Job 35
35:1 ဧလိဟုက ဆက်၍
35:2 “သင်က ‘ဘုရားသခင်ထက် ငါဖြောင့်မတ်သည်’ဟု ဆိုသည်မှာ မှန်ကန်သည်ဟု သင်ထင်သလော။
35:3 ‘ငါအပြစ်မပြုလျှင် ကိုယ်တော့်အဖို့ မည်သို့အကျိုးရှိမည်နည်း။ ငါ့အဖို့လည်း မည်သို့အကျိုးရှိမည်နည်း’ဟု သင်ဆို၏။
35:4 သင်နှင့် သင့်မိတ်ဆွေတို့၏စကားများကို အကျွန်ုပ်ချေပလိုပါ၏။
35:5 မိုးကောင်းကင်ကို မော့ကြည့်၍ သိမြင်ပါလော့။ သင့်ထက်မြင့်သောမိုးတိမ်ကို စူးစမ်းကြည့်ပါလော့။
35:6 သင်အပြစ်ပြုလျှင်လည်း ကိုယ်တော့်ကို မည်သို့ထိခိုက်စေနိုင်မည်နည်း။ သင်အပြစ်များစွာကျူးလွန်လျှင်လည်း ကိုယ်တော့်ကို မည်သို့ဖြစ်စေနိုင်မည်နည်း။
35:7 သင်ဖြောင့်မတ်လျှင်လည်း ကိုယ်တော့်ကို မည်သို့ပြုပေးနိုင်မည်နည်း။ သင့်လက်မှ ကိုယ်တော် မည်သည့်အရာကို ရရှိနိုင်မည်နည်း။
35:8 သင်ဆိုးယုတ်လျှင် သင်ကဲ့သို့သောလူကို ထိခိုက်နိုင်၏။ သင်ဖြောင့်မတ်လျှင် လူသားကို အကျိုးပြုနိုင်၏။
35:9 လူတို့သည် အပြင်းအထန်ညှဉ်းပန်းနှိပ်စက်ခံရသောကြောင့် အော်ဟစ်ငိုယိုတတ်ကြ၏။ အားကြီးသူတို့ နှိပ်စက်သောကြောင့် အကူအညီအော်ဟစ်တောင်းခံတတ်ကြ၏။
35:10 သို့သော် ‘ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၊ ညအချိန်သီချင်းဆိုရသောအခွင့်ကို ပေးတော်မူသောအရှင်၊
35:11 မြေတိရစ္ဆာန်တို့ထက် ငါတို့ကို ပို၍သွန်သင်ပေးသောအရှင်၊ မိုးကောင်းကင်ငှက်တို့ထက် ငါတို့ကိုပညာရှိစေသောအရှင်ကား အဘယ်မှာနည်း’ဟု မေးမြန်းသူတစ်ယောက်မျှမရှိ။
35:12 မာနထောင်လွှား၍ဆိုးညစ်ကြသောကြောင့် သူတို့အော်ဟစ်သော်လည်း ကိုယ်တော်နားညောင်းတော်မူမည်မဟုတ်။
35:13 အကယ်စင်စစ် အချည်းနှီးသောစကားကို ဘုရားသခင် နားထောင်တော်မူမည်မဟုတ်။ အနန္တတန်ခိုးရှင် အာရုံစိုက်တော်မူမည်မဟုတ်။
35:14 ‘ကိုယ်တော့်ကို မမြင်ရ’ဟု သင်မည်သို့ပင်ဆိုစေကာမူ သင့်အမှုသည် ရှေ့တော်သို့ရောက်နှင့်နေပြီဖြစ်၍ ကိုယ်တော်ကိုသာ စောင့်မျှော်လျက်နေပါတော့။
35:15 ကိုယ်တော်က အမျက်ထွက်၍ ဒဏ်ခတ်တော်မူသည်မဟုတ်။ လွန်ခဲ့သောအပြစ်များကိုလည်း မှတ်တော်မူသည်မဟုတ်သောကြောင့်
35:16 ယောဘသည် နှုတ်ကို အချည်းနှီးဖွင့်လေပြီ။ အသိတရားမဲ့သောစကားများစွာကို ပြောမိလေပြီ”ဟု ဆိုလေ၏။