Job 21
21:1 ထိုအခါ ယောဘက
21:2 “ငါ့စကားကို သေချာနားထောင်ကြလော့။ သို့ပြုလျှင် ငါ့အား နှစ်သိမ့်ရာရောက်လိမ့်မည်။
21:3 ငါပြောသည်ကို သည်းခံကြလော့။ ငါပြောပြီးမှ ငါ့ကို ပြက်ရယ်ပြုလိုက ပြုကြလော့။
21:4 ငါသည် လူတို့ကို ညည်းတွားပြနေသလော။ အဘယ်ကြောင့် ငါစိတ်မတိုသင့်သနည်း။
21:5 ငါ့ကိုကြည့်၍ အံ့အားသင့်လျက် လက်နှင့်ပါးစပ်ကို ပိတ်ထားကြလော့။
21:6 ငါပြန်တွေးမိတိုင်း ထိတ်လန့်ပြီး အသားများလည်း တဆတ်ဆတ်တုန်ပါ၏။
21:7 အဘယ်ကြောင့် ဆိုးယုတ်သောသူတို့သည် အိုမင်းသည်အထိ အသက်ရှင်၍ သြဇာအာဏာကြီးနေရသနည်း။
21:8 သူတို့သည် သားသမီးများဝိုင်းရံလျက် နေကြရ၏။ သူတို့၏သားမြေးတို့သည်လည်း သူတို့၏မျက်စိအောက်တွင်ပင် နေကြရ၏။
21:9 သူတို့၏အိမ်သည် ကြောက်စရာမရှိ။ ဘေးကင်းလုံခြုံလျက်ရှိ၏။ ဘုရားသခင်သည် သူတို့ကို ဒဏ်ခတ်တော်မမူ။
21:10 သူတို့ပိုင်သောနွားထီးများသည် မျိုးကောင်း၍ မျိုးမအောင်ခြင်းမရှိ။ နွားမများသည်လည်း သားပေါက်၍ သားလျှောခြင်းမရှိ။
21:11 သူတို့၏သားသမီးများကို သိုးအုပ်ကဲ့သို့ လွှတ်လိုက်၍ သူတို့၏ကလေးသူငယ်များသည်လည်း ကခုန်ကြ၏။
21:12 သူတို့သည် ပတ်သာ၊ စောင်းတို့ကိုတီးလျက် သီချင်းဆိုကြ၏။ ပလွေသံများဖြင့် ဝမ်းမြောက်ပျော်ရွှင်လျက် နေကြ၏။
21:13 သူတို့သည် အသက်ရှင်စဉ် စည်းစိမ်ချမ်းသာများကို သုံးဖြုန်းကြ၏။ တစ်ခဏချင်းတွင် မရဏာနိုင်ငံသို့ ရောက်သွားတတ်ကြ၏။
21:14 သူတို့က ဘုရားသခင်အား ‘ငါတို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားနည်းလမ်းတို့ကို ငါတို့မသိလိုပါ။
21:15 အနန္တတန်ခိုးရှင်သည် မည်သူဖြစ်၍ ငါတို့ဝတ်ပြုရမည်နည်း။ သူ့ထံဆုတောင်းလျှင် မည်သည့်အကျိုးကိုရမည်နည်း’ဟု ဆိုတတ်ကြ၏။
21:16 အကယ်စင်စစ် သူတို့၏စည်းစိမ်သည် သူတို့လက်၌ပင်မရှိ။ ဆိုးယုတ်သောသူတို့၏အကြံအစည်မျိုး ငါ၌မရှိ။
21:17 လူဆိုးတို့၏မီးခွက်သည် ဘယ်နှကြိမ် ငြိမ်းဖူးသနည်း။ သူတို့သည် ဘယ်နှကြိမ် ဒုက္ခရောက်ဖူးသနည်း။ ဘုရားသခင်၏အမျက်တော်ဒဏ်ကို ဘယ်နှကြိမ် ခံရဖူးသနည်း။
21:18 သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
