Job 20
20:1 ထိုအခါ နေမတ်အမျိုးသား ဇောဖာက
20:2 “တုံ့ပြန်ပြောဆိုလိုသောစိတ် ပြင်းပြလွန်းသဖြင့် ငါ့စိတ်မငြိမ်မသက်ဖြစ်နေ၏။
20:3 ငါ့အား ပြစ်တင်ရှုတ်ချသောစကားကို ကြားရ၏။ ထို့ကြောင့် ငါနားလည်သလို ငါပြန်ပြောမည်။
20:4 ရှေးယခင် မြေကြီးပေါ်တွင် လူဟူ၍စဖြစ်လာစဉ်ကတည်းက
20:5 ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
20:6 သူသည် မိုးထိအောင်ဘဝင်မြင့်၍ သူ့ခေါင်းသည် မိုးတိမ်နှင့်ထိလျှင်ပင်
20:7 သူသည် မိမိမစင်ကဲ့သို့ ပျက်စီးပျောက်ကွယ်သွားရလိမ့်မည်။ သူ့ကိုမြင်ဖူးသောသူတို့က ‘သူဘယ်ရောက်သွားသနည်း’ဟု မေးကြလိမ့်မည်။
20:8 သူသည် အိပ်မက်ကဲ့သို့ ပျောက်ပျက်သွား၍ သူ့ကို တွေ့ရတော့မည်မဟုတ်။ ညအချိန်မြင်ရသောစိတ်အာရုံကဲ့သို့ ထွက်ပြေးသွားလိမ့်မည်။
20:9 သူ့ကို မြင်ဖူးခဲ့သူတို့သည် သူ့ကို နောက်ထပ်မြင်ရတော့မည်မဟုတ်။ သူ့နေရာကိုလည်း မြင်ရတော့မည်မဟုတ်။
20:10 သူ့သားသမီးတို့သည် ဆင်းရဲသားတို့၏အလိုကိုလိုက်ရလိမ့်မည်။ သူ၌ရှိသောစည်းစိမ်ဥစ္စာများကိုလည်း သူ့လက်ဖြင့် ပြန်ပေးရလိမ့်မည်။
20:11 သူ့အရိုးတို့သည် နုပျိုသန်စွမ်းသော်လည်း သူနှင့်အတူ မြေမှုန့်ထဲ၌ လဲလျောင်းရလိမ့်မည်။
20:12 မကောင်းမှုသည် သူ့ခံတွင်းအဖို့ ချိုမြိန်သဖြင့် လျှာအောက်တွင် ဝှက်ထားမည်ဆိုလျှင်၊
20:13 ထွေးထုတ်ဖို့နှမြောသဖြင့် ခံတွင်း၌သာ ငုံထားမည်ဆိုလျှင်
20:14 ထိုအစာတို့သည် ဝမ်းထဲတွင် မြွေဟောက်အဆိပ်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။
20:15 သူဝါးမျိုထားသောဥစ္စာပစ္စည်းတို့ကို ပြန်အန်ထုတ်ရလိမ့်မည်။ ဘုရားသခင်သည် ထိုအရာတို့ကို သူ့ဝမ်းထဲမှ ထုတ်ပစ်တော်မူမည်။
20:16 သူသည် မြွေဟောက်အဆိပ်ကို စုပ်ယူလိမ့်မည်။ မြွေပွေး၏လျှာသည် သူ့ကို သတ်လိမ့်မည်။
20:17 နို့နှင့်ပျားရည်စီးသော စမ်းချောင်းများ၊ မြစ်များကို သူတွေ့မြင်ရလိမ့်မည်မဟုတ်။
20:18 ပင်ပန်းစွာရှာဖွေထားသောအရာများကိုလည်း မစားရဘဲ စွန့်လွှတ်ရလိမ့်မည်။ ကုန်သွယ်၍ရသောအမြတ်ကိုလည်း ခံစားခွင့်ရမည်မဟုတ်။
20:19 အကြောင်းမူကား သူသည် ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်ထားပြီး ကိုယ်တိုင်မဆောက်သောအိမ်ကိုလည်း လုယူလေပြီ။
20:20 ထို့ကြောင့် သူ့စိတ်သည် ငြိမ်းချမ်းမှုကိုမသိနိုင်။ သူ၏တပ်မက်စိတ်သည် သူ့ကိုလွတ်မြောက်ခွင့်မပေး။
20:21 သူဝါးမျိုစရာ တစ်စုံတစ်ရာကျန်မည်မဟုတ်။ သူ့စည်းစိမ်များလည်း တည်မြဲမည်မဟုတ်။
20:22 သူသည် ကြွယ်ဝချမ်းသာလျက်နေစဉ်မှာပင် ဒုက္ခရောက်ရလိမ့်မည်။ ဆင်းရဲဒုက္ခသည်လည်း သူ့ထံသို့ အစုလိုက်အပြုံလိုက်ရောက်လာလိမ့်မည်။
20:23 သူဝမ်းပြည့်အောင်စားနေစဉ်မှာပင် ကိုယ်တော်သည် အမျက်တော်မီးကိုလွှတ်၍ သူ့အပေါ် ရွာကျစေတော်မူလိမ့်မည်။
20:24 သူသည် သံလက်နက်ဘေးမှ ထွက်ပြေးတိမ်းရှောင်နိုင်သော်လည်း ကြေးဝါမြားသည် သူ့ကို ထိုးဖောက်လိမ့်မည်။
20:25 ကျောတွင်စိုက်ဝင်နေသောမြားကိုဆွဲနုတ်သောအခါ သည်းခြေ၌စူးနေသော မြားဦးသည်လည်း ထွက်လာ၍ သူသည် ကြောက်ရွံ့ထိတ်လန့်လျက်နေရလိမ့်မည်။
20:26 အမှောင်ထုကြီးသည် သူ၏စည်းစိမ်ဘဏ္ဍာကို ချောင်းမြောင်းနေ၏။ မမွှေးရသောမီးသည် သူ့ကိုဝါးမျို၍ သူ့တဲ၌ကြွင်းကျန်သောသူတို့ကိုလည်း လောင်ကျွမ်းလိမ့်မည်။
20:27 မိုးကောင်းကင်သည် သူ့အပြစ်များကို ဖော်ထုတ်ပြီး မြေကြီးသည် သူ့ကိုဆန့်ကျင်ထကြွလိမ့်မည်။
20:28 သူ့အိမ်၌ရှိသောဥစ္စာတို့သည် သိမ်းသွားခြင်း ခံရလိမ့်မည်။ အမျက်တော်နေ့ရက်တွင် သုတ်သင်ပယ်ရှင်းခြင်း ခံရလိမ့်မည်။
20:29 ဤသည်ကား ဆိုးယုတ်သောသူအဖို့ ဘုရားသခင်ထံမှ ဝေစုဖြစ်၏။ သူ့အဖို့ ဘုရားသခင်သတ်မှတ်ထားသောအမွေလည်း ဖြစ်၏”ဟု ဆိုလေ၏။