Library · my

Psalms 140

140:1 အို ထာဝရဘုရား​၊ ဆိုးညစ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။ ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို ကာကွယ်​တော်မူ​ပါ​။ 140:2 သူ​တို့​သည် စိတ်နှလုံး​ထဲ၌ မကောင်းမှု​များ​ကို ကြံစည်​လျက် စစ်ပွဲ​များ​ဖြစ်ပွား​အောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်​တတ်​ကြ​ပါ​၏​။ 140:3 သူ​တို့​သည် မိမိ​တို့​လျှာ​ကို မြွေ​၏​လျှာ​ကဲ့သို့ ချွန်ထက်​စေ​တတ်​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​အောက်​တွင် မြွေဆိုး​၏​အဆိပ်​ရှိ​ပါ​၏​။ 140:4 အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​စောင့်ရှောက်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ခြေ​ထိုး​ရန်​ကြံစည်​သည့် ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို​ကာကွယ်​တော်မူ​ပါ​။ 140:5 မောက်မာ​သော​သူ​တို့​သည် ကြိုး​များ​ဖြင့် အကျွန်ုပ်​အတွက်​ကျော့ကွင်း​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​ပါ​၏​။ သူ​တို့​သည် လမ်း​ပေါ်တွင်​ပိုက်ကွန်​ကို​ဖြန့်​ထား​လျက် အကျွန်ုပ်​အတွက် ထောင်ချောက်​များ​ဆင်​ထား​ကြ​ပါ​၏​။ 140:6 “​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင် ဖြစ်​တော်မူ​၏​”​ဟု ထာဝရဘုရား​အား အကျွန်ုပ်​လျှောက်ထား​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ 140:7 အကျွန်ုပ်​အတွက် ကယ်တင်​ခြင်း​အစွမ်းသတ္တိ​ဖြစ်​တော်မူ​သော အို ဘုရားရှင်​ထာဝရဘုရား​၊ စစ်တိုက်​ရ​သော​နေ့​တွင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ဦးခေါင်း​ကို အုပ်မိုး​ကွယ်ကာ​ပေး​တော်မူ​၏​။ 140:8 အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​၏​အလိုဆန္ဒ​ကို ဖြည့်ဆည်း​ပေး​တော်​မ​မူ​ပါ​နှင့်​။ သူ​၏​အကြံ​ကို​ထမြောက်​စေ​တော်​မ​မူ​ပါ​နှင့်​။ 140:9 အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​သော​သူ​တို့​သည် မာန်ထောင်​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​မှ​ထွက်​သော​မကောင်းကျိုး​သည် သူ​တို့​ကို​ဖုံးလွှမ်း​ကြ​ပါစေ​။ 140:10 မီးခဲ​များ​သည် သူ​တို့​အပေါ်​သို့​ကျရောက်​ပါစေသော​။ သူ​တို့​သည် မီး​ထဲသို့​လည်းကောင်း​၊ တွင်းနက်​ထဲသို့​လည်းကောင်း ပစ်ချ​ခြင်း​ခံရ​ပါစေသော​။ တစ်ဖန် မ​ထ​ကြ​ပါစေ​နှင့်​။ 140:11 သူတစ်ပါး​ကို​အသရေပျက်​အောင် ပြောဆို​သော​သူ​တို့​သည် မြေကြီး​ပေါ်၌ တည်မြဲ​ခြင်း​မ​ရှိ​ကြ​ပါစေ​နှင့်​။ ဘေးအန္တရာယ်​သည် ရက်စက်ကြမ်းကြုတ်​သော​သူ​ကို လိုက်​၍ နှိမ်နင်း​ဖျက်ဆီး​ပါစေသော​။ 140:12 ထာဝရဘုရား​သည် အဖိနှိပ်​ခံရ​သော​သူ​တို့​၏ အမှုကိစ္စ​ကို ဆောင်ရွက်​ပေး​၍ နွမ်းပါး​သော​သူ​တို့​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​တော်မူ​ကြောင်း ငါ​သိ​၏​။ 140:13 ဖြောင့်မတ်​သော​သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို အမှန်ပင်​ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ ဖြောင့်မှန်​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ နေထိုင်​ရ​ကြ​ပါ​လိမ့်မည်​။