Library · my

2 Chronicles 3

3:1 ထို့နောက် ရှောလမုန်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ မောရိ​တောင်​ပေါ်​၊ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ထံ ထာဝရဘုရား​ထင်ရှား​တော်မူ​ရာ​နေရာ​တွင် ထာဝရဘုရား​အဖို့ အိမ်​တော်​ကို စတင်​တည်ဆောက်​၏​။ ထို​နေရာ​သည် ယေဗုသိ​လူမျိုး​ဩရနန် ​၏​ကောက်နယ်တလင်း​တွင် အိမ်​တော်​တည်ဆောက်​ဖို့ ဒါဝိဒ်​မင်းကြီး​ပြင်ဆင်​ထား​သော​နေရာ​ဖြစ်​၏​။ 3:2 ရှောလမုန်​မင်းကြီး​နန်းစံ လေး​နှစ်​မြောက်​၊ ဒုတိယ​လ​၊ ဒုတိယ​နေ့​တွင် အိမ်​တော်​ကို စတင်​တည်ဆောက်​၏​။ 3:3 ရှောလမုန်​မင်းကြီး​တည်ဆောက်​သော ဘုရားသခင်​၏​အိမ်​တော်​အုတ်မြစ်​မှာ ရှေးခေတ်​တိုင်းထွာနည်း​အရ အလျား အတောင်​ခြောက်ဆယ် ​၊ အနံ အတောင်​နှစ်ဆယ် ​ရှိ​၏​။ 3:4 အိမ်​တော်​မျက်နှာစာ​ရှိ​ဆင်ဝင်​၏​အလျား​မှာ အိမ်​တော်​မျက်နှာစာ​အကျယ်​အတိုင်း အတောင်​နှစ်ဆယ်​၊ အမြင့်​မှာ အတောင်​တစ်ရာ့​နှစ်ဆယ် ​ရှိ​၏​။ ဆင်ဝင်​အတွင်းပိုင်း​ကို ရွှေ​စင်​နှင့်​မွမ်းမံ​ထား​၏​။ 3:5 ပင်မဆောင်​ကို ထင်းရှူးသား​ဖြင့်​ကာ​ပြီး ရွှေ​စင်​နှင့်​မွမ်းမံ​ထား​၏​။ နံရံ​ပေါ်တွင် စွန်ပလွံပင်ပုံ​များ​၊ ကြိုး​များ​နှင့် အလှဆင်​ထား​၏​။ 3:6 အိမ်​တော်​လှပတင့်တယ်​အောင် အဖိုးတန်​ကျောက်​များ​၊ ပါရဝိမ်​ပြည်​မှ​ရွှေ​များ​ဖြင့် မွမ်းမံ​ထား​၏​။ 3:7 အိမ်​တော်​၏​မျက်နှာကြက်တန်း​များ​၊ တံခါးဘောင်​များ​၊ နံရံ​များ​နှင့် တံခါးရွက်​များ​ကို​လည်း ရွှေ​နှင့်​မွမ်းမံ​ထား​ပြီး နံရံ​များ​ပေါ်တွင် ခေရုဗိမ် ​အရုပ်​များ​ကို ထွင်းထု​ထား​၏​။ 3:8 အသန့်ရှင်းဆုံးဌာန​ကို​ဆောက်လုပ်​ရာ​တွင် အလျား​မှာ အိမ်​တော်​မျက်နှာစာ​အကျယ်​အတိုင်း အတောင်​နှစ်ဆယ်​၊ အနံ​မှာ အတောင်​နှစ်ဆယ်​ရှိ​၍ ရွှေ​စင်​တာလန်​ခြောက်​ရာ ​ဖြင့် မွမ်းမံ​ထား​၏​။ 3:9 ရွှေ​သံမှို​များ​၏​အလေးချိန်​မှာ ရှယ်ကယ်​ငါးဆယ် ​ရှိ​၏​။ အထက်ခန်း​များ​ကို​လည်း ရွှေ​နှင့်​မွမ်းမံ​ထား​၏​။ 3:10 အသန့်ရှင်းဆုံးဌာန​ထဲတွင် ခေရုဗိမ် ​နှစ်​ပါး​ကို​ထွင်းထု​ပြီး ရွှေ​နှင့်​မွမ်းမံ​ထားရှိ​၏​။ 3:11 ခေရုဗိမ် ​အတောင်ပံ​များ​၏​အလျား​မှာ စုစုပေါင်း​အတောင်​နှစ်ဆယ်​ရှည်​၏​။ အတောင်ပံ​တစ်​ဖက်​သည် ငါး​တောင်​ရှည်​ပြီး အိမ်​တော်​နံရံ​နှင့် ထိစပ်​လျက်​ရှိ​၏​။ နောက်​တောင်ပံ​တစ်​ခု​မှာ​လည်း ငါး​တောင်​ရှည်​ပြီး နောက်​ခေရုဗိမ်​၏​အတောင်ပံ​နှင့် ထိစပ်​လျက်​ရှိ​၏​။ 3:12 နောက်​ခေရုဗိမ် ​၏​တောင်ပံ​တစ်ဖက်​သည်​လည်း ငါး​တောင် ​ရှည်​ပြီး အိမ်​တော်​နံရံ​နှင့် ထိစပ်​လျက်​ရှိ​၏​။ နောက်​တောင်ပံ​တစ်​ခု​မှာ​လည်း ငါး​တောင်​ရှည်​ပြီး ပထမ​ခေရုဗိမ်​၏​အတောင်ပံ​နှင့် ထိစပ်​လျက်​ရှိ​၏​။ 3:13 ဖြန့်ထား​သော​ခေရုဗိမ် ​တို့​၏​အတောင်ပံ​များ​သည် အတောင်​နှစ်ဆယ် အရှည်​ရှိ​၏​။ ခေရုဗိမ်ရုပ်​တို့​သည် ပင်မဆောင်​ဘက်​မျက်နှာမူ​၍ ရပ်​လျက်​နေ​၏​။ 3:14 ကန့်လန့်ကာ​ကို​လည်း အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ ကြက်သွေးရောင်​ချည်​နှင့် ချည်ချော​များ​ဖြင့် ရက်လုပ်​၏​။ ထို​ကန့်လန့်ကာ​တွင် ခေရုဗိမ်ရုပ်​များ​ကို ပုံဖော်​ရက်လုပ်​ထား​၏​။ 3:15 အိမ်​တော်​မျက်နှာစာ​တွင် အမြင့်​သုံးဆယ့်​ငါး​တောင် ​ရှိ​သော တိုင်​နှစ်​တိုင်​စိုက်ထူ​၍ ထို​တိုင်​တို့​၏​ထိပ်​ရှိ တိုင်ထိပ်အုပ်​မှာ ငါး​တောင်​စီ​မြင့်​၏​။ 3:16 သန့်ရှင်းရာဌာန​တွင်​ရှိ​သော​ကြိုး​ကဲ့သို့ ကြိုး​များ​ကို​ပြုလုပ်​ပြီး တိုင်ထိပ်အုပ်​တွင် ပတ်​ထား​၏​။ သလဲသီးပုံ​အလုံး​တစ်ရာ​ကို​ပြုလုပ်​ပြီး ကြိုး​များ​ပေါ်တွင် ချိတ်ဆွဲ​ထား​၏​။ 3:17 တိုင်​နှစ်​တိုင်​ကို ဗိမာန်​တော်​မျက်နှာစာ​တွင် တောင်ဘက်​တစ်​တိုင်​၊ မြောက်ဘက်​တစ်​တိုင် စိုက်ထူ​ထား​၏​။ တောင်ဘက်​ရှိ​တိုင်​ကို ယာခိန် ဟု​အမည်​ပေး​ထား​ပြီး မြောက်ဘက်​ရှိ​တိုင်​ကို ဗောဇ ဟု​အမည်​ပေး​ထား​၏​။