Job 22
22:1 ထိုအခါ တေမန်အမျိုးသား ဧလိဖတ်က
22:2 “ပညာရှိသည် မိမိကောင်းကျိုးအတွက် ပြုနိုင်သကဲ့သို့ လူသည် ဘုရားသခင်၏ကောင်းကျိုးအတွက် ပြုနိုင်မည်လော။
22:3 သင်၏ဖြောင့်မတ်ခြင်းသည် အနန္တတန်ခိုးရှင်ကို နှစ်သက်စေမည်လော။ သင်၏အပြစ်ကင်းသောအပြုအမူများသည်လည်း ကိုယ်တော့်ကို အကျိုးစီးပွားဖြစ်စေမည်လော။
22:4 သင်၏ကြောက်ရွံ့ရိုသေမှုကြောင့် သင့်ကို ဆုံးမတော်မူသလော။ သင်နှင့် တရားပြိုင်တော်မူသလော။
22:5 သင်ပြုသောမကောင်းမှုများမှာ များပြားလွန်းသည်မဟုတ်လော။ သင်ပြုသောအပြစ်များမှာလည်း အဆုံးမရှိ။
22:6 သင်သည် ကိုယ့်ညီအစ်ကိုတို့၏အပေါင်ပစ္စည်းကိုပင် အကြောင်းမဲ့သိမ်းယူ၍ သူတို့၏အဝတ်ကို ချွတ်ယူကာ အဝတ်မပါအချည်းစည်း ရှိစေ၏။
22:7 မောပန်းသူကို ရေမတိုက်၊ ဆာလောင်မွတ်သိပ်သူကို အစာမကျွေးဘဲ နေ၏။
22:8 အာဏာရှိသောသူတို့သည် မြေများကို ပိုင်ဆိုင်၍ ဂုဏ်သရေရှိသောသူတို့သည် ထိုမြေပေါ်တွင် နေထိုင်ကြ၏။
22:9 မုဆိုးမတို့ကို လက်ဗလာနှင့်ပြန်လွှတ်ပြီး မိဘမဲ့တို့၏လက်ရုံးများကို ချိုးဖျက်ပစ်၏။
22:10 ထို့ကြောင့် ကျော့ကွင်းများသည် သင့်ကိုဝိုင်းရံထားပြီး ရုတ်တရက်ကျရောက်သောကြောက်မက်ဖွယ်ဘေးသည်လည်း သင့်ကို ထိတ်လန့်စေပြီ။
22:11 အမှောင်ကျသဖြင့် သင်ဘာမျှမမြင်နိုင်။ ရေထုကြီးသည် သင့်ကိုလွှမ်းမိုးလေပြီ။
22:12 ဘုရားသခင်သည် အမြင့်ဆုံးမိုးကောင်းကင်တွင် စံမြန်းတော်မူသည်မဟုတ်လော။ အမြင့်ဆုံးသောကြယ်များသည်လည်း မည်မျှပင်မြင့်လှသည်ကို ကြည့်ပါလော့။
22:13 သို့ပါလျက် သင်က ‘ဘုရားသခင်သည် မည်သို့သိမြင်တော်မူသနည်း။ အမှောင်ထုကို ထိုးထွင်းပြီး တရားစီရင်တော်မူနိုင်မည်လော။
22:14 တိမ်ထုကြီးသည် ကိုယ်တော့်ကို ကာထားသဖြင့် ကိုယ်တော်သည် ဘာမျှမမြင်နိုင်။ မိုးကောင်းကင်အဝန်းအဝိုင်းတွင်သာ သွားလာလျက်နေတော်မူသည်’ဟု ဆို၏။
22:15 ဒုစရိုက်သမားတို့လျှောက်သောလမ်းဟောင်းအတိုင်း သင်လိုက်မည်လော။
22:16 ထိုသူတို့သည် အချိန်မတိုင်မီ ဖျက်ဆီးခြင်း ခံရနိုင်၏။ သူတို့ရပ်တည်ရာမဏ္ဍိုင်သည်လည်း ရေစုန်မျောသွားနိုင်၏။
22:17 သူတို့က ဘုရားသခင်အား ‘ငါတို့ထံမှ ထွက်သွားလော့။ အနန္တတန်ခိုးရှင်သည် ငါတို့အား မည်သို့ပြုနိုင်မည်နည်း’ဟု ဆိုတတ်ကြ၏။
22:18 သို့သော် ကိုယ်တော်သည် သူတို့အိမ်ကို ကောင်းသောအရာများနှင့် ပြည့်စေ၏။ လူဆိုးတို့၏အကြံဉာဏ်မူကား ငါနှင့်ဝေး၏။
22:19 ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းသာအားရဖြစ်ကြ၏။ အပြစ်ကင်းသောသူသည်လည်း သူတို့အား ပြက်ရယ်ပြု၏။
22:20 သူတို့က ‘အကယ်စင်စစ် ငါတို့၏ရန်သူ ပျက်စီးလေပြီ။ သူတို့၏စည်းစိမ်ဥစ္စာကိုလည်း မီးလောင်ကျွမ်းလေပြီ’ဟု ဆိုကြ၏။
22:21 ဘုရားသခင်နှင့် အကျွမ်းဝင်၍ သင့်မြတ်အောင်နေလော့။ သို့ပြုလျှင် ကောင်းကျိုးချမ်းသာကို သင်စံစားရမည်။
22:22 နှုတ်တော်ထွက်တရားတော်တို့ကို နာခံ၍ စကားတော်တို့ကို နှလုံးသွင်းလော့။
22:23 အနန္တတန်ခိုးရှင်ထံပြန်လာလျှင် သင့်ကို ပြန်တည်ဆောက်တော်မူမည်။ မတရားမှုများကို သင့်တဲများနှင့် ဝေးကွာစေ၍
22:24 ရွှေကို မြေမှုန့်ထဲ၌၊ ဩဖိရရွှေကို မြစ်ထဲမှကျောက်ကြား၌ ပစ်ထားမည်ဆိုလျှင်
22:25 အနန္တတန်ခိုးရှင်သည် သင့်အဖို့ ရွှေ၊ သင့်အဖို့ငွေစင် ဖြစ်လိမ့်မည်။
22:26 အကယ်စင်စစ် သင်သည် အနန္တတန်ခိုးရှင်၌ မွေ့လျော်၍ ဘုရားသခင်ကို ဖူးမြော်ရလိမ့်မည်။
22:27 သင်ဆုတောင်းသောအခါ ကိုယ်တော်သည် နားညောင်းတော်မူမည်။ သင်ပြုထားသောကတိသစ္စာများကိုလည်း သင်ပြည့်စုံစေနိုင်လိမ့်မည်။
22:28 သင်ကြံစည်ထားသောအရာသည် အထမြောက်လိမ့်မည်။ သင်၏လမ်းများသည်လည်း ထွန်းလင်းလိမ့်မည်။
22:29 နှိမ့်ချခံနေရသူတို့အဖို့ သင်က ‘သူတို့ကို ချီးမြှောက်တော်မူပါ’ဟု ဆုတောင်းပေးလျှင် ကိုယ်တော်သည် နိမ့်ကျသောသူတို့ကို ကယ်တင်တော်မူမည်။
22:30 အပြစ်မကင်းသောသူကိုပင်လျှင် လွတ်မြောက်ခွင့်ပေးတော်မူလိမ့်မည်။ စင်ကြယ်သောသင့်လက်ကြောင့် သူ့ကို လွတ်မြောက်စေတော်မူမည်”ဟု ဆိုလေ၏။