2 Chronicles 4
4:1 ထို့ပြင် အလျားအတောင်နှစ်ဆယ် ၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင် ရှိသော ကြေးနီယဇ်ပလ္လင်ကိုလည်း ပြုလုပ်၏။
4:2 အချင်းအတောင်တစ်ဆယ်၊ အမြင့်ငါးတောင် ၊ လုံးပတ်အတောင်သုံးဆယ် ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။
4:3 ရေကန်အဝ၏အောက်နားတွင် နွားရုပ်ပုံ ကို တစ်တောင် လျှင်ဆယ်ရုပ်စီ ပတ်ပတ်လည်ထွင်းထုထား၏။ နွားရုပ်ပုံအတန်းနှစ်တန်းရှိပြီး ရေကန်နှင့်တစ်သားတည်းဖြစ်အောင် သွန်းလုပ်ထား၏။
4:4 ထိုရေကန်သည် နွားရုပ်တစ်ဆယ့်နှစ်ကောင်ပေါ်တွင် တည်ထား၏။ နွားရုပ်တို့မှာ မြောက်ဘက်သို့သုံးကောင်၊ အနောက်ဘက်သို့သုံးကောင်၊ တောင်ဘက်သို့သုံးကောင်၊ အရှေ့ဘက်သို့သုံးကောင် မျက်နှာမူထား၏။ နွားရုပ်တို့အပေါ်တွင် ရေကန်ရှိ၍ ထိုနွားရုပ်အားလုံး အတွင်းဘက်ကို ကျောခိုင်းထား၏။
4:5 ရေကန်၏ထုမှာ လက်တစ်ဖဝါးစာ ရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံဖော်ထား၏။ ရေ ဗတ်သုံးထောင် ဆံ့၏။
4:6 ဆေးကြောရန်အတွက် အင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး ထားရှိ၏။ မီးရှို့ရာယဇ်နှင့်ဆိုင်သောအကောင်များကို ထိုအင်တုံများတွင် ဆေးကြောရ၏။ ယဇ်ပုရောဟိတ်များမူကား ရေကန်ထဲတွင် ဆေးကြောသန့်စင်ရ၏။
4:7 ထို့ပြင် စီရင်ထုံးဖွဲ့ချက်အတိုင်း ရွှေဆီမီးခုံဆယ်ခုကိုလည်း သွန်းလုပ်၍ ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးခု၊ ဝဲဘက်ခြမ်းတွင်ငါးခု ထားရှိ၏။
4:8 စားပွဲဆယ်လုံးကိုလည်း ပြုလုပ်ပြီး ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး နေရာချထား၏။ ထို့ပြင် ရွှေဇလုံအလုံးတစ်ရာကိုလည်း ပြုလုပ်၏။
4:9 ယဇ်ပုရောဟိတ်တို့အတွက် ဝင်းတံတိုင်း၊ အပြင်တံတိုင်းကြီးနှင့် ဝင်းတံခါးများကိုလည်း ပြုလုပ်၏။ တံခါးများကို ကြေးနီဖြင့်မွမ်းမံထား၏။
4:10 ရေကန်ကို အိမ်တော်၏ယာဘက်ခြမ်း အရှေ့တောင်ထောင့်တွင် နေရာချထား၏။
4:11 ထို့ပြင် ဟုရံသည် အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟုရံသည် ရှောလမုန်မင်းကြီးအဖို့ ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်စရာတို့ကို လုပ်ဆောင်ပြီးစီးသွား၏။
4:12 တိုင်နှစ်တိုင်နှင့် ထိုတိုင်နှစ်တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်များ၊ တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်နှစ်ခုကို အလှဆင်ထားသောရာဇမတ်ကွက်နှစ်ခု၊
4:13 ထိုရာဇမတ်ကွက်နှစ်ခုကိုအလှဆင်ဖို့ သလဲသီးပုံအလုံးလေးရာ၊ တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်နှစ်ခုကိုအလှဆင်ဖို့ ရာဇမတ်ကွက်တစ်ခုစီအတွက် သလဲသီးပုံအတန်းနှစ်တန်း၊
4:14 တွန်းလှည်းများနှင့် တွန်းလှည်းများပေါ်တင်ထားရန် အင်တုံများ၊
4:15 ရေကန်တစ်ကန်နှင့် ရေကန်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ကောင်၊
4:16 အိုးများ၊ ဂေါ်ပြားများ၊ ခက်ရင်းခွများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
4:17 ရှင်ဘုရင်သည် ထိုပစ္စည်းအားလုံးကို သုကုတ်မြို့နှင့်ဇေရဒ မြို့ကြား ဂျော်ဒန်မြစ်ဝှမ်းရှိ ရွှံ့မြေထူထပ်ရာအရပ်၌ သွန်းလုပ်၏။
4:18 ရှောလမုန်မင်းကြီးသည် များပြားလှသောအသုံးအဆောင်များကို သွန်းလုပ်သည်ဖြစ်၍ ကြေးနီအလေးချိန် မည်မျှရှိသည်ကိုပင် မသိရချေ။
4:19 ရှောလမုန်မင်းကြီးသည် ဘုရားသခင်အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊
4:20 စီရင်ထုံးဖွဲ့ချက်အတိုင်း သန့်ရှင်းရာဌာနတွင်ထွန်းညှိရန် ရွှေစင်ဆီမီးခုံနှင့် မီးခွက်များ၊
4:21 ရွှေအတိပြီးသော ဆီမီးခုံရှိ ပန်းပွင့်များ၊ မီးခွက်များ၊ မီးငြှိမ်းကိရိယာများ၊
4:22 မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အိမ်တော်တံခါး၊ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် ဗိမာန်တော်ပင်မဆောင်၏တံခါးကိုလည်း ရွှေဖြင့်သွန်းလုပ်၏။