Job 41
41:1 လဝိသန် ကို ငါးမျှားချိတ်ဖြင့် သင်ဆွဲယူနိုင်သလော။ သူ့လျှာကို ကြိုးနှင့်ချည်ထားနိုင်သလော။
41:2 သူ့နှာခေါင်းထဲသို့ ကြိုးလျှိုသွင်းနိုင်သလော။ သူ့မေးရိုးကို သံချိတ်နှင့် ဖောက်နိုင်သလော။
41:3 သူသည် သင့်ကို အကြိမ်ပေါင်းများစွာအသနားခံလိမ့်မည်လော။ သင့်ကို ညင်သာစွာပြောဆိုလိမ့်မည်လော။
41:4 သူ့ကို ကျွန်အဖြစ် တစ်သက်လုံးသိမ်းပိုက်ရန် သူသည် သင်နှင့် ပဋိညာဉ်ပြုမည်လော။
41:5 ငှက်နှင့်ဆော့ကစားသကဲ့သို့ သူနှင့် ဆော့ကစားနိုင်မည်လော။ လုံမပျိုတို့အဖို့ သူ့ကို သင်ဖမ်းချည်ပေးနိုင်မည်လော။
41:6 ဈေးသည်တို့သည် သူ့ကိုအရောင်းအဝယ်လုပ်ကြမည်လော။ ကုန်သည်တို့သည် သူ့ကို ခွဲဝေယူကြမည်လော။
41:7 သူ့အရေခွံကို မှိန်းများနှင့်လည်းကောင်း၊ သူ့ဦးခေါင်းကို ငါးထိုးလှံနှင့်လည်းကောင်း ထိုးဖောက်နိုင်သလော။
41:8 သူ့ကို သင်လက်ရွယ်လိုက်သည်နှင့် တိုက်ခိုက်ခံရတတ်သည်ကို သတိရပါ။ ထို့ကြောင့် သင်လက်ရွယ်ရဲတော့မည်မဟုတ်။
41:9 သူ့ကိုအနိုင်ရဖို့မျှော်လင့်သောသူသည် အမှားကြီးမှားလိမ့်မည်။ သူ့ကိုမြင်လိုက်ရုံနှင့် မေ့မျောလဲကျသွားမည်မဟုတ်လော။
41:10 သူ့ကို သွားဆွရဲလောက်အောင် မည်သူမျှသတ္တိမရှိ။ သို့ဖြစ်လျှင် ငါ့ကို ဆန့်ကျင်ပြီး မည်သူခံရပ်နိုင်မည်နည်း။
41:11 မည်သူသည် ငါ့ကို အလျင်ပေး၍ ငါပြန်ပြီးပေးရမည်နည်း။ မိုးကောင်းကင်အောက် ရှိသမျှတို့သည် ငါ့အပိုင် ဖြစ်၏။
41:12 လဝိသန်၏ခြေလက်အင်္ဂါအကြောင်း၊ ခွန်အားကြီးကြောင်း၊ ကိုယ်လုံးကိုယ်ထည်တောင့်တင်းကြောင်းကို ငါ မပြောပြဘဲ နေမည်မဟုတ်။
41:13 သူ၏အပေါ်ယံအရေခွံ ကို မည်သူခွာချွတ်နိုင်သနည်း။ ဇက်ကြိုးနှစ်ချောင်းဖြင့် သူ့ထံ မည်သူလာဝံ့သနည်း။
41:14 သူ့ခံတွင်းတံခါးကို မည်သူဖွင့်ဝံ့သနည်း။ ခံတွင်းထဲရှိသွားတန်းသည်လည်း ကြောက်မက်ဖွယ်ကောင်းလှ၏။
41:15 ချိတ်ပိတ်ထားသလို တစ်ခုနှင့်တစ်ခုပူးကပ်နေသော ဒိုင်းလွှားသဖွယ် သူ့အကြေးခွံများသည် သူ့အဖို့ ဂုဏ်မောက်စရာ ဖြစ်၏။
41:16 အကြေးခွံတို့ ပူးကပ်နေသောကြောင့် တစ်ခုနှင့်တစ်ခုကြားတွင် လေပင်မတိုးနိုင်။
41:17 တစ်ခုနှင့်တစ်ခု ထပ်နေ၏။ ခွာ၍မရနိုင်လောက်အောင်ကပ်နေကြ၏။
