Psalms 141
141:1 အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သောအခါ အကျွန်ုပ်၏အသံကိုစူးစိုက်နားထောင်တော်မူပါ။
141:2 အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော်၏ရှေ့တော်၌ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ အကျွန်ုပ်လက်ကိုမြှောက်ချီခြင်းသည် နေဝင်ချိန်၏ပူဇော်သက္ကာကဲ့သို့လည်းကောင်း မှတ်ယူခြင်းခံရပါစေသော။
141:3 အို ထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ကို ကင်းချပေးတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်ကြပ်တော်မူပါ။
141:4 အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ ဆိုးယုတ်သောအမှုတို့ကိုပြုစေရန် အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းမှုဘက်သို့တိမ်းညွတ်စေတော်မမူပါနှင့်။ ထိုသူတို့၏စားကောင်းသောက်ဖွယ်များကိုလည်း အကျွန်ုပ်မစားရပါစေနှင့်။
141:5 ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုရိုက်ပါစေသော။ ဤသည်ကား မေတ္တာကရုဏာထားရှိခြင်းဖြစ်ပါ၏။ အကျွန်ုပ်ကိုဆုံးမပါစေသော။ ဤသည်ကား ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါ၏။ ထို့အတွက် အကျွန်ုပ်၏ဦးခေါင်းသည် မငြင်းပါ။ အကြောင်းမူကား အကျွန်ုပ်သည် မကောင်းမှုပြုသောသူတို့ကို ဆက်၍ဆန့်ကျင်ဆုတောင်းနေပါမည်။
141:6 သူတို့ကိုစီရင်အုပ်ချုပ်သောသူတို့သည် ချောက်ကမ်းပါးအစွန်းမှ တွန်းချခြင်းခံကြရလိမ့်မည်။ ထိုအခါ အကျွန်ုပ်၏စကားများသည် နှစ်သက်ဖွယ်ကောင်းကြောင်း သူတို့ကြားသိကြလိမ့်မည်။
141:7 မြေကိုတူး၍ခွဲခြေလိုက်သကဲ့သို့ အကျွန်ုပ်တို့၏အရိုးများသည် မရဏာနိုင်ငံအဝင်ဝတွင် ပြန့်ကျဲလျက်ရှိကြပါ၏။
141:8 သို့သော် အို ဘုရားရှင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုမျှော်ကြည့်ပါ၏။ ကိုယ်တော်ကိုခိုလှုံပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ခိုကိုးရာမဲ့ဖြစ်စေတော်မမူပါနှင့်။
141:9 အကျွန်ုပ်အတွက် သူတို့ထောင်ထားသော ကျော့ကွင်းမှလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူတို့၏ ထောင်ချောက်မှလည်းကောင်း အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။
141:10 အကျွန်ုပ်သည် ထိုကျော့ကွင်းတို့ကို ကျော်လွန်သွားသောအခါ ဆိုးယုတ်သောသူတို့သည် မိမိတို့ထောင်ထားသော ကျော့ကွင်းထဲသို့ အတူတကွကျကြပါစေသော။