Job 17
17:1 ငါ့အသက်ဝိညာဉ် ချုပ်ငြိမ်းပြီ။ ငါနေရမည့်နေ့ရက်တို့ ကုန်ဆုံးပြီ။ သင်္ချိုင်းလည်း ငါ့ကို စောင့်ကြိုနေပြီ။
17:2 အကယ်စင်စစ် လှောင်ပြောင်သူတို့သည် ငါ့ကို ဝိုင်းရံလျက်ရှိ၏။ သူတို့လှောင်ပြောင်ထေ့ငေါ့သည်ကို ငါကြည့်နေရပါ၏။
17:3 ကိုယ်တော်တိုင် အကျွန်ုပ်အတွက် အာမခံပေးတော်မူပါ။ မည်သူသည် အကျွန်ုပ်အတွက် အာမခံပေးမည်နည်း။
17:4 ကိုယ်တော်သည် သူတို့စိတ်ကို အသိဉာဏ်နှင့်ကင်းစေတော်မူပြီ။ သူတို့ကို ချီးမြှောက်တော်မူမည်မဟုတ်။
17:5 ဝေစုရရှိရန် ကိုယ့်မိတ်ဆွေကို သစ္စာဖောက်သောသူ၏သားသမီးတို့သည်လည်း မျက်စိကွယ်ရလိမ့်မည်။
17:6 ကိုယ်တော်သည် ငါ့ကို လူတို့ပုံခိုင်းစရာဖြစ်စေပြီ။ ငါ့မျက်နှာကို တံတွေးထွေးစရာဖြစ်စေပြီ။
17:7 ပူဆွေးသောကများကြောင့် ငါ့မျက်စိများလည်း မှုန်လေပြီ။ ငါ့ကိုယ်အင်္ဂါရှိသမျှလည်း အရိပ်သဖွယ် ဖြစ်ကုန်ပါပြီ။
17:8 ဤအဖြစ်ကြောင့် ဖြောင့်မှန်သောသူတို့သည် အံ့ဩထိတ်လန့်ကြပြီ။ အပြစ်မဲ့သောသူတို့သည်လည်း ဘုရားတရားမဲ့သောသူတို့အပေါ် မခံမရပ်နိုင်ဖြစ်ကြပြီ။
17:9 ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
17:10 သင်တို့အားလုံး ထပ်လာ၍ ငြင်းခုံကြ။ သင်တို့တွင် ပညာရှိဟူ၍တစ်ယောက်မျှ ငါတွေ့ရမည်မဟုတ်။
17:11 ငါနေရမည့်နေ့ရက်များ ကုန်လွန်သွားပြီ။ ငါ့ရည်ရွယ်ချက်၊ ငါ့စိတ်အလိုဆန္ဒများလည်း ပျက်လွင့်ကုန်ပြီ။
17:12 သူတို့သည် ညကိုပင် နေ့ဟုဆိုလျက် မှောင်နေသည်ကိုပင် ‘မိုးလင်းတော့မည်’ဟု ဆိုတတ်ကြ၏။
17:13 မရဏာနိုင်ငံသည် ငါမျှော်လင့်ရာအိမ်ဖြစ်၍ ငါ့အိပ်ရာကို မှောင်မိုက်၌ ခင်းထားရလျှင်
17:14 သေတွင်းကို အဖေ၊ လောက်ကောင်ကို အမေ၊ နှမ ဟူ၍ ငါခေါ်ရတော့မည်။
17:15 ငါ၏မျှော်လင့်ခြင်းကား အဘယ်မှာနည်း။ ငါ၏မျှော်လင့်ခြင်းကို အဘယ်သူမြင်ရမည်နည်း။
17:16 ထိုအရာတို့သည် မရဏာတံခါးပေါက်ထဲသို့ ဝင်သွားမည်လော။ ငါနှင့်အတူ မြေမှုန့်ထဲတွင် ဆင်းနေမည်လော”ဟု ဆိုလေ၏။