Job 16
16:1 ထိုအခါ ယောဘက
16:2 “ဤသို့သော အကြောင်းအရာကို ငါများစွာကြားဖူးခဲ့ပြီ။ ငါ့ကို နှစ်သိမ့်ပေးသောသင်တို့အားလုံးကို ငါစိတ်ပျက်လှ၏။
16:3 အဓိပ္ပာယ်မဲ့သောစကားများမှာ မပြီးဆုံးနိုင်သေးသလော။ မည်သည့်အရာက သင့်ကို နှိုးဆော်၍ ဤသို့ပြန်ပြောရသနည်း။
16:4 ငါသည်လည်း သင်တို့ကဲ့သို့ ပြောတတ်ပါ၏။ သင်တို့နေရာမှာ ငါဖြစ်လျှင် ငါသည် ခေါင်းခါလျက် ရေပက်မဝင်အောင် သင်တို့ကို ပြန်ပြောနိုင်ပါ၏။
16:5 ငါ့နှုတ်ဖြင့် သင်တို့ကို အားပေးမည်။ ငါ့နှုတ်ခမ်းမှနှစ်သိမ့်ပေးမှုသည် သက်သာရာကို ရစေမည်။
16:6 ယခုမှာ ငါစကားပြောလျှင်လည်း ငါ့ဝေဒနာ မသက်သာပါ။ ငါမပြောဘဲနေလျှင်လည်း ငါ့ဝေဒနာ ပျောက်ကင်းသွားပါမည်လော။
16:7 အကယ်စင်စစ် ကိုယ်တော်သည် ငါ့ကို အားအင်ကုန်ခန်းစေတော်မူပြီ။ ငါ့မိသားစုအသိုက်အမြုံအားလုံးကို ဖျက်ဆီးတော်မူပြီ။
16:8 ငါ့ကို ပိန်ရှုံ့စေတော်မူသည်မှာ သက်သေဖြစ်၏။ ချည့်နဲ့ခြင်းသည်လည်း ငါ့ရှေ့တွင်ရပ်လျက် သက်သေထူလေ၏။
16:9 ငါ့ကို အမျက်တော်ဖြင့် ဆွဲဆုတ်၍ ညှဉ်းဆဲတော်မူ၏။ ငါ့ကို အံကြိတ်ပြတော်မူ၏။ ငါ့ရန်သူသည် ငါ့ကို စိန်းစိန်းဝါးဝါးကြည့်၏။
16:10 လူတို့သည် ငါ့ကိုဝိုင်းအုံ၍ ပါးစပ်ဖြဲပြကြ၏။ ငါ့ကိုကဲ့ရဲ့၍ ပါးရိုက်ကြ၏။
16:11 ဘုရားသခင်သည် ငါ့ကို လူမိုက်တို့လက်သို့ အပ်တော်မူပြီ။ လူဆိုးတို့လက်သို့ ထိုးအပ်လိုက်လေပြီ။
16:12 အေးချမ်းစွာနေရစဉ် ငါ့ကို တစ်စစီချိုးဖဲ့တော်မူပြီ။ ငါ့လည်ပင်းကို ဖမ်းကိုင်ပြီးလျှင် ငါ့ကို တစ်စစီခြေမွှတော်မူပြီ။ ငါ့ကို ပစ်မှတ်အဖြစ်ထားတော်မူပြီ။
16:13 ကိုယ်တော်၏လေးသည်တော်တို့သည် ငါ့ကို ဝိုင်းထားကြ၏။ ကိုယ်တော်သည် ငါ့ကျောက်ကပ်ကို မညှာမတာပစ်ခတ်တော်မူ၏။ ငါ့သည်းခြေကိုလည်း မြေပေါ်သို့ ဖောက်ချတော်မူ၏။
16:14 စစ်သူရဲကဲ့သို့ ငါ့ထံသို့ ပြေးလာပြီး အနာပေါ်ထပ်၍ အနာဖြစ်အောင် ထိုးဖောက်တော်မူ၏။
16:15 အရေပြားပေါ်တွင် လျှော်တေအဝတ်ကို ချုပ်ဝတ်ထားရပါ၏။ ငါ့ဦးချိုကိုလည်း မြေမှုန့်ထဲ၌ မြှုပ်ထားရပါ၏။
16:16 ငိုကြွေးနေရသောကြောင့် မျက်နှာမှာနီရဲ၍ မျက်ကွင်းများလည်း ညိုမဲနေပါ၏။
16:17 သို့သော်လည်း ငါသည် မတရားမှုကိုမပြု။ ငါ၏ဆုတောင်းခြင်းသည်လည်း သန့်ရှင်းပါ၏။
16:18 အို မြေကြီး၊ ငါ့သွေးကို ဖုံးမထားပါနှင့်။ ငါ့အော်ဟစ်သံရပ်စဲရာအရပ်ဟူ၍ မရှိစေပါနှင့်။
16:19 ကြည့်ရှုလော့။ ယခုပင် ငါ့အတွက် သက်သေထွက်ဆိုပေးမည့်သူသည် ကောင်းကင်၌ရှိတော်မူ၏။ ငါ့အတွက် လျှောက်လဲပေးမည့်သူသည် အမြင့်ဆုံးအရပ်တွင်ရှိတော်မူ၏။
16:20 ငါ့မိတ်ဆွေတို့သည် ငါ့ကို ပြက်ရယ်ပြုကြ၏။ ငါသည် ဘုရားသခင်ရှေ့တော်တွင် မျက်ရည်ကျရပါ၏။
16:21 လူအချင်းချင်းကြားတွင် စီရင်ဆုံးဖြတ်ပေးသူရှိသကဲ့သို့ လူနှင့်ဘုရားသခင်ကြားတွင် စီရင်ဆုံးဖြတ်ပေးမည့်သူ ရှိပါစေသော။
16:22 နှစ်များလည်း ကုန်ဆုံးလုပြီ။ ပြန်လမ်းမရှိသောခရီးကို ငါသွားရတော့မည်။