Job 26
26:1 ထိုအခါ ယောဘက
26:2 “ခွန်အားမဲ့သောသူကို သင်မည်သို့ကူညီလိုက်သနည်း။ လက်ရုံးအားမရှိသောသူကို သင်မည်သို့ထောက်မလိုက်သနည်း။
26:3 ဉာဏ်ပညာမရှိသောသူကို သင်မည်သို့အကြံပေးလိုက်သနည်း။ ကိုယ့်အတတ်ပညာကို ကိုယ်အစွမ်းကုန်ပြသလိုက်ပါပြီတကား။
26:4 သင်မည်သူ့ကို စကားပြောနေသနည်း။ သင်ပြောသောစကား မည်သူ့ထံမှလာသနည်း။
26:5 ရေအောက်မှာ ကျင်လည်ကျက်စားနေသော လူသေတို့၏ဝိညာဉ်သည် တုန်လှုပ်နေကြရ၏။
26:6 ရှေ့တော်တွင် မရဏာနိုင်ငံသည် ဟင်းလင်းဖြစ်ပါ၏။ ပျက်စီးခြင်းနိုင်ငံသည် အဖုံးအကွယ်မရှိပါ။
26:7 မြောက်မျက်နှာလဟာပြင်ကို ပြန့်ကားစေပြီး ကမ္ဘာမြေကို လဟာပြင်တွင် ချိတ်ဆွဲထားတော်မူ၏။
26:8 ရေကို တိမ်ထုနှင့် ရစ်ပတ်ထားတော်မူသဖြင့် ရေသည် တိမ်ထုကို မထိုးဖောက်နိုင်။
26:9 ပလ္လင်တော်ကို မိုးတိမ်ဖြင့် ဖြန့်မိုးကာထားတော်မူ၏။
26:10 အလင်းနှင့်အမှောင်ဆုံရာရေမျက်နှာပြင်တွင် စက်ဝိုင်းနှင့်မှတ်တော်မူ၏။
26:11 ကိုယ်တော်ဆုံးမတော်မူလျှင် ကောင်းကင်တိုင်တို့ အံ့အားသင့်လျက် တုန်လှုပ်ကြလေ၏။
26:12 တန်ခိုးတော်ဖြင့် ပင်လယ်ရေကို ငြိမ်သက်စေတော်မူ၏။ ဉာဏ်တော်အားဖြင့် ရာဟပ်ကို ချေမှုန်းတော်မူ၏။
26:13 ထွက်သက်လေတစ်ချက်ကြောင့် ကောင်းကင်သည် ကြည်လင်သွား၏။ ပြေးနေသောမြွေကို လက်တော်ဖြင့် ထိုးဖောက်တော်မူ၏။
26:14 ဤအရာတို့သည် ဘုရားပြုတော်မူသောအမှုတို့တွင် အရိပ်အမြွက်မျှသာ ဖြစ်၏။ အသံတော်ကို သဲ့သဲ့လေးသာ ကြားနေရခြင်းဖြစ်၏။ တန်ခိုးတော်ထစ်ချုန်းသံကို မည်သူနားလည်နိုင်မည်နည်း”ဟု ဆိုလေ၏။