Job 34
34:1 တစ်ဖန် ဧလိဟုက
34:2 “အို ပညာရှိတို့၊ အကျွန်ုပ်စကားကို နားထောင်ကြပါလော့။ အို အသိတရားရှိသူတို့၊ အကျွန်ုပ်ကို စူးစိုက်နားထောင်ကြပါလော့။
34:3 အကြောင်းမူကား နားသည် စကားတို့ကို ဆန်းစစ်တတ်သကဲ့သို့ လျှာသည် အစားအစာကို အရသာခံတတ်၏။
34:4 ကိုယ့်အဖို့ မှန်ကန်သောအရာကို ရွေးချယ်ကြစို့။ အကျွန်ုပ်တို့ထဲတွင် မည်သည့်အရာကောင်းသည်ကို သိမှတ်ကြစို့။
34:5 အကြောင်းမှာ ယောဘက ‘ငါဖြောင့်မတ်သော်လည်း ဘုရားသခင်သည် ငါ့အဖို့ တရားမျှတစွာမစီရင်။
34:6 ငါမှန်ကန်သော်လည်း ငါလိမ်လည်သည်ဟု အထင်ခံရ၏။ ငါအပြစ်မကျူးလွန်သော်လည်း ကုသ၍မပျောက်သောအနာကို ငါခံစားရ၏’ဟု ဆိုပြီ။
34:7 ယောဘနှင့်တူသောသူ ရှိသလော။ သူသည် ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ရေကဲ့သို့သောက်တတ်၏။
34:8 သူသည် ဒုစရိုက်သမားတို့နှင့်အဖော်ပြု၍ ခရီးသွား၏။ လူဆိုးတို့နှင့် သွားလာ၏။
34:9 အကြောင်းမူကား သူက ‘ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ခြင်းသည် ဘာမျှအကျိုးမရှိ’ဟု ဆို၏။
34:10 သို့ဖြစ်၍ အသိတရားရှိသောသူတို့၊ နားထောင်ကြပါလော့။ ဆိုးယုတ်သောအမှုသည် ဘုရားသခင်နှင့် ဝေးပါစေ။ မကောင်းမှုသည် အနန္တတန်ခိုးရှင်နှင့် ဝေးပါစေ။
34:11 အကြောင်းမူကား ကိုယ်တော်သည် လူကို သူ၏လုပ်ဆောင်မှုအတိုင်း ပြန်ပေးဆပ်စေမည်။ လူကို သူ၏အကျင့်အတိုင်း ပြန်ခံရစေမည်။
34:12 အကယ်စင်စစ် ဘုရားသခင်သည် ဆိုးယုတ်မှုကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် တရားမျှတမှုကို ဖောက်ဖျက်တော်မမူ။
34:13 မည်သူသည် ကမ္ဘာမြေကြီးကို ကိုယ်တော့်လက်သို့ အပ်သနည်း။ မည်သူသည် ကမ္ဘာလောကတစ်ခုလုံးကို ကိုယ်တော့်အား တာဝန်ယူစေသနည်း။
34:14 ကိုယ်တော်သည် ဝိညာဉ်နှင့် ဇီဝအသက်ကို မိမိထံ ပြန်ရုပ်သိမ်းမည်ဟု စိတ်ပိုင်းဖြတ်တော်မူလျှင်
34:15 လူသားအားလုံး တစ်ပြိုင်တည်းသေသွားရလိမ့်မည်။ လူသည် မြေမှုန့်ဘဝသို့ ပြန်သွားရလိမ့်မည်။
34:16 သင်တို့၌ အသိဉာဏ်ရှိလျှင် နားထောင်ကြပါလော့။ အကျွန်ုပ်ပြောသောစကားကို စူးစိုက်နားထောင်ကြပါလော့။
34:17 တရားမျှတမှုကိုမုန်းသောသူက အုပ်ချုပ်ရမည်လော။ ဖြောင့်မတ်သောအရှင်၊ တန်ခိုးကြီးသောအရှင်ကို သင်ပြစ်တင်ရှုတ်ချမည်လော။
34:18 ရှင်ဘုရင်အား ‘ဆိုးညစ်သောသူ’၊ လူဆိုးအား ‘မြင့်မြတ်သောသူ’ဟု ခေါ်ဆိုသင့်သလော။
34:19 ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
