Psalms 46
46:1 ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
46:2 ထို့ကြောင့် မြေကြီးသည် ပြောင်းလဲသွား၍ တောင်များသည် သမုဒ္ဒရာ၏အလယ်ဗဟိုသို့ ရွေ့သွားကြလျှင်ပင်လည်းကောင်း၊
46:3 ထိုသမုဒ္ဒရာ၏ရေတို့သည် ဟုန်းဟုန်းမြည်လျက် ပွက်ပွက်ထကာ တစ်ဟုန်ထိုးတက်လာ၍ တောင်များတုန်ခါကြလျှင်ပင်လည်းကောင်း ငါတို့သည် ကြောက်ရွံ့ကြမည်မဟုတ်။
46:4 မြစ်တစ်မြစ်ရှိ၏။ ၎င်း၏ရေစီးကြောင်းတို့သည် အမြင့်ဆုံးသောအရှင်၏ သန့်ရှင်းသောကိန်းဝပ်တော်မူရာတဲတော် တည်းဟူသော ဘုရားသခင်၏မြို့တော်ကို ဝမ်းမြောက်စေ၏။
46:5 ဘုရားသခင်သည် ထိုမြို့တော်အလယ်၌ ရှိတော်မူသည်ဖြစ်၍ ထိုမြို့တော်သည် တုန်လှုပ်မည်မဟုတ်။ နံနက်အချိန်ရောက်သောအခါ ဘုရားသခင်သည် ထိုမြို့တော်ကိုကူညီမစတော်မူလိမ့်မည်။
46:6 လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
46:7 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။
46:8 ကမ္ဘာမြေကြီးပေါ်တွင် ကြီးစွာသောပျက်စီးခြင်းများဖြစ်ပေါ်စေသည့် ထာဝရဘုရား၏အမှုတော်များကို လာ၍ကြည့်ရှုကြလော့။
46:9 ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။
46:10 “ငြိမ်ဝပ်စွာနေ၍ ငါသည်ဘုရားသခင်ဖြစ်ကြောင်း သိမှတ်ကြလော့။ ငါသည် လူမျိုးတကာတို့အလယ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။”
46:11 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။