Library · my

Psalms 3

3:1 အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရန်သူ​တို့​သည် များပြား​လှ​ပါ​၏​။ များစွာ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက်​ထကြွ​ကြ​ပါ​၏​။ 3:2 များစွာ​သော​သူ​တို့​က “​ဘုရားသခင်​သည် သူ့​ကို​ကယ်တင်​မည်​မ​ဟုတ်​”​ဟု အကျွန်ုပ်​၏​စိတ်ဝိညာဉ်​နှင့်​ပတ်သက်၍ ပြောဆို​ကြ​ပါ​၏​။ 3:3 သို့သော် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဝန်းရံ​ထား​သော​ဒိုင်းလွှား​၊ အကျွန်ုပ်​၏​ဘုန်းအသရေ​နှင့် အကျွန်ုပ်​၏​ဦးခေါင်း​ကို ချီးမြှောက်​သော​အရှင်​ဖြစ်​တော်မူ​၏​။ 3:4 ငါ​သည် အသံ​ကို​လွှင့်​၍ ထာဝရဘုရား​ကို​ခေါ်​သောအခါ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သော​တောင်​တော်​ပေါ်မှ ငါ့​ကို​ထူး​တော်မူ​၏​။ 3:5 ထာဝရဘုရား​သည် ငါ့​ကို​ဖေးမ​တော်မူ​သောကြောင့် ငါ​သည် လဲလျောင်း​၍​အိပ်ပျော်​ရ​သော​အခွင့်​၊ နိုး​ရ​သော​အခွင့်​ကို​ရ​၏​။ 3:6 ငါ့​ကို​ဆန့်ကျင်​လျက် ပတ်လည်​မှ​သောင်းချီ​ဝိုင်းရံ​ထား​သော​လူ​တို့​ကို ငါ​ကြောက်​မည်​မ​ဟုတ်​။ 3:7 အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ အကယ်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​ရန်သူ​ရှိသမျှ​တို့​၏​ပါး​ကို​ရိုက်​၍ ဆိုးယုတ်​သော​သူ​တို့​၏​သွား​ကို ချိုး​တော်မူ​၏​။ 3:8 ကယ်တင်​ခြင်း​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။ ကိုယ်တော်​၏​ကောင်းချီးမင်္ဂလာ​သည် ကိုယ်တော်​၏​လူမျိုး​တော်​အပေါ် သက်ရောက်​ပါစေသော​။