချင်းဖြစ်သော ကိရှ၏သားတို့နှင့် စုံဖက်ကြ၏။
23:23 မုရှိ၏သားများမှာ မဟာလိ၊ ဧဒေ၊ ယေရမုတ် ပေါင်းသုံးယောက် ဖြစ်၏။
23:24 ဤသူတို့ကား ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်ရန် လေဝိသားမြေးတို့ကို သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အသက်နှစ်ဆယ်နှင့်အထက်ရှိသူများအား စာရင်းကောက်ယူရာတွင် နာမည်နှင့်တကွစာရင်းဝင်သောအကြီးအမှူးများ ဖြစ်ကြ၏။
23:25 ဒါဝိဒ်မင်းကြီးက “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်တို့အား အေးချမ်းသာယာစွာနေစေမည်။ ကိုယ်တော်သည်လည်း ဂျေရုဆလင်မြို့တွင် အစဉ်စံနေတော်မူမည်။
23:26 လေဝိအမျိုးတို့သည်လည်း ကိန်းဝပ်တော်မူရာတဲတော်နှင့် အမှုတော်ထမ်းဆောင်ရာတွင်သုံးသော တဲတော်၏အသုံးအဆောင်တို့ကို သယ်ဆောင်ရတော့မည်မဟုတ်”ဟု မိန့်ဆို၏။
23:27 ထိုသို့ဖြင့် ဒါဝိဒ်မင်းကြီး၏နောက်ဆုံးအမိန့်တော်အတိုင်း အသက်နှစ်ဆယ်နှင့်အထက် လေဝိသားမြေးတို့ကို စာရင်းကောက်ကြ၏။
23:28 သူတို့၏တာဝန်မှာ အာရုန်၏သားမြေးများ ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်သောအခါ ဝိုင်းကူပေးရန်ဖြစ်၏။ အိမ်တော်ဝင်း၊ အိမ်တော်အခန်းများ၊ သန့်ရှင်းရာဌာနရှိအရာအားလုံး သန့်ရှင်းသပ်ရပ်အောင်ဆောင်ရွက်ရန်နှင့် ဘုရားသခင်၏အိမ်တော်အမှုကို ထမ်းဆောင်ရန်အတွက်ဖြစ်၏။
23:29 ဆင့်ထားသောရှေ့တော်မုန့်၊ ဘောဇဉ်ပူဇော်သက္ကာဖို့ အကောင်းဆုံးဂျုံမှုန့်၊ တဆေးမဲ့မုန့်ကြွပ်၊ ဒယ်ပြားနှင့်လုပ်သောမုန့်၊ ဆီနှင့်ကြော်သောမုန့် စသည်တို့နှင့် ချိန်ခွက်အရွယ်အစား အမျိုးမျိုးတို့ကို တာဝန်ယူလုပ်ဆောင်ရ၏။
23:30 နံနက်တိုင်း ထာဝရဘုရား၏ကျေးဇူးတော်ချီးမွမ်းဖို့ ရှေ့တော်တွင် ရပ်နေရသကဲ့သို့ ညနေခင်းတွင်လည်း ထိုနည်းတူပြု၏။
23:31 ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်နေ့များတွင် ထာဝရဘုရားထံ ပူဇော်ရမည့်မီးရှို့ရာယဇ်အားလုံးကို စီရင်ထုံးဖွဲ့ထားသောအရေအတွက်နှင့်အညီ ထာဝရဘုရားရှေ့တော်၌ ပုံမှန်ပူဇော်ရ၏။
23:32 ထိုသို့ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ဆောင်ရွက်ရမည့်အမှုများ၊ သန့်ရှင်းရာဌာန၌ဆောင်ရွက်ရမည့်အမှုများ၊ အာရုန်၏သားမြေးနှင့် သူတို့၏ဆွေမျိုးသားချင်းတို့အတွက်ဆောင်ရွက်ရမည့်အမှုများ စသည်ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို လိုက်နာဆောင်ရွက်ကြရ၏။