Psalms 2
2:1 တိုင်းနိုင်ငံတို့သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အချည်းနှီးသောအရာကို ကြံစည်ကြသနည်း။
2:2 ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
2:3 “သူတို့၏အချည်အနှောင်များကို ငါတို့ဖြတ်ကြစို့။ သူတို့ချည်သောကြိုးများကို ငါတို့ထံမှပယ်ရှားကြစို့”ဟု ဆိုကြ၏။
2:4 ကောင်းကင်ဘုံ၌ ထိုင်တော်မူသောအရှင်သည် ရယ်မောတော်မူ၏။ ဘုရားရှင်သည် သူတို့ကိုပြက်ရယ်ပြုတော်မူ၏။
2:5 ထို့နောက် ကိုယ်တော်သည် မိမိ၏အမျက်တော်ဖြင့် သူတို့ကိုမိန့်တော်မူ၍ မိမိ၏ပြင်းထန်သောအမျက်တော်ဖြင့် သူတို့ကိုထိတ်လန့်စေတော်မူကာ
2:6 “ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
2:7 ထာဝရဘုရား၏ပြဋ္ဌာန်းချက်ကို ငါပြောကြားမည်။ ကိုယ်တော်က “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကိုငါဖွားမြင်စေပြီ။
2:8 ငါ့ထံမှတောင်းလော့။ တောင်းလျှင် တိုင်းနိုင်ငံတို့ကို သင်၏အမွေအဖြစ် ငါပေး၍ ကမ္ဘာမြေအစွန်းတိုင်အောင် သင်၏ပိုင်ဆိုင်ရာဖြစ်စေမည်။
2:9 သင်သည် သံလှံတံဖြင့် သူတို့ကိုကျိုးပဲ့စေ၍ သူတို့ကို မြေအိုးကဲ့သို့ ရိုက်ခွဲလိမ့်မည်” ဟု ငါ့အား မိန့်တော်မူ၏။
2:10 ထို့ကြောင့် ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ ကမ္ဘာမြေကြီးပေါ်ရှိတရားစီရင်သူတို့၊ ပဲ့ပြင်ခြင်းကိုခံယူကြလော့။
2:11 ကြောက်ရွံ့သောစိတ်ဖြင့် ထာဝရဘုရား၏အမှုတော်ကို ဆောင်ရွက်ကြလော့။ ထိတ်လန့်တုန်လှုပ်လျက် ရွှင်လန်းကြလော့။
2:12 သားတော်ကိုနမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်သဖြင့် သင်တို့သည် လမ်း၌ပျက်စီးကြရလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်၏အမျက်တော်မီးသည် တစ်ခဏချင်းတွင်တောက်လောင်လိမ့်မည်။ ကိုယ်တော်ကိုခိုလှုံသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။