Nehemiah 6
6:1 ငါသည် မြို့ရိုးကိုအပေါက်ရာပင်မကျန်အောင် ပြန်လည်တည်ဆောက်ပြီးစီးကြောင်း သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူမျိုးဂေရှင်နှင့် အခြားရန်သူတို့ ကြားသိလေ၏။ ထိုအချိန်က မြို့တံခါးများပင် မတပ်ဆင်ရသေးချေ။
6:2 ထိုအခါ သမ္ဘာလတ်နှင့် ဂေရှင်က “လာပါ ဩနောလွင်ပြင်၊ ခေဖိရိမ်ရွာတွင် ဆုံကြပါစို့”ဟု ငါ့ထံ သတင်းပို့လာ၏။ စင်စစ် သူတို့သည် ငါ့ကို လုပ်ကြံရန် ကြံစည်ကြခြင်းသာ ဖြစ်၏။
6:3 ထို့ကြောင့် ငါကလည်း သူတို့ထံ တမန်ကိုလွှတ်၍ “ငါသည် အရေးကြီးသောလုပ်ငန်းကို ဆောင်ရွက်နေရသည်ဖြစ်၍ သင်တို့ထံ မလာနိုင်။ သင်တို့ထံလာခြင်းဖြင့် အဘယ်ကြောင့် ကိုယ့်အလုပ်ကို ရပ်ထားရမည်နည်း”ဟု အကြောင်းပြန်လိုက်၏။
6:4 သူတို့သည် ငါ့ထံသို့ ထိုသတင်းကို လေးကြိမ်တိုင်တိုင် ပို့လာ၏။ ငါကလည်း ယခင်အတိုင်းသာ ပြန်ပြော၏။
6:5 သမ္ဘာလတ်သည် ယခင်ကဲ့သို့ သူ့လက်အောက်ငယ်သားကို ငါ့ထံ ငါးကြိမ်မြောက်စေလွှတ်၏။ ထိုငယ်သားလက်ထဲတွင်လည်း တံဆိပ်မခတ်ထားသောစာ ပါလာ၏။
6:6 ထိုစာတွင် “သင်နှင့်ဂျူးလူမျိုးတို့သည် ပုန်ကန်ရန်အကြံရှိကြောင်း လူမျိုးခြားတို့နှင့်တကွ ဂေရှင်ပါ ပြောလေပြီ။ ဤသတင်းအရ သင်သည် ဂျူးလူမျိုး၏ဘုရင်ဖြစ်လိုသောကြောင့် ဤမြို့ရိုးကို ပြန်လည်တည်ဆောက်ပြီ။
6:7 သင်သည် သင့်ကိုယ်သင်ရည်ညွှန်း၍ ‘ယုဒပြည်၌ ရှင်ဘုရင်ရှိသည်’ဟု ဂျေရုဆလင်မြို့တွင် ဟောပြောစေရန် ပရောဖက်တို့ကိုခန့်ထားပြီ။ ထိုသတင်းကို ရှင်ဘုရင်အား ကြားလျှောက်ကောင်း ကြားလျှောက်ကြလိမ့်မည်။ သို့ဖြစ်၍ ယခု လာပါ။ ငါတို့အတူတကွ ဆွေးနွေးကြစို့”ဟု ပါရှိ၏။
6:8 ငါကလည်း သူ့ထံ လူလွှတ်၍ “သင်ဆိုသည့်အတိုင်း ဖြစ်လာမည်မဟုတ်။ ဤစကားများသည် သင့်စိတ်ကူးဖြင့် လုပ်ကြံပြောဆိုခြင်းသာ ဖြစ်၏”ဟု အကြောင်းပြန်ကြားလိုက်၏။
6:9 သူတို့က ငါတို့ကို ခြိမ်းခြောက်ပြီး “သူတို့အလုပ်ကို လက်စမသတ်နိုင်ဘဲ အားလျော့သွားလိမ့်မည်”ဟု ဆိုကြ၏။ အို အဖ၊ အကျွန်ုပ်ကို ခွန်အားပေးတော်မူပါ။