41:18 သူနှာချေလိုက်လျှင် အလင်းများဖြာထွက်၏။ သူ့မျက်လုံးများသည် အရုဏ်ဦးလင်းရောင်ခြည်နှင့်တူ၏။
41:19 ခံတွင်းထဲမှ မီးရှူးမီးပန်းများ ဖြာထွက်လာတတ်၏။ မီးပွားများ လွင့်ထွက်လာတတ်၏။
41:20 ဆူပွက်နေသောအိုး၊ မီးတောက်နေသောကျူရိုးတို့မှ မီးခိုးထွက်သကဲ့သို့ သူ့နှာခေါင်းထဲမှ မီးခိုးထွက်တတ်၏။
41:21 သူအသက်ရှူသောအခါ မီးသွေးခဲတို့ မီးတောက်သွားတတ်၏။ သူ့နှုတ်ထဲမှ မီးလျှံထွက်တတ်၏။
41:22 သူ့ခွန်အားသည် သူ့လည်ပင်း၌ ရှိ၏။ သူ့ရှေ့ရောက်သည်နှင့် ကြောက်လန့်၍ ပြန်ထွက်ပြေးရ၏။
41:23 သူ့အသားစိုင်တို့သည် ပူးကပ်လျက်ရှိ၍ မရွေ့မလျားနိုင်အောင် တောင့်တင်းမာကျောနေ၏။
41:24 သူ့စိတ်နှလုံးသည် ကျောက်ကဲ့သို့မာကျော၏။ အောက်ခံကြိတ်ဆုံကျောက်ကဲ့သို့ မာကျော၏။
41:25 သူထလိုက်ပြီဆိုလျှင် လူစွမ်းကောင်းများပင် ကြောက်လန့်သွားရ၏။ တဝုန်းဝုန်းအသံကြောင့် ကယောင်ချောက်ချားဖြစ်သွားကြရ၏။
41:26 သူ့ကို ဓားနှင့်တိုက်လျှင်လည်း အရာရောက်မည်မဟုတ်။ လှံတို၊ လှံရှည်၊ မြားတို့နှင့်လည်း ထိုနည်းတူပင်။
41:27 သူသည် သံကို ကောက်ရိုးကဲ့သို့လည်းကောင်း၊ ကြေးဝါကိုသစ်ဆွေးကဲ့သို့လည်းကောင်း ထင်မှတ်၏။
41:28 လေးမြားသည် သူ့ကို မထွက်ပြေးစေနိုင်။ လောက်စာလုံးသည်လည်း သူ့အဖို့ ရိုးပြတ်ကဲ့သို့သာ ဖြစ်၏။
41:29 သူသည် တင်းပုတ်ကိုလည်း ရိုးပြတ်ဟုသာထင်မှတ်ပြီး လှံကိုဝှေ့ယမ်းပြလျှင်ပင် လှောင်ရယ်တတ်၏။
41:30 သူ့ဝမ်းဘက်ပိုင်းသည် အိုးခြမ်းကွဲကဲ့သို့ အချွန်အတက်များပါရှိ၏။ ရွှံ့နွံပေါ်တွင် သူ့ကိုယ်ကိုဆန့်လိုက်သောအခါ ကောက်နယ်တလင်းပြားအရာကဲ့သို့ ထင်ကျန်ခဲ့၏။
41:31 ရေထုကြီးကိုပင် ရေနွေးအိုးကဲ့သို့ ဆူပွက်စေနိုင်၏။ ဆီအိုးမွှေသကဲ့သို့ ပင်လယ်ကို မွှေနှောက်တတ်၏။
41:32 သူသွားရာလမ်းတွင် ရေများဖွေးဖွေးလှုပ်ကျန်ခဲ့ပြီး ရေထုကြီးမှာ ဆံပင်ဖြူနေသယောင်ပင် ထင်ရ၏။
41:33 မြေကြီးပေါ်တွင် သူနှင့်နှိုင်းစရာ မရှိ။ သူသည် ကြောက်ရွံ့ခြင်းကင်းသောသတ္တဝါဖြစ်၏။
41:34 မာန်တက်သောသတ္တဝါများကို ခပ်မာမာပင် ပြန်ကြည့်တတ်၏။ သားရဲအပေါင်းတို့တွင် သူသည် ရှင်ဘုရင်ပင် ဖြစ်၏”ဟု မုန်တိုင်းထဲမှ မြွက်ဆိုတော်မူ၏။