Job 15
15:1 ထိုအခါ တေမန်အမျိုးသား ဧလိဖတ်က
15:2 “ပညာရှိသောသူသည် အသိပညာမဲ့သောအချည်းနှီးစကားဖြင့် ပြန်ပြောသင့်သလော။ သူ၏ဝမ်းစာကို အရှေ့လေဖြင့် ဖြည့်သင့်သလော။
15:3 အသုံးမဝင်သောစကား၊ အကျိုးမဲ့သောစကားများဖြင့် ငြင်းခုံသင့်သလော။
15:4 အကယ်စင်စစ် သင်၌ အကြောက်အလန့် မရှိတော့ပြီ။ ဘုရားသခင်ထံ အာရုံပြုလိုစိတ်လည်း ပပျောက်လေပြီ။
15:5 သင့်အပြစ်သည် သင့်နှုတ်ကို သင်ပြပေး၍ သင်သည် ကောက်ကျစ်သောစကားကို ရွေးသုံးလေပြီ။
15:6 သင့်ကို အပြစ်တင်သူမှာ ငါမဟုတ်။ သင့်နှုတ်ပင်ဖြစ်၏။ သင့်နှုတ်ခမ်းသည် သင့်ကို ဆန့်ကျင်၍သက်သေထွက်ဆိုလေပြီ။
15:7 သင်သည် အဦးဆုံးမွေးဖွားလာသောလူလော။ တောင်ကုန်းများ မဖြစ်တည်မီ သင်ဖြစ်တည်လာသလော။
15:8 ဘုရားသခင်၏အစည်းအဝေးကို သင်တက်ရောက်ကြားနာဖူးသလော။ ဉာဏ်ပညာကို ကိုယ့်အတွက်ကိုယ် ကန့်သတ်ထားရှိသလော။
15:9 ငါတို့မသိဘဲ သင်သာသိသောအရာရှိသလော။ ငါတို့နားမလည်ဘဲ သင်သာနားလည်သောအရာရှိသလော။
15:10 ငါတို့တွင် ဆံပင်လည်းဖြူ၊ အသက်လည်းကြီးသောသူတို့ ရှိကြ၏။ သင့်ဖခင်ထက်ပင် အသက်ပိုကြီးကြသေး၏။
15:11 ဘုရားသခင်၏နှစ်သိမ့်မှုနှင့် ညင်သာစွာပြောဆိုမှုတို့သည် သင့်အဖို့ မလုံလောက်သေးသလော။
15:12 အဘယ်ကြောင့် သင့်စိတ်အလိုကို သင်လိုက်ရသနည်း။ အဘယ်ကြောင့် သင့်မျက်လုံးများအရောင်တောက်နေရသနည်း။
15:13 သင်သည် ဘုရားသခင်ကို စိတ်ဆိုး၍ ဤကဲ့သို့သောစကားမျိုး နှုတ်မှထွက်လာရသလော။
15:14 လူသည် မည်သို့သောသူဖြစ်၍ သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။ မိန်းမမှမွေးလာသောလူသည် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။
15:15 ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့ကိုပင် ယုံကြည်သည်မဟုတ်။ ကောင်းကင်သည်ပင် ကိုယ်တော့်ရှေ့တွင် စင်ကြယ်သည်မဟုတ်။
15:16 ထိုသို့ဆိုလျှင် ရေသောက်သကဲ့သို့ မကောင်းမှုကိုပြု၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ အကျင့်ပျက်ပြားသောသူတို့မူကား အဘယ်သို့ဆိုဖွယ်ရာရှိမည်နည်း။
15:17 သင့်ကို ငါရှင်းပြမည်။ နားထောင်ပါ။ ငါမြင်ဖူးသောအရာကိုလည်း ငါပြောပြမည်။
15:18 ဘိုးဘေးတို့လက်ထက်မှစ၍ ပညာရှိတို့ တစ်စုံတစ်ရာကွယ်ဝှက်ခြင်းမရှိဘဲ အဆင့်ဆင့်ပြောပြသည့်အတိုင်း ငါပြန်ပြောပြမည်။
15:19 ဘိုးဘေးတို့တစ်မျိုးတည်းကိုသာ ပြည်တော်ကို ပေးတော်မူခဲ့၏။ ထိုပြည်တွင် မည်သည့်လူမျိုးခြားမျှ ဖြတ်သန်းသွားလာခွင့်မရှိ။
