Job 42
42:1 ထိုအခါ ယောဘက ထာဝရဘုရားအား
42:2 “ကိုယ်တော်သည် အရာခပ်သိမ်းကိုတတ်နိုင်တော်မူ၍ ကိုယ်တော်၏အကြံအစည်ကို မည်သူမျှ မဆီးတားနိုင်ကြောင်းကို အကျွန်ုပ်သိပါ၏။
42:3 ‘အသိဉာဏ်မရှိဘဲ အကြံအစည်တော်ကို မျက်ကွယ်ပြုသူကား မည်သူနည်း’ဟု ကိုယ်တော်မေးတော်မူပါ၏။ မှန်ပါ၏။ အကျွန်ုပ်နားမလည်သောအရာ၊ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်သောအရာ၊ အကျွန်ုပ်မသိနိုင်သောအရာများကို ပြောဆိုမိပါပြီ။
42:4 ယခု အကျွန်ုပ်လျှောက်ဆိုသည်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်မေးလျှောက်သည်များကို ဖြေကြားတော်မူပါ။
42:5 ကိုယ်တော့်အကြောင်းကို နားဖြင့်သာကြားဖူးခဲ့သော်လည်း ယခုမှာ အကျွန်ုပ်သည် ကိုယ်တော့်ကို မျက်မြင်ကိုယ်တွေ့ဖူးမြင်ရပါပြီ။
42:6 ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမိပါ၏။ နောင်တရလျက် မြေမှုန့်ထဲ၊ ပြာပုံထဲမှာ ထိုင်နေရပါ၏”ဟု လျှောက်လေ၏။
42:7 ဤသို့ ထာဝရဘုရားသည် ယောဘနှင့်စကားပြောဆိုပြီးမှ ထာဝရဘုရားက တေမန်အမျိုးသား ဧလိဖတ်အား “သင်နှင့်သင့်မိတ်ဆွေနှစ်ဦးတို့သည် ငါ့အစေအပါးယောဘကဲ့သို့ ငါ့အကြောင်းကို မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့ကို ငါအမျက်ထွက်၏။
42:8 ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။
42:9 ထိုအခါ တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သွား၍ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာကိုထောက်၍ လက်ခံတော်မူ၏။
42:10 မိတ်ဆွေများအတွက် ယောဘဆုတောင်းပေးပြီးနောက်တွင် ထာဝရဘုရားသည် ယောဘဆုံးရှုံးခဲ့ရသောဥစ္စာတို့ကို ပြန်ပေးတော်မူ၏။ ထာဝရဘုရားသည် ယောဘအား သူပိုင်ဆိုင်ခဲ့သမျှ၏နှစ်ဆကို ပြန်ပေးတော်မူ၏။
42:11 ထိုအခါ ယောဘ၏ညီအစ်ကိုမောင်နှမအပေါင်းတို့နှင့် ယခင်က သိကျွမ်းခဲ့သူအပေါင်းတို့သည် သူ့ထံသို့ရောက်လာ၍ သူ့အိမ်၌ အတူစားသောက်ကြ၏။ သူ့အား ထာဝရဘုရား ကြုံတွေ့စေသောဆင်းရဲဒုက္ခအပေါင်းတို့အတွက် သူ့ကို အားပေးနှစ်သိမ့်ကြ၏။ သူ့အား ငွေစတစ်စနှင့် ရွှေလက်စွပ်တစ်ကွင်းစီလည်း ပေးကြ၏။
42:12 ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
42:13 သူသည် သား ခုနစ်ယောက်၊ သမီး သုံးယောက်ကိုလည်း ရပြန်၏။
42:14 အကြီးဆုံးသမီးကို ယေမိမ၊ ဒုတိယသမီးကို ကေဇိ၊ တတိယသမီးကို ကေရင်္ဟပ္ပုတ်ဟု အမည်မှည့်ခေါ်၏။
42:15 တစ်ပြည်လုံးတွင် ယောဘ၏သမီးများကဲ့သို့ အဆင်းလှသောမိန်းမမျိုး တစ်ယောက်မျှမရှိ။ သူတို့၏ဖခင်သည် သူတို့အား အစ်ကိုများ၊ မောင်များကဲ့သို့ပင် အမွေပေး၏။
42:16 ယောဘသည် နှစ်ပေါင်းတစ်ရာ့လေးဆယ် ဆက်လက်အသက်ရှင်၍ သားမြေးမြစ် မျိုးဆက်လေးဆက်ကိုမြင်ရ၏။
42:17 ယောဘသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ ကွယ်လွန်သွားလေ၏။