Psalms 121
121:1 ငါသည် တောင်များဆီသို့ မျှော်ကြည့်၏။ ငါ့ကိုကူညီမစခြင်းအကြောင်းသည် မည်သည့်အရပ်မှလာသနည်း။
121:2 ငါ့ကိုကူညီမစခြင်းအကြောင်းသည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှလာ၏။
121:3 ကိုယ်တော်သည် သင်၏ခြေကိုချော်စေတော်မမူ။ သင့်ကို စောင့်ရှောက်တော်မူသောအရှင်သည် ငိုက်မျဉ်းခြင်းရှိတော်မမူ။
121:4 အကယ်စင်စစ် အစ္စရေးအမျိုးကို စောင့်ရှောက်တော်မူသောအရှင်သည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။
121:5 ထာဝရဘုရားသည် သင့်ကိုစောင့်ရှောက်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ယာဘက်၌ရှိသောအရိပ် ဖြစ်တော်မူ၏။
121:6 နေ့အချိန်၌ နေသည်လည်းကောင်း၊ ညအချိန်၌ လသည်လည်းကောင်း သင့်ကိုထိခိုက်မည်မဟုတ်။
121:7 ထာဝရဘုရားသည် ဘေးအန္တရာယ်အပေါင်းတို့မှ သင့်ကိုစောင့်ရှောက်တော်မူလိမ့်မည်။ သင်၏အသက်ကိုစောင့်ရှောက်တော်မူလိမ့်မည်။
121:8 ထာဝရဘုရားသည် သင်၏သွားခြင်း၊ လာခြင်းတို့ကို ယခုမှစ၍ ကာလအစဉ်အဆက် စောင့်ရှောက်တော်မူလိမ့်မည်။