15:20 ဆိုးယုတ်သောသူသည် ဝေဒနာများကိုသာ တစ်သက်လုံးခံစားရတတ်၏။ ကြမ်းကြုတ်သောသူတို့အဖို့လည်း ဝေဒနာနှစ်ကာလများ သိုထားလျက်ရှိ၏။
15:21 ကြောက်မက်ဖွယ်အသံများကိုသာ သူ့နားတွင် ကြားနေရ၏။ ငြိမ်းချမ်းနေချိန်တွင်ပင် သူ့ထံ ဖျက်ဆီးခြင်းဘေး ရောက်လာတတ်၏။
15:22 အမှောင်ထဲမှ ပြန်လှည့်လာနိုင်မည်ဟု သူမယုံနိုင်။ ဓားသည်လည်း သူ့ကိုစောင့်ကြိုနေ၏။
15:23 သူက ‘အဘယ်မှာနည်း’ဟု ဆိုလျက် စားစရာကိုလှည့်လည်ရှာဖွေ၏။ မှောင်မိုက်သောနေ့ရက်သည်လည်း သူ၏လက်တစ်ကမ်းတွင် ရှိနေကြောင်းကို သူသိ၏။
15:24 ဆင်းရဲဒုက္ခနှင့် ပူပင်သောကတို့သည် သူ့ကိုခြောက်လှန့်လျက်ရှိ၏။ စစ်တိုက်ရန် အသင့်ရှိနေသောရှင်ဘုရင်ကဲ့သို့ သူ့ကို အနိုင်ယူလျက်ရှိ၏။
15:25 အကြောင်းမှာ သူသည် ဘုရားသခင်ကို လက်သီးလက်မောင်းတန်းပြခဲ့၏။ အနန္တတန်ခိုးရှင်ကို အာခံခဲ့၏။
15:26 သူသည် ထူထဲသောဒိုင်းလွှားကြီးကိုကိုင်လျက် ကိုယ်တော့်ကို တိုက်ခိုက်ရန် တဇွတ်ထိုးပြေးလာ၏။
15:27 သူ၏မျက်နှာသည် အဆီနှင့်အစ်လျက်၊ ခါးသည်လည်း အဆီနှင့်တုတ်လျက်ရှိ၏။
15:28 သို့သော် သူသည် မြို့ပျက်များ၊ လူမနေပြိုပျက်လုသောအိမ်များတွင် နေရ၏။
15:29 သူသည် ချမ်းသာမည်မဟုတ်။ သူ့ဥစ္စာပစ္စည်းလည်း တည်မြဲမည်မဟုတ်။ မြေကြီးပေါ်တွင် သူပိုင်ဆိုင်သောအရာလည်း တိုးပွားမည်မဟုတ်။
15:30 သူသည် အမှောင်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။ မီးလျှံသည် သူ့အညွန့်တို့ကို ခြောက်သွေ့စေလိမ့်မည်။ နှုတ်တော်မှထွက်သက်လေတစ်ချက်တည်းဖြင့် သူသည် ကွယ်ပျောက်သွားရလိမ့်မည်။
15:31 အကျိုးမရှိသောအရာကို ယုံစားခြင်းဖြင့် သူ့ကိုယ်သူ မလှည့်စားသင့်ပါ။ အကြောင်းမူကား သူပြန်ရရှိမည့်အရာသည်လည်း အကျိုးမရှိသောအရာပင် ဖြစ်လိမ့်မည်။
15:32 အချိန်မတန်မီ သူသည် အစုံအလင်ပြန်ခံရမည်။ သူ၏အကိုင်းအခက်သည်လည်း စိမ်းလန်းမည်မဟုတ်။
15:33 သူသည် မမှည့်ခင်အသီးကြွေကျသွားသောစပျစ်ပင်ကဲ့သို့၊ အပွင့်ကြွေသွားသောသံလွင်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။
15:34 ဘုရားတရားမဲ့သောလူအပေါင်းတို့သည် ဖြစ်ထွန်းမည်မဟုတ်။ တံစိုးစားသောသူတို့၏တဲများသည်လည်း မီးလောင်ကျွမ်းသွားလိမ့်မည်။
15:35 သူတို့သည် အခက်အခဲပြဿနာကို သန္ဓေတည်၍ အပြစ်ဒုစရိုက်ကို မွေးဖွား၏။ သူတို့၏ဝမ်းသည် လိမ်လည်လှည့်ဖြားခြင်းအတွက် အသင့်ရှိတတ်၏”ဟု ဆိုလေ၏။