Psalms 139
139:1 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။
139:2 အကျွန်ုပ်၏ထိုင်ခြင်းနှင့် ထခြင်းကို သိတော်မူ၏။ အကျွန်ုပ်၏အတွေးအကြံကို အဝေးကပင် သိနားလည်တော်မူ၏။
139:3 အကျွန်ုပ်၏သွားလာခြင်းနှင့် အိပ်စက်နားနေခြင်းကို ခွဲခြားသိမြင်တော်မူ၏။ အကျွန်ုပ်၏လမ်းခရီးရှိသမျှတို့နှင့်လည်း ကျွမ်းဝင်တော်မူ၏။
139:4 အကျွန်ုပ်၏နှုတ်၌ စကားတစ်ခွန်းမျှမရှိသော်လည်း အို ထာဝရဘုရား၊ ထိုစကားအလုံးစုံတို့ကို ကိုယ်တော်သိတော်မူ၏။
139:5 ကိုယ်တော်သည် အကျွန်ုပ်ကို ရှေ့နောက်မှကာဆီးပေး၍ အကျွန်ုပ်အပေါ်၌ လက်တော်ကိုတင်တော်မူ၏။
139:6 ထိုသို့သောအသိပညာသည် အကျွန်ုပ်အတွက်အံ့ဩဖွယ်ကောင်းလွန်းပါ၏။ မြင့်မားလှသည်ဖြစ်၍ အကျွန်ုပ်မမီနိုင်ပါ။
139:7 ကိုယ်တော်၏ဝိညာဉ်တော်မှလွတ်ရန် မည်သည့်အရပ်သို့ အကျွန်ုပ်သွားနိုင်ပါမည်နည်း။ ကိုယ်တော်၏ရှေ့တော်မှောက်မှလွတ်ရန် မည်သည့်အရပ်သို့ အကျွန်ုပ်ထွက်ပြေးနိုင်ပါမည်နည်း။
139:8 အကျွန်ုပ်သည် ကောင်းကင်သို့တက်လျှင် ထိုအရပ်၌ ကိုယ်တော်ရှိတော်မူ၏။ မရဏာနိုင်ငံ၌အိပ်ရာခင်းလျှင်လည်း ထိုအရပ်၌ ကိုယ်တော်ရှိတော်မူ၏။
139:9 အရုဏ်ဦး၏တောင်ပံတို့ကိုဆောင်ယူလျက် သမုဒ္ဒရာ၏အစွန်အဖျား၌ နေထိုင်လျှင်လည်း
139:10 ထိုအရပ်၌ ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုပို့ဆောင်လျက်၊ ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုဆွဲကိုင်လျက်ရှိပါလိမ့်မည်။
139:11 “အကယ်စင်စစ် အမှောင်သည် အကျွန်ုပ်ကိုဖုံးလွှမ်း၍ အကျွန်ုပ်ကိုဝန်းရံထားသောအလင်းသည် ညဖြစ်သွားလိမ့်မည်”ဟု အကျွန်ုပ်ဆိုလျှင်လည်း
139:12 ကိုယ်တော်အတွက် အမှောင်သည် မမှောင်ပါ။ ညသည် နေ့ကဲ့သို့လင်းပါ၏။ မှောင်မည်းခြင်းသည်လည်း အလင်းကဲ့သို့ဖြစ်ပါ၏။
139:13 အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကိုယ်ခန္ဓာအတွင်းပိုင်းတို့ကို ဖန်ဆင်း၍ အမိဝမ်းတွင်း၌ အကျွန်ုပ်ကိုဆက်စပ်ဖွဲ့စည်းတော်မူ၏။
139:14 အကျွန်ုပ်ကို ကြောက်ရွံ့အံ့ဩဖွယ်ကောင်းသော လက္ခဏာတို့ဖြင့် ဖန်ဆင်းတော်မူသည်ဖြစ်၍ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကောင်းစွာသိပါ၏။
139:15 အကျွန်ုပ်ကို မထင်ရှားသောအရပ်၌ ဖန်ဆင်း၍ မြေကြီး၏နက်သောအရပ်၌ ယှက်ဖွဲ့တော်မူသောအခါ အကျွန်ုပ်၏ကိုယ်ထည်အကြမ်းသည် ကိုယ်တော်၏ရှေ့တော်၌ ကွယ်ဝှက်၍မနေပါ။
139:16 ကိုယ်တော်၏မျက်စိတော်သည် ရုပ်လုံးမပေါ်သေးသောအကျွန်ုပ်၏ကိုယ်ခန္ဓာကို မြင်တော်မူ၏။ အကျွန်ုပ်အတွက် စီမံထားသောနေ့ရက်များ တစ်ရက်မျှမရှိမီကပင် ၎င်းတို့ကို ကိုယ်တော်၏စာစောင်၌ အကုန်အစင်ရေးသားထားပြီးဖြစ်ပါ၏။
139:17 အို ဘုရားသခင်၊ ကိုယ်တော်၏အတွေးအကြံတို့သည် အကျွန်ုပ်အတွက် တန်ဖိုးကြီးလှပါ၏။ ၎င်းတို့အားလုံး၏ပမာဏသည် များပြားလှပါ၏။
139:18 ထိုအတွေးအကြံတို့ကို ရေတွက်မည်ဆိုလျှင် သဲပွင့်များထက်မက များပြားကြပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်နှင့်အတူ ဆက်၍ရှိနေဦးမည်။
139:19 အို ဘုရားသခင်၊ ဆိုးယုတ်သောသူတို့ကို ကိုယ်တော် ကွပ်မျက်တော်မူလျှင် ကောင်းပေလိမ့်မည်။ သွေးဆာသောသူတို့၊ ငါ့ထံမှထွက်သွားကြလော့။
139:20 ထိုသူတို့သည် ကောက်ကျစ်သောသဘောဖြင့် ကိုယ်တော်ကိုဆန့်ကျင်ပြောဆိုကြပါ၏။ ကိုယ်တော်၏ရန်သူတို့သည် နာမတော်ကိုအလွဲသုံးစားပြုကြပါ၏။
139:21 အို ထာဝရဘုရား၊ ကိုယ်တော်ကိုမုန်းသောသူတို့ကို အကျွန်ုပ်မုန်းသည်မဟုတ်လော။ ကိုယ်တော်ကိုဆန့်ကျင်သောသူတို့ကိုလည်း အကျွန်ုပ် စက်ဆုပ်သည်မဟုတ်လော။
139:22 အကျွန်ုပ်သည် သူတို့ကိုအမုန်းကြီးမုန်းပါ၏။ အကျွန်ုပ်၏ရန်သူများအဖြစ် မှတ်ယူပါ၏။
139:23 အို ဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏စိတ်နှလုံးကို သိမြင်တော်မူပါ။ အကျွန်ုပ်ကိုစစ်ဆေး၍ အကျွန်ုပ်၏စိုးရိမ်ပူပန်မှုတို့ကို သိမြင်တော်မူပါ။
139:24 အကျွန်ုပ်သည် မှားယွင်းသောလမ်းသို့လိုက်သည်၊ မလိုက်သည်ကို ကြည့်ရှု၍ အကျွန်ုပ်ကို ထာဝရလမ်းထဲသို့ ပို့ဆောင်တော်မူပါ။