34:20 သူတို့သည် တစ်ခဏချင်းတွင် သေသွားနိုင်၏။ ညသန်းခေါင်ချိန်တွင်ပင် လူတို့သည် တုန်လှုပ်ချောက်ချား၍ သေဆုံးသွားတတ်ကြ၏။ အားကြီးသူတို့ပင် လူ့လက်ဖြင့်မဟုတ် မိမိအလိုလိုပျောက်ကွယ်သွားရတတ်၏။
34:21 အကြောင်းမူကား ကိုယ်တော်သည် လူသွားသောလမ်းတို့ကို စောင့်ကြည့်၍ သူ့ခြေလှမ်းတိုင်းကို မြင်တော်မူ၏။
34:22 မကောင်းမှုပြုသူတို့အတွက် ပုန်းရှောင်စရာအမှောင်ထု၊ အမှောင်ကမ္ဘာဟူ၍မရှိ။
34:23 အကယ်စင်စစ် လူသည် ဘုရားသခင်ရှေ့တော်သို့လာ၍ စီရင်ခြင်းကိုခံမည်။ ထို့အတွက် ကိုယ်တော်သည် ပြန်၍သုံးသပ်မည်မဟုတ်။
34:24 တန်ခိုးအာဏာကြီးသူတို့ကိုပင် စစ်ဆေးစရာမလိုဘဲ ဖယ်ရှားပြီး သူတို့နေရာတွင် အခြားသူတို့အား ခန့်ထားတော်မူ၏။
34:25 သူတို့ပြုသောအမှုကို သိတော်မူသည်ဖြစ်၍ ညအချိန်တွင် သူတို့ကို ဖျက်ဆီးလိုက်သောအခါ သူတို့ပျက်စီးသွားရလေ၏။
34:26 သူတို့ဆိုးယုတ်သောကြောင့် လူမြင်ကွင်းတွင်ပင် သူတို့ကို ဆုံးမတော်မူ၏။
34:27 အကြောင်းမှာ သူတို့သည် ကိုယ်တော့်နောက်လိုက်ရာမှ ပြန်လှည့်သွားကြ၏။ နည်းလမ်းတော်များကို အလေးမထားကြ။
34:28 ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
34:29 ကိုယ်တော်နှုတ်ဆိတ်နေလျှင် မည်သူအပြစ်တင်ဝံ့မည်နည်း။ ကိုယ်တော်မျက်နှာလွှဲတော်မူလျှင် လူမျိုးတစ်မျိုးဖြစ်စေ၊ လူတစ်ဦးချင်းဖြစ်စေ မည်သူမြင်နိုင်မည်နည်း။
34:30 သို့ဖြစ်၍ ဘုရားတရားမဲ့သောသူသည် အုပ်စိုးခွင့်ရှိတော့မည်မဟုတ်၊ လူတို့ကိုလည်း ထောင်ချောက်ဆင်နိုင်ခွင့်ရှိတော့မည်မဟုတ်။
34:31 လူက ဘုရားသခင်အား ‘အကျွန်ုပ်အပြစ်ပေးခံရပါ၏။ အကျွန်ုပ်မဆိုးညစ်တော့ပါ။
34:32 အကျွန်ုပ်မမြင်သောအရာကို သွန်သင်ပြသပါ။ အမှားလုပ်မိလျှင်လည်း နောက်မလုပ်တော့ပါ’ဟု ဆိုပါလိမ့်မည်လော။
34:33 သင်လက်မခံဘဲနှင့် ကိုယ်တော်က သင့်ကိုဆုချပေးမည်ဟု သင်ထင်သလော။ ရွေးချယ်ရမည့်သူမှာ အကျွန်ုပ်မဟုတ်ပါ၊ သင်ဖြစ်၏။ ထို့ကြောင့် သင်သိသောအရာကို ပြောပါလော့။
34:34 အသိတရားရှိသောသူတို့သည် အကျွန်ုပ်ကို ပြောပါစေ။ ပညာရှိသောသူသည် အကျွန်ုပ်စကားကို နားထောင်၍
34:35 ‘ယောဘတစ်ယောက် အသိတရားမရှိဘဲ ပြောလေပြီ။ ပညာသတိမရှိသောစကားတို့ကို ပြောလေပြီ’ဟု ဆိုကြလိမ့်မည်။
34:36 ယောဘသည် အပြစ်ဒုစရိုက်သားကဲ့သို့ တုံ့ပြန်ပြောဆိုသည်ဖြစ်၍ အဆုံးထိစစ်ဆေးခြင်းခံရတော့မည်။
34:37 သူသည် အပြစ်အပေါ် ထပ်ဆင့်အပြစ်ကျူးလွန်ပြီ။ ငါတို့ကို လက်ခုပ်တီးပြောင်လှောင်လေပြီ။ ဘုရားသခင်ကို ဆန့်ကျင်သောစကား များစွာပြောဆိုလေပြီ”ဟု ဆိုလေ၏။