Job 23
23:1 ထိုအခါ ယောဘက
23:2 “ယနေ့တွင် ဝေဒနာကို ခါးသီးစွာခံစားနေရပါ၏။ ညည်းတွားရလွန်း၍ ငါလက်ပန်းကျကုန်ပြီ။
23:3 ကိုယ်တော်အား မည်သည့်အရပ်၌တွေ့နိုင်မည်ကို ငါသိလိုပါ၏။ စံမြန်းတော်မူရာသို့ ငါရောက်လိုပါ၏။
23:4 သို့မှသာ ငါ့အမှုကို ကိုယ်တော့်ရှေ့တွင် တင်ပြနိုင်မည်။ ငါ့နှုတ်ဖြင့် အလုံးစုံချေပပြောဆိုနိုင်မည်။
23:5 ကိုယ်တော်ပြန်၍မိန့်တော်မူမည့်စကားတို့ကိုလည်း ငါသိရမည်။ ကိုယ်တော်မိန့်ဆိုသောစကားတို့ကိုလည်း ငါနားလည်နိုင်မည်။
23:6 ကိုယ်တော်သည် မဟာတန်ခိုးတော်ဖြင့် ငါ့ကို ငြင်းဆန်မည်လော။ ထိုသို့မဟုတ်ပါ။ အကယ်စင်စစ် ကိုယ်တော်သည် ငါ့စကားကို နားထောင်ပေးတော်မူလိမ့်မည်။
23:7 ထိုအရပ်တွင် ဖြောင့်မှန်သောသူတို့ လျှောက်လဲခွင့်ရှိ၏။ ငါ့ကိုစီရင်သောအရှင်သည် ငါ့ကိုထာဝရလွတ်မြောက်ခွင့်ပေးလိမ့်မည်။
23:8 ယခုမူကား အရှေ့ဘက်သို့သွားလျှင်လည်း ကိုယ်တော်မရှိ။ အနောက်ဘက်သို့သွားလျှင်လည်း ကိုယ်တော့်ကိုမတွေ့။
23:9 မြောက်ဘက်တွင် အလုပ်လုပ်တော်မူသည်ဟုဆိုသော်လည်း ငါမတွေ့ရ။ တောင်ဘက်သို့လှည့်တော်မူပြီဟုဆိုပြန်သော်လည်း ငါမမြင်ရပါတကား။
23:10 သို့သော် ကိုယ်တော်သည် ငါသွားရာလမ်းကို သိတော်မူ၏။ ကိုယ်တော်သည် ငါ့ကို စစ်ဆေးတော်မူပြီးမှ ငါသည် ရွှေကဲ့သို့ ပေါ်လာလိမ့်မည်။
23:11 ငါသည် ခြေတော်ရာအတိုင်း ထက်ကြပ်မကွာလိုက်ပါ၏။ လမ်းတော်ကိုမလွှဲမရှောင်ဘဲ လိုက်လျှောက်ပါ၏။
23:12 နှုတ်တော်ထွက်ပညတ်တော်တို့ကို ငါမပယ်၊ နှုတ်တော်ထွက်စကားတော်တို့ကို အစားအစာထက် ပို၍နှစ်သက်ပါ၏။
23:13 သို့သော် ကိုယ်တော်သည် ပြောင်းလဲခြင်းမရှိ။ ကိုယ်တော်ကို မည်သူမျှ ပြောင်းလဲအောင်မပြုနိုင်။ စိတ်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါ၏။
23:14 ငါ့အဖို့ ကြံရွယ်ထားသောအရာကို ပြုတော်မူလိမ့်မည်။ ထိုသို့ ပြုတော်မူမည့်အရာ များစွာရှိသေး၏။
23:15 ထို့ကြောင့် ငါသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်နေရပါ၏။ တွေးမိတိုင်း ကိုယ်တော်ကို ကြောက်ရွံ့နေရပါ၏။
23:16 ဘုရားသခင်သည် ငါ့ကို စိတ်အားလျော့စေတော်မူပြီ။ အနန္တတန်ခိုးရှင်သည် ငါ့ကို ထိတ်လန့်စေတော်မူပြီ။
23:17 ငါ့မျက်နှာကို အမှောင်ထုကြီး ဖုံးလွှမ်းနေ၍ ငါ့ရှေ့တွင် အမှောင်ထုကာနေသော်လည်း ငါနှုတ်ဆိတ်နေမည်မဟုတ်ပါ။