6:10 မဟေတဗေလ၏မြေး၊ ဒေလာယ၏သားရှေမာယသည် အိမ်ထဲ၌ ပုန်းအောင်းနေသဖြင့် ငါသည် သူ့ဆီသို့သွား၏။ ထိုအခါ သူက “ဗိမာန်တော်အတွင်း ဘုရားသခင်၏အိမ်တော်မှာ နေကြစို့။ ဗိမာန်တော်တံခါးများလည်း ပိတ်ထားကြစို့။ အကြောင်းမှာ သင့်ကို လာသတ်ကြလိမ့်မည်။ ညအချိန်မှာ သင့်ကို လာသတ်ကြလိမ့်မည်”ဟု ဆို၏။
6:11 ထိုအခါ ငါက “ငါကဲ့သို့သောလူက ပြေးပုန်းရမည်လော။ အသက်ချမ်းသာရာရရန် ဗိမာန်တော်ထဲ ဝင်ပုန်းရမည်လော။ ငါမဝင်နိုင်ပါ”ဟု ပြန်ပြော၏။
6:12 ရှေမာယသည် ဘုရားသခင်စေလွှတ်၍မဟုတ်၊ တောဘိနှင့်သမ္ဘာလတ်တို့က ငှားရမ်းထားသူဖြစ်သဖြင့် ငါ့ကို ဆန့်ကျင်ပြီး ပရောဖက်ပြုနေသည်ကို ငါကောင်းကောင်းသိ၏။
6:13 ငါကြောက်ရွံ့ပြီး သူဆိုသည့်အတိုင်းပြုမည်ဆိုလျှင် ငါသည် အပြစ်ပြုမိမည်။ သို့ဖြစ်လျှင် ငါ့နာမည်ပျက်၍ သူတို့ကဲ့ရဲ့ရှုတ်ချနိုင်မည်။ ထို့အတွက် ရှေမာယကို ငှားရမ်းခြင်းဖြစ်၏။
6:14 သို့ဖြစ်၍ အို အကျွန်ုပ်၏ဘုရားသခင်၊ တောဘိနှင့် သမ္ဘာလတ်တို့၏လုပ်ရပ်ကို မှတ်တော်မူပါ။ ပရောဖက်မ နောဒိနှင့် ကျန်ပရောဖက်တို့၏ခြိမ်းခြောက်မှုကိုလည်း မှတ်တော်မူပါ။
6:15 ဤသို့ဖြင့် ရက်ပေါင်းငါးဆယ့်နှစ်ရက်အကြာ၊ ဧလုလ၊ နှစ်ဆယ့်ငါးရက်နေ့တွင် မြို့ရိုးကို အပြီးသတ်တည်ဆောက်နိုင်ခဲ့၏။
6:16 ထိုအကြောင်းကို ရန်သူတို့ကြား၍ ငါတို့ဝန်းကျင်ရှိလူမျိုးခြားတို့ မြင်သောအခါ အလွန်အမင်းမျက်စိမျက်နှာပျက်လေ၏။ အကြောင်းမှာ ဤအမှုကို ငါတို့ဘုရားသခင် ပြုတော်မူကြောင်း သူတို့ ကောင်းကောင်းသိမြင်ကြ၏။
6:17 ထိုနေ့ရက်တို့၌ ယုဒခေါင်းဆောင်တို့သည် တောဘိထံသို့ စာလွှာများရေးပို့၍ တောဘိကလည်း သူတို့ထံ စာပြန်ခဲ့၏။
6:18 တောဘိသည် အာရာ၏သားဖြစ်သောရှေခနိ၏သမက်ဖြစ်သည်သာမက သူ့သားယေဟောဟနန်သည် ဗေရခိ၏သားဖြစ်သူမေရှုလံ၏သမီးနှင့် စုံဖက်သောကြောင့် ယုဒလူအများအပြားတို့က သူ့ထံ သစ္စာခံကြ၏။
6:19 သူတို့က တောဘိကောင်းကြောင်းကို ငါ့အားပြောပြ၍ ငါပြောသောစကားတို့ကို တောဘိအား ပြန်ပြောကြ၏။ ထိုအခါ တောဘိသည် ငါ့အား ခြိမ်းခြောက်စာများကို ပို့လေ့ရှိ၏။