21:19 သင်တို့က ‘သူပြုခဲ့သောအပြစ်အတွက် သူ့သားသမီးအဖို့ ဘုရားသခင်သည် သိုထားတော်မူ၏’ဟု ဆိုကြသော်လည်း သူတို့သိသွားအောင် ကိုယ်တော်သည် သူတို့ကိုသာ ပြန်ပေးဆပ်စေပါစေ။
21:20 သူပျက်စီးသွားသည်ကို သူ့မျက်စိမြင်ရပါစေ။ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သူသောက်ရပါစေ။
21:21 သူ၏လအပိုင်းအခြားများကုန်ဆုံးသွားသောအခါ သူ့နောက်တွင်ကျန်ခဲ့မည့်သားမြေးတို့ကို သူမည်သို့ကြည့်ရှုနိုင်တော့မည်နည်း။
21:22 အာဏာရမင်းတို့ကိုပင် စီရင်ပိုင်သောဘုရားသခင်ကို အသိပညာသင်ကြားပေးနိုင်သူရှိမည်လော။
21:23 လူတစ်ယောက်သည် အရိုးများအားပြည့်လျက်၊ တစ်ကိုယ်လုံးကျန်းမာသန်စွမ်းလျက်၊ လုံခြုံအေးချမ်းလျက်၊
21:24 ကိုယ်ခန္ဓာဆူဖြိုးလျက်၊ ရိုးတွင်းခြင်ဆီ အားကောင်းလျက်နှင့်ပင် သေတတ်၏။
21:25 အခြားတစ်ယောက်မူကား ကောင်းစားခြင်းကို တစ်ခါမျှမခံစားရဘဲ စိတ်ထဲ၌ ခါးသီးစွာခံစားရပြီးမှ သေတတ်၏။
21:26 ထိုသူနှစ်ဦးလုံးသည် မြေမှုန့်ထဲ၌ အတူတူလဲလျောင်းလျက် သူတို့ကို လောက်ကောင်များ ဖုံးလွှမ်းကြ၏။
21:27 ငါ့ကို ဒုက္ခပေးမည့် သင်တို့၏အတွေးများနှင့် သင်တို့၏ကောက်ကျစ်သောအကြံအစည်များကိုလည်း ငါသိ၏။
21:28 အကြောင်းမူကား သင်တို့က ‘မင်းအရာရှိအိမ်ကား အဘယ်မှာနည်း။ လူဆိုးတို့နေသောတဲကား အဘယ်မှာနည်း’ဟု မေးတတ်ကြ၏။
21:29 ခရီးသည်တို့ကို မမေးဖူးသလော။ သူတို့၏အမှတ်အသားများကို မမှတ်ကြသလော။
21:30 အကယ်စင်စစ် ဘေးဒုက္ခရောက်သောနေ့တွင် မကောင်းမှုပြုသောသူသည် လွတ်မြောက်ရတတ်၏။ အမျက်တော်နေ့တွင် ကယ်တင်ခံရတတ်၏။
21:31 မည်သူသည် သူ့အပြုအမူကို သူ့ရှေ့တွင် ဖော်ပြသနည်း။ မည်သူသည် သူပြုခဲ့သောအမှုအတွက် ပြန်ပေးဆပ်စေသနည်း။
21:32 သူ့ကို သင်္ချိုင်းတွင်းသို့ အရောက်ပို့ပြီး သူ့အုတ်ဂူကို စောင့်ကြပ်ထားလိမ့်မည်။
21:33 ချိုင့်ဝှမ်းရှိမြေခဲရွှံ့ခဲတို့သည် သူ့အဖို့ ချိုမြိန်လိမ့်မည်။ လူအပေါင်းတို့သည် သူ့နောက်သို့ လိုက်ကြလိမ့်မည်။ သူ့ရှေ့၌သွားနှင့်သောသူတို့သည်လည်း မရေမတွက်နိုင်အောင် များပြား၏။
21:34 သို့ဖြစ်၍ သင်တို့သည် အဓိပ္ပာယ်မရှိသောစကားများဖြင့် ငါ့ကို မည်သို့နှစ်သိမ့်ပေးနိုင်မည်နည်း။ သင်တို့ပြောသောစကားတို့သည် မုသားအဖြစ်သာ ကျန်ခဲ့သည်”ဟု ဆိုလေ၏။